ဘန်ကောက်မြို့တွင် မြန်မာအမျိုးသမီးနှင့် ပြန်လည်အဆင်ပြေရန် ကြိုးပမ်းသည့် အမေရိကန်ခရီးသွားတစ်ဦး အရိုက်ခံရ၍ သေဆုံး၊ မြန်မာ ၄ ဦး ရဲတပ်ဖွဲ့ထံ အဖမ်းခံ

News Image

  • ဘန်ကောက်မြို့တွင် မြန်မာအမျိုးသမီးနှင့် ပြန်လည်အဆင်ပြေရန် ကြိုးပမ်းသည့် အမေရိကန်ခရီးသွားတစ်ဦး အရိုက်ခံရ၍ သေဆုံး၊ မြန်မာ ၄ ဦး ရဲတပ်ဖွဲ့ထံ အဖမ်းခံ

ဘန်ကောက်မြို့တွင် မြန်မာအမျိုးသမီးတစ်ဦးနှင့် လမ်းခွဲခဲ့ရသည့် ဆက်ဆံရေးကို ပြန်လည်စတင်ရန်ကြိုးပမ်းခဲ့သော အမေရိကန် ကမ္ဘာလှည့်ခရီးသွားတစ်ဦး အရိုက်ခံရ၍ သေဆုံးခဲ့ပြီးနောက် မြန်မာအမျိုးသား ၄ ဦးသည် ရဲတပ်ဖွဲ့ထံ အဖမ်းခံခဲ့ကြသည်။

တနင်္လာနေ့ (ဖေဖော်ဝါရီ ၁၆) ညနေ ၅ နာရီခန့်တွင် Chom Thong ခရိုင်၊ Phuttha Bucha 39 လမ်းဘေးရှိ အခင်းဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့ ရောက်ရှိသွားချိန်တွင် ဓားရှည်တစ်ချောင်း၊ သံပိုက်လုံးတစ်လုံးတို့ နှင့်အတူ မြန်မာအမျိုးသား ၄ ဦးမှာ စောင့်ဆိုင်းနေခဲ့ကြသည်။ ၎င်းတို့အနီးတွင် အသက် ၅၅ နှစ်အရွယ်ရှိ အမေရိကန်နိုင်ငံသား Cole Stein Heath ၏ ရုပ်အလောင်းကိုတွေ့ရှိခဲ့ရပြီး ၎င်း၏ခန္ဓာကိုယ်တွင် ဓားထိုးဒဏ်ရာ ၅ ချက် နှင့် ခြေထောက်နှစ်ဖက်စလုံး ကျိုးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

သံသယရှိသူများ၏ထွက်ဆိုချက်အရ ၎င်းတို့ထဲမှ တစ်ဦး၏ညီမဖြစ်သူ မြန်မာအမျိုးသမီးသည် Heath နှင့် လမ်းခွဲခဲ့ပြီးနောက် ၎င်းတို့နှင့်အတူ လာရောက်နေထိုင်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အမေရိကန် နိုင်ငံသားသည် လမ်းခွဲမှုကိုမကျေနပ်သဖြင့် ၎င်းတို့နှင့် အကြိမ်ကြိမ်စကားများခဲ့ပြီး ဆက်ဆံရေးပြန်လည်စတင်ရန် အမြဲတစေ ကြိုးပမ်းနေခဲ့ခြင်းဖြစ်သည်။

ယင်းနေ့ညနေပိုင်းတွင် အဆိုပါ အမေရိကန်အမျိုးသားသည် ဓားတစ်ချောင်းကိုင်ဆောင်ကာ ၎င်းတို့အလုပ်လုပ်ကိုင်ရာ သံတိုသံစဟောင်းဆိုင်သို့ ရောက်ရှိလာပြီး ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။ ၎င်းသည် ဓားဖြင့် ရောက်ရှိလာသည်ကို မြင်သောအခါ မြန်မာအမျိုးသားများကလည်း ၎င်းတို့၏ လက်နက်များဖြစ်သော ဓားနှင့်သံပိုက်များကို ယူဆောင်ကာ ပြန်လည် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အပြန်အလှန်ရန်ပွဲအတွင်း အမေရိကန်နိုင်ငံသားမှာ အသတ်ခံခဲ့ရခြင်းဖြစ်ကာ သံသယရှိသူ မြန်မာအမျိုးသားများထဲမှ တစ်ဦးတွင်လည်း ဓားဒဏ်ရာ ရရှိခဲ့သည်။ လက်ရှိတွင် ရဲတပ်ဖွဲ့က အဆိုပါအမှုကို ဆက်လက် စစ်ဆေးနေဆဲဖြစ်သည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး - ၂