အီရန်နိုင်ငံ၏ ဘာသာရေးခေါင်းဆောင်ကြီးများက ခါမေနီ လုပ်ကြံခံရမှုအတွက် လက်စားချေတုံ့ပြန်ကြရန် မူစလင်ဘာသာဝင်များကို အမိန့်ပေးညွှန်ကြား
အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) လုပ်ကြံခံရမှုအတွက် လက်စားချေသည့် အနေဖြင့် အမေရိကန်နှင့် အစ္စရေးတို့ကို ဂျီဟတ် (Jihad) ဆင်နွှဲကြရန် အီရန်ထိပ်တန်း ရှီးယိုက်ဘာသာရေးခေါင်းဆောင်တစ်ဦးက မူစလင်ဘာသာဝင် များကို အမိန့်ထုတ်ပြန်လိုက်သည်။
အစိုးရနှင့် ဆက်နွှယ်နေသော တာ့စ်နင် (Tasnim) သတင်းဌာန၏ ဖော်ပြချက်အရ အသက် ၉၉ နှစ်အရွယ်ရှိ ဂရန်းအယာတိုလာ မာကာရန် ရှီရာဇီ (Grand Ayatollah Makarem Shirazi) က ခါမေနီယီအတွက် လက်စားချေခြင်းသည် "အဆိုပါရာဇဝတ်ကောင်များ၏ ဆိုးယုတ်မှုကို ကမ္ဘာပေါ်မှ အမြစ်ပြတ်ချေမှုန်းရန် ကမ္ဘာတစ်ဝှမ်းရှိ မူစလင်အားလုံး၏ ဘာသာရေးတာဝန် ဖြစ်သည်" ဟု ပြောကြားခဲ့သည်။
အခြားထိပ်တန်း ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သူ အယာတိုလာ နောင်ရီ ဟာမေဒါနီ (Ayatollah Nouri Hamedani) ကလည်း ခါမေနီ၏ "သွေးကြွေးကို လက်စားချေရန်" မူစလင်အားလုံးတွင် တာဝန်ရှိကြောင်း ဖသ်ဝါ (Fatwa) ခေါ် ဘာသာရေးဆိုင်ရာ အမိန့်ညွှန်ကြားချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း တာ့စ်နင်သတင်းတွင် ဖော်ပြထားသည်။
ကိုးကား- CNN
Photo: Middle East Eye
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,