နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) က လောင်စာဆီဈေးနှုန်း မြင့်တက်လာမှု၏ သက်ရောက်မှုများကို လျှော့ချနိုင်ရန်အတွက် အိမ်မှနေ၍ အလုပ်လုပ်ကြရန်နှင့် လေကြောင်းခရီးစဉ်များကိုရှောင်ကြဉ်ကြရန် တိုက်တွန်း

News Image

  • နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) က လောင်စာဆီဈေးနှုန်း မြင့်တက်လာမှု၏ သက်ရောက်မှုများကို လျှော့ချနိုင်ရန်အတွက် အိမ်မှနေ၍ အလုပ်လုပ်ကြရန်နှင့် လေကြောင်းခရီးစဉ်များကိုရှောင်ကြဉ်ကြရန် တိုက်တွန်း

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် စွမ်းအင်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို စားသုံးသူများ သက်သာစေရန်အတွက် နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) က အကြံပြုချက် (၁၀) ချက်ကို ထုတ်ပြန်ခဲ့သည်။ ၎င်းတို့အနက် အိမ်မှနေ၍ အလုပ်လုပ်ခြင်း၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်များကို အသုံးပြုခြင်းနှင့် လေကြောင်းခရီးစဉ်များကို ရှောင်ကြဉ်ခြင်းတို့ ပါဝင်သည်။

သောကြာနေ့ (မတ် ၂၀) က ထုတ်ပြန်ခဲ့သည့် IEA ၏ အစီရင်ခံစာသစ်အရ ထိုအစီအမံများကို ကမ္ဘာတစ်ဝန်းရှိ အစိုးရများ၊ စီးပွားရေးလုပ်ငန်း များနှင့် အိမ်ထောင်စုများက လျင်မြန်စွာ လက်တွေ့ အကောင်အထည်ဖော်ရန် ရေးဆွဲထားခြင်းဖြစ်ပြီး ကမ္ဘာ့ရေနံလိုအပ်ချက်၏ ၄၅ ရာခိုင်နှုန်း ခန့်ရှိသော ကုန်းလမ်းသယ်ယူပို့ဆောင်ရေးကဏ္ဍကို အဓိက ဦးတည်ထားခြင်းဖြစ်သည်။

IEA ၏ အမှုဆောင်ညွှန်ကြားရေးမှူး Fatih Birol က ယခုစစ်ပွဲသည် ကမ္ဘာ့ရေနံစျေးကွက်သမိုင်းတွင် အကြီးမားဆုံးသော ရေနံပေးဝေမှု ပြတ်တောက်မှုကိုဖြစ်ပေါ်စေကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ယခုအစီအမံများသည် စားသုံးသူများကို အဆိုပါအကျပ်အတည်း၏ ရိုက်ခတ်မှုများမှ ကာကွယ်ပေးနိုင်မည့် ချက်ချင်းလက်ငင်းနှင့် ခိုင်မာသော နည်းလမ်းများ" ဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အဓိက အကြံပြုချက်များမှာ အောက်ပါအတိုင်းဖြစ်သည်- 

အိမ်မှနေ၍ အလုပ်လုပ်ခြင်း- ဖြစ်နိုင်ခြေရှိသည့် နေရာတိုင်းတွင် အိမ်မှ နေ၍ အလုပ်လုပ်ရန်။

အရှိန်လျှော့မောင်းနှင်ခြင်း- အဝေးပြေးလမ်းမကြီးများပေါ်တွင် မော်တော်ယာဉ် မောင်းနှင်သည့်အရှိန်နှုန်းကို တစ်နာရီလျှင် အနည်းဆုံး ၁၀ ကီလိုမီတာ လျှော့ချရန်။

သယ်ယူပို့ဆောင်ရေး- အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်များကို အသုံးပြုခြင်း သို့မဟုတ် ကားတစ်စီးတည်းကို လူအများမျှဝေ စီးနင်းခြင်း (Car Sharing) ပြုလုပ်ရန်။

မြို့ကြီးများတွင် ကားအသုံးပြုမှု လျှော့ချခြင်း- မြို့ကြီးများ၏ လမ်းမများပေါ်တွင် ကိုယ်ပိုင်ကားအသုံးပြုမှုကို ရက်အလှည့်ကျစနစ်ဖြင့် ကန့်သတ်ရန်။

လေကြောင်းခရီးစဉ်များ ရှောင်ကြဉ်ခြင်း- အခြားရွေးချယ်စရာ ခရီးသွားလာမှုပုံစံများ ရှိပါက လေကြောင်းခရီးစဉ်များကို ရှောင်ကြဉ်ရန်။

ချက်ပြုတ်မှုပုံစံ ပြောင်းလဲခြင်း- လျှပ်စစ်မီးဖိုများ အသုံးပြုခြင်းကဲ့သို့သော အခြားအစားထိုး ချက်ပြုတ်နည်းစနစ်များကို ပြောင်းလဲအသုံး ပြုရန်။

ကိုးကား- CNN

Photo: Arab News

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂