အစ္စရေးဘောလုံးပရိသတ်များအပေါ် ပိတ်ပင်မှုအပေါ် ဗြိတိန်အစိုးရ၏ တုံ့ပြန်ချက်က တင်းမာမှုများကို ပိုမိုမြင့်တက်စေခဲ့

News Image

  • အစ္စရေးဘောလုံးပရိသတ်များအပေါ် ပိတ်ပင်မှုအပေါ် ဗြိတိန်အစိုးရ၏ တုံ့ပြန်ချက်က တင်းမာမှုများကို ပိုမိုမြင့်တက်စေခဲ့

ယမန်နှစ်က ဘာမင်ဂမ်မြို့တွင်ကျင်းပခဲ့သည့် ယူရိုပါလိဂ်ပွဲစဉ်၌ အစ္စရေး ဘောလုံးကလပ် Maccabi Tel Aviv ပရိသတ်များကို ပိတ်ပင်ခဲ့သည့် ဗြိတိန်အစိုးရ၏တုံ့ပြန်ဆောင်ရွက်မှုသည် "တင်းမာမှုများကိုသာ ပိုမို ဆိုးရွားစေခဲ့သည်" ဟု ယူကေပါလီမန်အစီရင်ခံစာတစ်စောင်က ပြင်းထန်စွာ ဝေဖန်လိုက်သည်။ 

အဆိုပါ အစီရင်ခံစာအရ West Midlands ရဲတပ်ဖွဲ့ (WMP) သည် ပရိသတ်များကို ပိတ်ပင်ရန် အကြောင်းပြချက်ရှာရာတွင် အမှန်တကယ် မရှိခဲ့သည့် ဘောလုံးပွဲတစ်ခုကို ကိုးကားထားသော AI သတင်း အချက်အလက်အမှားများအပေါ် မှီခိုအားပြုခဲ့ကြောင်း ဖော်ပြထားသည်။ ပြည်ထဲရေးကော်မတီဥက္ကဋ္ဌ Karen Bradley က အစိုးရ၏ဝင်ရောက်စွက်ဖက်မှုသည် အစီအစဉ်မကျဘဲ အချိန်နှောင်းမှရောက်လာခြင်းဖြစ်ပြီး ယင်းလုပ်ရပ်သည် အခြေအနေကို ပိုမိုဆိုးရွားစေရုံသာရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းပိတ်ပင်မှုတွင် နိုင်ငံရေးလွှမ်းမိုးမှုများ ပါဝင်နေနိုင်ကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။ ဘာမင်ဂမ်မြို့ လူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်မှာ မွတ်စလင်ဘာသာဝင်များဖြစ်ပြီး ဂါဇာပဋိပက္ခကြောင့် ပါလက်စတိုင်းလိုလားသော သဘောထားများရှိနေချိန်တွင် အချို့သော ကောင်စီဝင်များသည် ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်ဖြင့် ဆုံးဖြတ်ချက် ချမှတ်မှုအပေါ်လွှမ်းမိုးရန် ကြိုးပမ်းခဲ့ကြသည်။

ရဲတပ်ဖွဲ့အနေဖြင့်လည်း ဒေသခံဂျူးလူမျိုးစုများနှင့် တိုင်ပင်ဆွေးနွေးရန် ပျက်ကွက်ခဲ့ပြီး ပရိသတ်များကို ပိတ်ပင်လိုက်ပါက လုံခြုံရေးကိုင်တွယ်ရ ပိုလွယ်ကူမည်ဟူသော "ပြီးစလွယ်" သဘောထားမျိုးဖြင့် ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည်။

အဆိုပါအရှုပ်တော်ပုံ၏ နောက်ဆက်တွဲအဖြစ် West Midlands ရဲတပ်ဖွဲ့၏ ရဲမင်းကြီး Craig Guildford သည် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။ ဗြိတိန်၏ စတုတ္ထအကြီးဆုံးဖြစ်သော အဆိုပါရဲတပ်ဖွဲ့သည် ယခင်ကလည်း သက်သေအထောက်အထားများ ကြားဖြတ်ပြင်ဆင်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် ဝန်ခံချက်အတုများ ရယူခြင်းစသည့် တာဝန်ဝတ္တရားပျက်ကွက်မှု ရာဇဝင်ဆိုးများ ရှိခဲ့ဖူးသည်။ ၁၉၈၉ ခုနှစ်တွင် အကျင့်ပျက်ခြစားမှုများကြောင့် ဖျက်သိမ်းခဲ့ရသည့် အကြီးစား ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့၏ ဖြစ်ရပ်များမှာလည်း အဆိုပါရဲတပ်ဖွဲ့၏ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော သမိုင်းကြောင်းများ ဖြစ်ကြသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂