အမေရိကန်၏ ကျူးကျော်ဝင်ရောက်လာနိုင်ခြေအတွက် ကျူးဘား အသင့်ရှိနေကြောင်း နိုင်ငံခြားရေး ဒုတိယဝန်ကြီး ပြောကြား

News Image

  • အမေရိကန်၏ ကျူးကျော်ဝင်ရောက်လာနိုင်ခြေအတွက် ကျူးဘား အသင့် ရှိနေကြောင်း နိုင်ငံခြားရေးဒုတိယဝန်ကြီး ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကျူးဘားကျွန်းကို တစ်နည်းနည်းဖြင့် သိမ်းပိုက်မည့်အကြောင်း ပြောဆိုခဲ့ပြီးနောက် ဖြစ်ပေါ်လာနိုင်သည့် မည်သည့်စစ်ရေးကျူးကျော်မှုကိုမဆို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တုံ့ပြန်ရန်အသင့်ရှိကြောင်း ကျူးဘား နိုင်ငံခြားရေး ဒုတိယဝန်ကြီး ကားလို့စ် ဖာနန်ဒက်စ် ဒီ ကိုစီယို (Carlos Fernandez de Cossio) က NBC သတင်းဌာနသို့ ပြောကြားခဲ့သည်။ ၎င်းက ကျူးကျော်မှုတစ်ခုဖြစ်လာရန် ဖြစ်နိုင်ခြေနည်းသော်လည်း ကြိုတင်ပြင်ဆင်မှုမရှိဘဲ မနေသင့်ကြောင်းနှင့် ထိုသို့သောကျူးကျော်မှုသည် မည်သည့်ခိုင်လုံသော အကြောင်းပြချက်မျှ ရှိမည်မဟုတ်ကြောင်း အလေးပေးဆိုခဲ့သည်။

လက်ရှိတွင် ကျူးဘားနိုင်ငံသည် အမေရိကန်၏ ရေနံပိတ်ဆို့မှုများကြောင့် ဆိုးရွားသော စီးပွားရေးအကျပ်အတည်းနှင့်ရင်ဆိုင်နေရပြီး ပြီးခဲ့သည့် သီတင်းပတ်ကပင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်မီးပြတ်တောက်မှုများဖြစ်ပေါ်ကာ လူဦးရေ ၁၁ သန်းခန့် အခက်အခဲကြုံတွေ့ခဲ့ရသည်။ 

အမေရိကန် အစိုးရသည် ကျူးဘားသမ္မတ မီဂွယ် ဒီယက်စ်-ကာနယ် (Miguel Diaz-Canel) ရာထူးမှဆင်းပေးရန်အတွက် ကုန်သွယ်ရေး ကန့်သတ်ချက်များ လျှော့ချပေးမည့် အစိုးရအပြောင်းအလဲဆိုင်ရာကမ်းလှမ်းမှုများကို စဉ်းစားနေသည်ဟု သတင်းများ ထွက်ပေါ်နေသော် လည်း ကျူးဘားဘက်ကမူ အဆိုပါအချက်ကို လုံးဝလက်ခံမည်မဟုတ်ကြောင်း ပြတ်သားစွာ ငြင်းဆိုထားသည်။

သမ္မတ ဒေါ်နယ်ထရမ့်က ကျူးဘား၏ ရုရှား၊ တရုတ်၊ အီရန်တို့နှင့် ဆက်ဆံရေးများအပြင် ပါလက်စတိုင်းလိုလားသော အဖွဲ့များနှင့်ပတ်သက်မှုများကို အကြောင်းပြ၍ ယခုကဲ့သို့ စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဟာဗားနားအစိုးရကမူ အမေရိကန်၏ ဖိအားပေးမှုများသည် အပြည်ပြည်ဆိုင်ရာဥပဒေအရ တရားမဝင်ကြောင်းပြစ်တင်ရှုတ်ချထားပြီး တင်းမာမှုများလျှော့ချရန် ဝါရှင်တန်နှင့် ဆွေးနွေးမှုအချို့ကို စတင်ပြုလုပ်လျက်ရှိသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂