အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ထိုင်းနိုင်ငံသို့ ပျံသန်းမည့် လေယာဉ်ခရီးစဉ်ပေါင်း ၁,၀၀၀ ခန့် ဖျက်သိမ်း
ပြီးခဲ့သည့်လကုန်ပိုင်းတွင် အရှေ့အလယ်ပိုင်း၌ စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ ဦးတည်ပျံသန်းမည့် လေယာဉ်ခရီးစဉ်ပေါင်း ၁,၀၀၀ ခန့် ဖျက်သိမ်းခဲ့ရကြောင်း ထိုင်းလေကြောင်းထိန်းသိမ်းရေးအဖွဲ့ (Aerothai) အရ သိရှိရသည်။
Aerothai ၏ အဆိုအရ ဖျက်သိမ်းလိုက်သော ခရီးစဉ်များအနက် ၆၀၀ ခန့်မှာ သုဝဏ္ဏဘူမိလေဆိပ်သို့ ဆိုက်ရောက်ရမည့်ခရီးစဉ်များဖြစ်ပြီး ၄၀၀ ခန့်မှာ ဖူးခက်လေဆိပ်သို့ ဆိုက်ရောက်ရန် လျာထားသည့် ခရီးစဉ်များဖြစ်ကြောင်း သိရှိရသည်။
ထို့အပြင် ကရာဘီ၊ ချင်းမိုင်နှင့် ဒွန်မောင်းလေဆိပ်များတွင်လည်း လေကြောင်းခရီးစဉ် ဖျက်သိမ်းမှုများ ရှိခဲ့သည်။ အဆိုပါ ဖျက်သိမ်းလိုက်သော ခရီးစဉ် အရေအတွက်သည် ကာလတူအတွင်း ပျံသန်းသည့် စုစုပေါင်း နိုင်ငံတကာ ခရီးစဉ်အရေအတွက်၏ ၃ ရာခိုင်နှုန်းခန့် ရှိသည်။
အရှေ့အလယ်ပိုင်းပဋိပက္ခ၊ လေကြောင်းပိုင်နက်များ ပိတ်ထားရမှုနှင့် ဆက်လက်ဖြစ်ပွားနေသော စွမ်းအင်အကျပ်အတည်းများကြောင့် လေကြောင်း လိုင်းများက လက်မှတ်ခစျေးနှုန်းများ မြှင့်တင်ခဲ့ရပြီး ခရီးသွားလာမှုလိုအပ်ချက်ကို လျော့ကျစေခဲ့သည်။ ထို့ကြောင့် ယခုနှစ်အတွင်း လေကြောင်း ကဏ္ဍသည် ယမန်နှစ်ကထက် ၃ ရာခိုင်နှုန်းခန့်သာ တိုးတက်နိုင်တော့မည်ဖြစ်ရာ တိုးတက်မှုနှုန်းအကန့်အသတ်ဖြင့်သာရှိတော့မည် ဖြစ်ကြောင်း Aerothai က ခန့်မှန်းထားသည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,