ဟန်ဂေရီအပေါ် ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ ယူကရိန်းသမ္မတ ဇီလန်စကီးကို EU ထိပ်သီးခေါင်းဆောင်များ ပြင်းထန်စွာ ဝေဖန်

News Image

  • ဟန်ဂေရီအပေါ် ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ ယူကရိန်းသမ္မတ ဇီလန်စကီးကို EU ထိပ်သီးခေါင်းဆောင်များ ပြင်းထန်စွာ ဝေဖန်

ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးက ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်အပေါ် မကြာသေးမီကပြုလုပ်ခဲ့သော ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ ဥရောပကောင်စီဥက္ကဋ္ဌ အန်တိုနီယို ကော်စတာက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက်သည်။ ယူကရိန်းအတွက်ပေးအပ်မည့် ယူရို ၉၀ ဘီလီယံ (ဒေါ်လာ ၁၀၅ ဘီလီယံ) တန်ဖိုးရှိ အရေးပေါ်ချေးငွေကို ဟန်ဂေရီက ဗီတိုအာဏာသုံး ပိတ်ပင်ခဲ့မှုအပေါ် ဇီလန်စကီးက တုံ့ပြန်ရာတွင် ၎င်း၏စစ်တပ်ကို စေလွှတ်၍ EU အတွင်းရှိ "ပုဂ္ဂိုလ်တစ်ဦး" (အော်ဘန်ကို ရည်ညွှန်းခြင်းဖြစ်ကြောင်း အားလုံးက နားလည်ထားကြသည်) နှင့် "စကားပြောခိုင်း" လိုက်မည်ဟု ယခုလ အစောပိုင်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဥရောပကောင်စီဥက္ကဋ္ဌ အန်တိုနီယို ကော်စတာက တနင်္လာနေ့ (မတ် ၁၆) တွင် European Newsroom နှင့် တွေ့ဆုံစဉ် ပြောကြားရာ၌ ဘရပ်ဆဲလ် အနေဖြင့် ယူကရိန်းနှင့် အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိသော်လည်း ထိုကဲ့သို့ပြောဆိုမှုမျိုးမှာ လုံးဝလက်ခံနိုင်ဖွယ်မရှိကြောင်း ဆိုသည်။ ၎င်းက "စိတ်လှုပ်ရှားနေသည့် အခိုက်အတန့်မှာပင် ဖြစ်စေကာမူ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်ခု၏ခေါင်းဆောင်တစ်ဦးကို မလျော်မကန် ပြောဆို ဆက်ဆံခြင်းမျိုးကို မိမိတို့ လုံးဝလက်မခံနိုင်ပါ" ဟု အတိအလင်း ပြောကြားခဲ့သည်။ အလားတူပင် ပြီးခဲ့သည့်သီတင်းပတ်ကလည်း ဥရောပကော်မရှင် ပြောရေးဆိုခွင့်ရှိသူ Olof Gill က ဇီလန်စကီး၏ ပြောဆိုပုံမှာ လက်ခံနိုင်ဖွယ်မရှိကြောင်းနှင့် EU အဖွဲ့ဝင်နိုင်ငံများကို ခြိမ်းခြောက်မှုများ မပြုလုပ်သင့်ကြောင်း သတိပေးခဲ့သည်။ သို့သော်လည်း EU ခေါင်းဆောင်များဘက်က အဆိုပါခြိမ်းခြောက်မှုအတွက် ယူကရိန်း အပေါ် မည်သို့သော အရေးယူဆောင်ရွက်မှုမျိုး ပြုလုပ်မည်ကိုမူ ထည့်သွင်း ပြောကြားခြင်း မရှိသေးပေ။

ဟန်ဂေရီဝန်ကြီးချုပ် အော်ဘန်ကမူ ဇီလန်စကီး၏ စကားများသည် "နိုင်ငံရေး လူမိုက်ဆန်မှု" နှင့် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ခြိမ်းခြောက်ငွေညှစ်မှုဖြစ်သည်ဟု ခေါ်ဆိုခဲ့ပြီး EU အနေဖြင့် ထိုက်တန်သော ပြစ်တင်ရှုတ်ချမှုမပြုလုပ်ခြင်းမှာ သစ္စာဖောက်မှုပင်ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။ ၎င်းက လာမည့်ရွေးကောက်ပွဲမတိုင်မီ ဟန်ဂေရီအစိုးရကို မတည်မငြိမ်ဖြစ်စေရန် EU အဖွဲ့ကြီးသည် ယူကရိန်းနှင့် ပူးပေါင်းကြံစည်နေသည်ဟုပင် စွပ်စွဲထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အခြားဥရောပခေါင်းဆောင်များဖြစ်ကြသော ဆလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘတ် ဖီကို၊ ချက်နိုင်ငံ ဝန်ကြီးချုပ် အန်ဒရေး ဘာဘစ် နှင့် ဂျာမနီ အတိုက်အခံခေါင်းဆောင် အဲလစ် ဝေဒယ် အစရှိသည့် နိုင်ငံရေးသမား အများအပြားကလည်း ဇီလန်စကီး၏ ရိုင်းစိုင်းသော ပြောဆိုချက်များကို ရှုတ်ချခဲ့ကြပြီး EU ခေါင်းဆောင်များအနေဖြင့် ထိုပြောဆိုချက်များအပေါ် ပြတ်ပြတ်သားသား သီးခြားခွဲထွက်၍ ရပ်တည်ကြရန် တိုက်တွန်းခဲ့ကြသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂