ကမ္ဘာ့အကြီးဆုံး ရွက်လွှင့်အပျော်စီးသင်္ဘောစမ်းသပ်မောင်းနှင်မှုအတွင်း အမြန်နှုန်းစံချိန်အသစ်တင်
ကမ္ဘာ့အကြီးဆုံး ရွက်လွှင့်အပျော်စီးသင်္ဘောဖြစ်လာမယ့် အရှည် ၇၂၁ ပေရှိတဲ့ Orient Express Corinthian ဟာ ပင်လယ်ပြင်စမ်းသပ်မောင်းနှင်မှုမှာ အမြန်နှုန်းစံချိန်အသစ်တင်နိုင်ခဲ့ပါတယ်။ ဒီသင်္ဘောဟာ လေတိုက်နှုန်း တစ်နာရီ ၂၃ မိုင်ရှိတဲ့အချိန်မှာ ရွက်လွှင့်အားသက်သက်နဲ့တင် တစ်နာရီ ၁၄ မိုင်နှုန်းအထိ ခရီးနှင်နိုင်တာဖြစ်ပြီး ဒါကဒီလောက်ကြီးတဲ့ သင်္ဘောတစ်စင်းအတွက် မကြုံဖူးတဲ့အမြန်နှုန်းလို့ ဆိုရမှာပါ။
အဆင့်မြင့် Solid Sail စနစ်ကို သုံးထားတဲ့ ဒီသင်္ဘောမှာ အမြင့်ပေ ၂၂၀ ကျော်ရှိကာဗွန်ဖိုက်ဘာရွက်တိုင် သုံးခုပါဝင်ပြီး လေဝင်လေထွက်ကောင်းအောင် ၃၆၀ ဒီဂရီလှည့်နိုင်သလို တံတားတွေအောက်က ဖြတ်တဲ့အခါမှာလည်း ရွက်တိုင်တွေကို ၇၀ ဒီဂရီအထိ တိမ်းစောင်းနှိမ့်ချနိုင်ပါတယ်။ ဒီနည်းပညာကို ၂၀၀၉ ခုနှစ်ကတည်းက စတင်ဖော်ဆောင်ခဲ့တာဖြစ်ပြီး နှစ်ပေါင်းများစွာ စမ်းသပ်ခဲ့တာပါ။ ခရီးသည် ၁၁၀ လိုက်ပါနိုင်မယ့် ဒီသင်္ဘောဟာ လေအားမလုံလောက်တဲ့အခါ LNG အင်ဂျင်ကို ပြောင်းသုံးနိုင်သလို ဝန်ဆောင်မှုပေးတဲ့အခါမှာတော့ အမြင့်ဆုံးအမြန်နှုန်း တစ်နာရီမိုင်၂၀ အထိ ရောက်ဖို့ မျှော်မှန်းထားပါတယ်။
အခုစမ်းသပ်မှုတွေအရ ဒီနည်းပညာဟာ အနာဂတ် သင်္ဘောတွေအတွက် ထိရောက်တဲ့ပုံစံတစ်ခုဖြစ်လာမှာပါ။
Ref: IE
ကိုထက်
MWD

,