အမေရိကန် လေယာဉ်တင်သင်္ဘော USS Gerald R. Ford ပေါ်တွင် မီးလောင်မှုဖြစ်ပွား

News Image

  • အမေရိကန် လေယာဉ်တင်သင်္ဘော USS Gerald R. Ford ပေါ်တွင် မီးလောင်မှုဖြစ်ပွား

New York Times သတင်းစာ၏ တနင်္လာနေ့ (မတ် ၁၆) ဖော်ပြချက်အရ အမေရိကန် လေယာဉ်တင်သင်္ဘော USS Gerald R. Ford ပေါ်ရှိ အဝတ်လျှော်ခန်းများတွင် ပြီးခဲ့သည့်သီတင်းပတ်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ၃၀ နာရီကျော်ကြာမြင့်ခဲ့ကြောင်းနှင့် သင်္ဘောပေါ်ရှိ တပ်ဖွဲ့ဝင် အများ အပြား မီးခိုးမွှန်ခဲ့ကြောင်း အမည်မဖော်လိုသည့် သင်္ဘောသားများနှင့် စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများကို ကိုးကား၍ ရေးသားထားသည်။

အမေရိကန်၏ အကြီးဆုံးစစ်သင်္ဘောပေါ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းကို ရေတပ်က ပြီးခဲ့သည့်သီတင်းပတ်ကထုတ်ပြန်ခဲ့ပြီး အဆိုပါ မီးကို ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိကြောင်းနှင့် သင်္ဘောသားနှစ်ဦး အသက်အန္တရာယ်မစိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း ပင်လယ်နီတွင် တာဝန်ထမ်းဆောင်နေသော တန်ချိန် တစ်သိန်းရှိ အဆိုပါသင်္ဘောကြီးပေါ်မှ တိုက်ခိုက်ရေး စစ်ဆင်မှုများသည် မီးလောင်မှုကြောင့် ထိခိုက်မှုမရှိခဲ့ကြောင်း ဆိုသည်။ သို့သော် ဒေါ်လာ ၁၃ ဘီလီယံတန်ဖိုးရှိ ထိုသင်္ဘောပေါ်ရှိ အမှုထမ်းများနှင့် လေကြောင်းတပ်ဖွဲ့ဝင် ၄,၅၀၀ ခန့်၏ အခြေအနေမှာ အဆင်မပြေမှုများစွာ ကြုံတွေ့နေရသည်။ မီးလောင်မှုကြောင့် သင်္ဘောသား ၆၀၀ ခန့် မှာ ၎င်းတို့၏ အိပ်စင်များ ဆုံးရှုံးခဲ့ရသဖြင့် စားပွဲများ သို့မဟုတ် ကြမ်းပြင်များပေါ်တွင် အိပ်စက်နေရကြောင်းနှင့် အများစုမှာ အဝတ်လျှော်ရန် အခက်အခဲဖြစ်နေကြောင်း နယူးယောက်တိုင်းမ်က ဖော်ပြခဲ့သည်။

နယူးယောက်တိုင်းမ်၏ သတင်းဖော်ပြချက်နှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ပါရှန်ကွေ့နှင့် ပင်လယ်နီဒေသကို တာဝန်ယူထားသည့် အမှတ်-၅ ရေတပ်စု (5th Fleet) ထံသို့ CNN က ဆက်သွယ်မေးမြန်းထားသည်။

ယခုဆိုလျှင် ၁၀ လမြောက်သို့ ရောက်ရှိလာပြီဖြစ်သော Ford သင်္ဘော၏ တာဝန်ထမ်းဆောင်မှုကာလအတွင်း သင်္ဘောရှိအိမ်သာများ ချို့ယွင်းသည့် ပြဿနာများလည်း ဆက်တိုက်ကြုံတွေ့နေရသည်။ အဆိုပါ ပြဿနာများနှင့်ပတ်သက်၍ NPR က ဇန်နဝါရီလတွင် ပထမဆုံး သတင်းဖော်ပြခဲ့ပြီး လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ပြင်ပမှရေပိုက်ပြင်ဆင်ရေး အကူအညီများကို အကြိမ်ပေါင်းများစွာခေါ်ယူခဲ့ရကာ ယခုလက်ရှိ တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်းမှာပင် အနည်းဆုံး ၁၂ ကြိမ်ခန့် ခေါ်ယူခဲ့ရသည်။

ပြီးခဲ့သည့် ဇွန်လက ဗာဂျီးနီးယားပြည်နယ်၊ နော်ဖော့ခ် (Norfolk) ဆိပ်ကမ်းမှ ထွက်ခွာလာပြီးနောက် Ford သင်္ဘောသည် အတ္တလန္တိတ် သမုဒ္ဒရာကိုဖြတ်ကျော်၍ မြေထဲပင်လယ်သို့ လည်းကောင်း၊ ထိုမှတစ်ဆင့် အတ္တလန္တိတ်ကို တစ်ဖန်ပြန်ဖြတ်၍ ဗင်နီဇွဲလားနိုင်ငံရှိ စစ်ဆင်ရေး များကို အထောက်အကူပြုရန် ကာရေဘီယံပင်လယ်သို့လည်းကောင်း သွားရောက်ခဲ့ပြီး ယခုအခါ အရှေ့အလယ်ပိုင်းသို့ ပြန်လည်ရောက်ရှိ နေခြင်း ဖြစ်သည်။

အကယ်၍ ယခု တာဝန်ထမ်းဆောင်မှုသည် ဧပြီလလယ်အထိ ဆက်လက် ကြာမြင့်မည်ဆိုပါက ဗီယက်နမ်စစ်ပွဲနောက်ပိုင်း အမေရိကန် လေယာဉ်တင် သင်္ဘောတစ်စင်း၏ သက်တမ်းအရှည်ဆုံး တာဝန်ထမ်းဆောင်မှု ဖြစ်လာ မည်ဟု နယူးယောက်တိုင်းမ်က ဖော်ပြထားသည်။

ကိုးကား- CNN

Photo: The New York Times

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂