Epstein ၏ လိင်ကုန်ကူးမှုကွန်ရက်နှင့်ပတ်သက်၍ သက်သေအထောက်အထား မတွေ့ရှိရကြောင်း FBI ထုတ်ပြန်ခဲ့သည်ဟု ဆို

News Image

  • Epstein ၏ လိင်ကုန်ကူးမှုကွန်ရက်နှင့်ပတ်သက်၍ သက်သေအထောက်အထား မတွေ့ရှိရကြောင်း FBI ထုတ်ပြန်ခဲ့သည်ဟု ဆို

နာမည်ပျက်ဖြင့် ကျော်ကြားခဲ့သည့် ဘဏ္ဍာရေးလုပ်ငန်းရှင် ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) သည် လိင်ကုန်ကူးမှုကွန်ရက်တစ်ခုကို နောက်ကွယ်မှ ကြိုးကိုင်လုပ်ဆောင်နေခဲ့သည်ဟူသော အထောက်အထားမျိုး FBI က မတွေ့ရှိခဲ့ကြောင်း Associated Press (AP) သတင်းဌာနက ဖော်ပြခဲ့သည်။

အက်ပ်စတိန်းသည် လိင်ကုန်ကူးမှုစွဲချက်များဖြင့် တရားရင်ဆိုင်ရန် စောင့်ဆိုင်းနေစဉ်အတွင်း ၂၀၁၉ ခုနှစ်တွင် နယူးယောက် အကျဉ်းထောင်ရှိ ၎င်း၏ အခန်းထဲ၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ ၎င်းသည် ၂၀၀၈ ခုနှစ်ကလည်း အရွယ်မရောက်သေးသူတစ်ဦးကို ပြည့်တန်ဆာအဖြစ် စည်းရုံးသိမ်းသွင်းမှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရဖူးသည်။ ၎င်း၏ သေဆုံးမှုကို ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုအဖြစ် သတ်မှတ်ခဲ့သော်လည်း ၎င်းနှင့် ပတ်သက်ဆက်နွှယ်နေသည့် သြဇာကြီးပုဂ္ဂိုလ်များအကြောင်း ထွက်ဆိုချက်များမပေးနိုင်စေရန် သတ်ဖြတ်ခံရခြင်းဖြစ်နိုင်သည်ဟူသော ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့သည်။

ပြီးခဲ့သည့်လတွင် အမေရိကန် တရားရေးဌာနသည် အက်ပ်စတိုင်း၏ ပိုင်ဆိုင်မှုများထဲမှ စာရွက်စာတမ်းပေါင်း ၃ သန်းကျော်၊ ဗီဒီယိုပေါင်း ၂,၀၀၀ ခန့်နှင့် ဓာတ်ပုံပေါင်း ၁၈၀,၀၀၀ တို့ကို ထုတ်ပြန်ခဲ့သည်။ ထိုအချက်အလက်များထဲတွင် Elon Musk၊ Bill Clinton နှင့် Bill Gates အပါအဝင် ထင်ရှားသော နိုင်ငံရေး၊ စီးပွားရေးနှင့် နည်းပညာနယ်ပယ်မှ ခေါင်းဆောင်များနှင့် ၎င်း၏ ဆက်ဆံရေးအသေးစိတ် အချက်အလက်များလည်း ပါဝင်နေသည်။

တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၈) က ထွက်ပေါ်လာသော AP သတင်းဆောင်းပါးအရ FBI သည် အက်ပ်စတိန်း၏ ဘဏ်စာရင်းများ၊ အီးမေးလ်များကို နှစ်ပေါင်းများစွာ စစ်ဆေးခဲ့ပြီး ၎င်း၏ပိုင်ဆိုင်မှုများကို ရှာဖွေခဲ့သော်လည်း "အဆိုပါ ဘဏ္ဍာရေးလုပ်ငန်းရှင်သည် သြဇာကြီးအမျိုးသားများအတွက် လိင်ကုန်ကူးမှုကွန်ရက်တစ်ခုကို ဦးဆောင်ခဲ့သည်ဟူသော သက်သေအထောက်အထား အလွန်နည်းပါးသည်" ဟု ဖော်ပြထားသည်။

တရားရေးဌာန၏ အတွင်းပိုင်းမှတ်တမ်းများကို ပြန်လည်သုံးသပ်ချက်အရ အရွယ်မရောက်သေးသော မိန်းကလေးငယ်များအပါအဝင် သားကောင်များကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် စော်ကားမှုများတွင် အက်ပ်စတိန်း နှင့် ၎င်း၏လက်တွဲဖော် Ghislaine Maxwell တို့ နှစ်ဦးတည်းတွင်သာ အပြစ်ရှိကြောင်းဖော်ပြသည့် သက်သေများကိုသာ ဖက်ဒရယ်အာဏာပိုင်များက တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု AP က ဆိုသည်။

၂၀၂၅ ခုနှစ် ဇူလိုင်လ ရက်စွဲပါ အီးမေးလ်တစ်ခုတွင် သားကောင်ဖြစ်ခဲ့ရသူ လေးဦး သို့မဟုတ် ငါးဦးခန့်သည် အခြားသော အမျိုးသား သို့မဟုတ် အမျိုးသမီးများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကိုခံခဲ့ရသည်ဟု FBI အေးဂျင့် များကထွက်ဆိုထားကြောင်း သိရှိရသည်။ သို့သော်လည်း AP သတင်းဌာန၏အဆိုအရ အဆိုပါပုဂ္ဂိုလ်များကို ဖက်ဒရယ်ဥပဒေဖြင့် တရားစွဲဆိုရန် လုံလောက်သော သက်သေအထောက်အထား မရှိခဲ့ပေ။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန် ရှေ့နေချုပ် Pam Bondi က အက်ပ်စတိန်း၏ "ဖောက်သည်စာရင်း (Client list)" မှာ "ယခုအချိန်တွင် သူမ၏ စားပွဲပေါ်၌ ရှိနေပြီ" ဟု ပြောကြားခဲ့သည်။ သို့သော်လည်း AP ၏ အဆိုအရ ထိုသို့ပြောကြားခြင်းမပြုမီ ရက်အနည်းငယ်အလိုတွင် FBI အထူးစုံစမ်းစစ်ဆေးရေးမှူးတစ်ဦးက "စုံစမ်းစစ်ဆေးမှုကာလ တစ်လျှောက်လုံးတွင် ထိုကဲ့သို့သော စာရင်းမျိုးကို ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ပါ" ဟု ရေးသားခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လတွင် အမေရိကန် တရားရေးဌာန (DOJ) က အာဏာပိုင်များသည် "ပြစ်မှုထင်ရှားစေမည့် ဖောက်သည်စာရင်း" မျိုး တစ်စုံတစ်ရာ မတွေ့ရှိခဲ့ကြောင်း တရားဝင် ထုတ်ပြန်ခဲ့သည်။ ထိုသို့ ရုတ်တရက် ရပ်တည်ချက်ပြောင်းလဲသွားမှုအပေါ် ရီပတ်ဘလီကန် လွှတ်တော်အမတ်များစွာနှင့် ထင်ရှားသော ဝေဖန်သုံးသပ်သူများ၏ ပြင်းပြင်းထန်ထန်တုံ့ပြန်မှုကို ခံခဲ့ရသည်။ အဆိုပါ ဖောက်သည်စာရင်း အမှန်တကယ်ရှိသည်ဟု ယခင်က ပြောကြားခဲ့ဖူးသော အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ကိုယ်တိုင်ကလည်း ယခုအခါ တရားရေးဌာန၏ ကောက်ချက်ကို ထောက်ခံလိုက်ပြီး သံသယရှိနေသူများကို "လူမိုက်များ (Stupid people)" ဟု ခေါ်ဝေါ်ကဲ့ရဲ့ခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂