အာတိတ်ဒေသတွင် ကြီးမားသော ရေနံသယံဇာတသိုက်အသစ် ရှာဖွေတွေ့ရှိကြောင်း ရုရှားကြေညာ
ရုရှားစွမ်းအင်ကုမ္ပဏီကြီး Gazprom Neft သည် ယာမယ်လ်ကျွန်းဆွယ် (Yamal Peninsula) ပေါ်တွင် အဆိုပါဒေသ၌ နှစ်ပေါင်း ၃၀ အတွင်း အကြီးမားဆုံးသော ရေနံသိုက်သစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကုမ္ပဏီ ၏ထုတ်ပြန်ချက်အရ သိရှိရသည်။
ရှာဖွေတွေ့ရှိမှုအသစ်သည် ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့ အရန်သိုက်များ တည်ရှိရာ Yamalo-Nenets ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အာတိတ် ဇုန်အတွင်း တည်ရှိပြီး၊ ၎င်းသည် သိသာထင်ရှားသော ရေနံအလားအလာရှိသည့် ဒေသလည်း ဖြစ်သည်။ သို့သော်လည်း ကျွန်းဆွယ် တစ်ခုလုံး နီးပါးသည် အမြဲတမ်းခဲနေသော မြေလွှာ (Permafrost) များဖြင့် ဖုံးလွှမ်းနေသောကြောင့် တွင်းတူးခြင်းနှင့် စူးစမ်းရှာဖွေခြင်းလုပ်ငန်းများမှာ စိန်ခေါ်မှုများပြားလှသည်။
ကုမ္ပဏီ၏အဆိုအရ ၎င်းရေနံသိုက်သည် ကျွန်းဆွယ်တောင်ဘက်ပိုင်းရှိ ကြီးမားသော ရေနံနှင့် ဓာတ်ငွေ့စုစုပေါင်းဧရိယာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ၎င်းကို 2D နှင့် 3D တုန်ခါမှုတိုင်းတာခြင်း (Seismic surveys) များ၊ ဘူမိဗေဒနှင့် ဟိုက်ဒရိုဒိုင်းနမစ် ပုံစံငယ်ပြုလုပ်ခြင်းများအပါအဝင် ၃ နှစ်ကြာ စူးစမ်းလေ့လာခဲ့ပြီးနောက် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၂.၇ ကီလိုမီတာ အနက်အထိ တူးဖော်ထားသော စမ်းသပ်တွင်းတစ်ခုမှဆာလဖာ ပါဝင်မှုနည်းပြီး စေးပျစ်မှုနည်းသော ရေနံ၊ ဓာတ်ငွေ့နှင့် ကွန်ဒန်ဆိတ် (Condensate) များ စီးထွက်လျက်ရှိသည်။ ဘူမိဗေဒဆိုင်ရာ အရန် သယံဇာတ ခန့်မှန်းခြေ တန်ချိန် ၅၅ သန်း ရှိကြောင်း ကုမ္ပဏီ၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ရေနံသိုက်ကို ရုရှား၏ ရေနံနှင့်ဓာတ်ငွေ့ဘူမိဗေဒ သိပ္ပံကျောင်းနှင့် အော်ဂဲနစ် ဘူမိဓာတုဗေဒဘာသာရပ်ကို တည်ထောင်သူ တစ်ဦး ဖြစ်သည့် Aleksey Kontorovich ကို အစွဲပြု၍ အမည်ပေးခဲ့သည်။ ဘူမိ ဗေဒတည်ဆောက်ပုံနှင့် ထုတ်လုပ်နိုင်စွမ်းအလားအလာကို ပိုမိုနားလည် စေရန်နှင့် ထုတ်ယူမည့်အစီအစဉ်ကိုရေးဆွဲနိုင်ရန်အတွက် ထပ်မံ၍ စူးစမ်း လေ့လာမှုများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။
"အဆိုပါရှာဖွေတွေ့ရှိမှုသည်ိ ပြီးခဲ့သည့် အနှစ် ၃၀ အတွင်း ယာမယ်လ် ဒေသအတွက် အကြီးမားဆုံးဖြစ်ပြီး၊ ကျွန်တော်တို့နိုင်ငံ၏ သယံဇာတ အရင်းအမြစ်များသည် အပြည့်အဝရှာဖွေစူးစမ်းရန် အလှမ်းဝေးနေသေး ကြောင်း အတည်ပြုပေးလိုက်တာပါပဲ" ဟု Gazprom Neft ၏ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ Aleksandr Dyukov က ဖေဖော်ဝါရီ ၁၁ ရက်နေ့ ထုတ်ပြန်ချက် တွင် ပြောကြားခဲ့သည်။ "အာတိတ်ဇုန်၊ ဆိုက်ဘေးရီး ယား အရှေ့ပိုင်းနှင့် တခြားသော နယ်မြေအများအပြားမှာ အလွန်ကြီးမားသည့် ဟိုက်ဒရိုကာဗွန်သိုက်သစ်တွေကို ရှာဖွေတွေ့ရှိရန် အခွင့်အလမ်းတွေ ကျန်ရှိနေပါ သေးသည်" ဟု ၎င်းက ဆိုသည်။
အာတိတ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးထားသည့် ရုရှားနိုင်ငံ၏ '၂၀၅၀ စွမ်းအင်မဟာဗျူဟာ' ရည်မှန်းချက်များပြည့်မီစေရန် အဆိုပါ စီမံကိန်းက ကူညီပေးလိမ့်မည်ဖြစ်ကြောင်း Dyukov က မှတ်ချက်ပြုခဲ့ပြီး ကုမ္ပဏီအနေဖြင့် လုပ်ငန်းလည်ပတ်နေသောဒေသအားလုံးတွင် ဘူမိ ဗေဒဆိုင်ရာစူးစမ်းလေ့လာမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။
ရုရှားနိုင်ငံတွင် ပြန်လည်ထုတ်ယူနိုင်သော အရန်သယံဇာတ တန်ချိန် ၃၀ မှ ၃၀၀ သန်းအတွင်း ရှိပါက ရေနံသိုက်ကို "အကြီးစား" ဟု သတ်မှတ် သော်လည်း ဥရောပနိုင်ငံ အများစုအတွက်မူ Kontorovich ကဲ့သို့သော ရေနံသိုက်အရွယ်အစားမှာ အလွန်တရာ ကြီးမားလှသည်။ ဥရောပနိုင်ငံ များစွာတွင်ရှိသမျှ စုစုပေါင်း အရန်သယံဇာတပမာဏသည်ပင်လျှင် အဆိုပါ ရေနံသိုက်တစ်ခုတည်းထက် အဆပေါင်းများစွာ သေးငယ်နေသည်။
ကိုးကား- RT
Photo: Polar Journal
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,