စပိန်နိုင်ငံ၏ အမြင့်ဆုံးတရားရုံးက သမီးဖြစ်သူ၏ ဂုဏ်သိက္ခာရှိစွာ အသက်ဆုံးရှုံးခြင်း (Euthanasia) ကို တားဆီးရန် ဖခင်ဖြစ်သူ၏ လျှောက်ထားမှုကို ပယ်ချ

News Image

  • စပိန်နိုင်ငံ၏ အမြင့်ဆုံးတရားရုံးက သမီးဖြစ်သူ၏ ဂုဏ်သိက္ခာရှိစွာ အသက်ဆုံးရှုံးခြင်း (Euthanasia) ကို တားဆီးရန် ဖခင်ဖြစ်သူ၏ လျှောက်ထားမှုကို ပယ်ချ

စပိန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသည် အသက် ၂၅ နှစ်အရွယ် သမီးဖြစ်သူ၏ ဂုဏ်သိက္ခာရှိစွာ အသက်ဆုံးရှုံးခွင့် (Euthanasia) ကို တားဆီးရန် ဖခင်ဖြစ်သူ၏အယူခံဝင်မှုကို ပယ်ချလိုက်ပြီး နိုင်ငံ၏ ဥပဒေ ပြဋ္ဌာန်းချက်များအရ သူမ၏သေဆုံးခွင့်ကို အတည်ပြုပေးခဲ့သည်။

စပိန်နိုင်ငံသည် (Active Euthanasia) (ဝေဒနာရှင်တစ်ဦး၏ တောင်းဆိုချက် အရ သို့မဟုတ် ၎င်း၏ အကျိုးစီးပွားအတွက် ဆရာဝန် သို့မဟုတ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူက သေစေနိုင်သော ဆေးဝါးကို တိုက်ရိုက် ထိုးနှံပေးခြင်းဖြင့် အသက်ကို အဆုံးသတ်ပေးသည့် လုပ်ရပ်) နှင့် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်း (Assisted Suicide) တို့ကို တရားဝင် ခွင့်ပြုထားသည့် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံအချို့ထဲမှ တစ်နိုင်ငံ ဖြစ်သည်။ နယ်သာလန်၊ ဘယ်လ်ဂျီယံနှင့် လူဇင်ဘတ်နိုင်ငံတို့တွင်လည်း အဆိုပါ လုပ်ဆောင်ချက်နှစ်ခုလုံးကို တင်းကျပ်သော စည်းကမ်းချက်များ အောက်တွင်ခွင့်ပြုထားပြီး၊ သြစတြီးယားနှင့် ဂျာမနီနိုင်ငံတို့တွင်မူ အကန့်အသတ်ရှိသော အခြေအနေများ၌သာ ခွင့်ပြုထားသည်။

အဆိုပါဖြစ်စဉ်မှာ ဘာစီလိုနာမြို့မှ Noelia အမည်ရှိ အသက် ၂၅ နှစ် အရွယ် အမျိုးသမီးတစ်ဦး၏ လျှောက်ထားမှုဖြစ်ပြီး ၊ သူမသည် ၂၀၂၂ ခုနှစ်တွင် ဆေးအလွန်အကျွံသောက်ကာ ငါးထပ်တိုက်ပေါ်မှခုန်ချ၍ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်ခဲ့ရာမှ ခြေထောက်နှစ်ဖက် လေဖြတ်ကာ နာတာရှည်ဝေဒနာခံစားနေရသူဖြစ်ကြောင်း စပိန်မီဒီယာများက ဖော်ပြသည့် တရားရုံးမှတ်တမ်းများအရ သိရှိရသည်။ သူမ၏ ဒဏ်ရာကြောင့် ခြေနှစ်ဖက်စလုံး လေဖြတ်သွားခဲ့ပြီး ဝေဒနာအဆက်မပြတ် ခံစားနေရသည်ဟု ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်တွင် အထူးကု ဆေးဘက်ဆိုင်ရာ ကော်မရှင်တစ်ခုက အမျိုးသမီး၏ Euthanasia လျှောက်ထားမှုကို အတည်ပြုခဲ့ပြီး ဩဂုတ် လ ၂ ရက်နေ့တွင် ဆောင်ရွက်ရန် စီစဉ်ခဲ့သည်။ သို့သော် သူမ၏ဖခင်က သမီးဖြစ်သူတွင် စိတ်ကျန်းမာရေးပြဿနာနှင့် မသန်စွမ်းမှုများ ရှိနေခြင်းကြောင့် မှန်ကန်သော ဆုံးဖြတ်ချက်ချနိုင်စွမ်းကို ထိခိုက်စေသည်ဟု အကြောင်းပြကာ အယူခံဝင်၍ ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အောက်ခြေတရားရုံး အဆင့်ဆင့်က အမျိုးသမီး၏ ဆုံးဖြတ်ချက်ကိုသာ ထောက်ခံခဲ့ကြသည်။

သောကြာနေ့ (ဖေဖော်ဝါရီ ၂၀) တွင် ထုတ်ပြန်ခဲ့သည့် ဆုံးဖြတ်ချက်၌ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက လေဖြတ်နေသော အဆိုပါအမျိုးသမီးအား ဂုဏ်သိက္ခာရှိစွာ အသက်ဆုံးရှုံးခွင့်ပြုခဲ့သည့် အစောပိုင်း ဆုံးဖြတ်ချက်များတွင် အခြေခံရပိုင်ခွင့်များအား ချိုးဖောက်ထားခြင်းမရှိကြောင်း ဖော်ပြခဲ့ပြီး ပြည်တွင်းဥပဒေရေးရာ အငြင်းပွားမှုကို ထိရောက်စွာ အဆုံးသတ်ပေးခဲ့သည်။ အယူခံကို ပယ်ချလိုက်ပြီးနောက် မိသားစု၏ ရှေ့နေများက အဆိုပါကိစ္စကို ဥရောပလူ့အခွင့်အရေးတရားရုံး (European Court of Human Rights) သို့ ဆက်လက်တင်ပြသွားရန် အစီအစဉ် ရှိကြောင်း ကြေညာခဲ့သည်။

"မိမိတို့ Noelia ၏ အမှုကို စထရာဘတ် (Strasbourg) တရားရုံးအထိ တင်ပြသွားမှာပါ" ဟု Noelia ၏ ဖခင်ဘက်မှ ဥပဒေကြောင်းအရ ကိုယ်စားပြုဆောင်ရွက်ပေးနေသည့် ကက်သလစ် အဖွဲ့အစည်းတစ်ခုဖြစ်သော Christian Lawyers က တရားရုံးဆုံးဖြတ်ချက်အပေါ် မှတ်ချက်ပေးပြောကြားခဲ့သည်။ "မိမိတို့ သူမ၏အသက်ကို နောက်ဆုံးအချိန်အထိ ကာကွယ်သွားမှာပါ" ဟုလည်း ဆိုသည်။

စပိန်နိုင်ငံသည် ၂၀၂၁ ခုနှစ် ဇွန်လတွင် ဂုဏ်သိက္ခာရှိစွာ အသက် ဆုံးရှုံးစေခြင်း (Euthanasia) နှင့် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်း (Assisted Suicide) တို့ကို တရားဝင်ခွင့်ပြုခဲ့ပြီး ပြင်းထန်သော သို့မဟုတ် ကုသ၍မရနိုင်သော ဝေဒနာခံစားနေရသည့် လူကြီးများအနေဖြင့် ဆေးဘက်ဆိုင်ရာ အကူအညီဖြင့်သေဆုံးခွင့်ကို တောင်းခံခွင့်ပြုခဲ့သည်။ အစိုးရ၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်အတွင်း လူပေါင်း ၄၂၆ ဦးသည် Euthanasia နည်းလမ်းဖြင့် အသက်ဆုံးရှုံးခဲ့ကြပြီး ယင်းမှာ ဥပဒေစတင်ခွင့်ပြုခဲ့သည့် ပထမဆုံးနှစ်ဖြစ်သော ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၄၈ ရာခိုင်နှုန်းခန့် မြင့်တက်လာခြင်းဖြစ်သည်။

စပိန်နိုင်ငံတွင် ဂုဏ်သိက္ခာရှိစွာ အသက်ဆုံးရှုံးခွင့်အပေါ် လူထု၏ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုရှိသော်လည်း ယင်းဥပဒေကို အတည်ပြု ပြဋ္ဌာန်းခြင်းမှာ အငြင်းပွားစရာဖြစ်ခဲ့ပြီး လွတ်လပ်စွာ ပြုပြင်ပြောင်းလဲလိုသူများနှင့် အသက်ရှင်ခွင့်၏တန်ဖိုးကို လျော့ကျစေသည်ဟု ရှုမြင်ကြသည့် ကွန်ဆာဗေးတစ် နိုင်ငံရေးပါတီများနှင့် ကက်သလစ် အသင်းတော် အပါအဝင် ကန့်ကွက်သူများအကြား အချေအတင် ဆွေးနွေးမှုများကို ဖြစ်ပေါ်စေခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂