အီရန်၏ ကလတ်စတာဗုံးများကြောင့် အစ္စရေးလေကြောင်းရန်ကာကွယ်ရေးစနစ်အပေါ် တဲလ်အဗစ်ဒေသခံများအကြား စိုးရိမ်မှုနှင့် ယုံကြည်မှု အားပြိုင်နေ

News Image

  • အီရန်၏ ကလတ်စတာဗုံးများကြောင့် အစ္စရေးလေကြောင်းရန်ကာကွယ်ရေးစနစ်အပေါ် တဲလ်အဗစ်ဒေသခံများအကြား စိုးရိမ်မှုနှင့် ယုံကြည်မှု အားပြိုင်နေ

အီရန်၏ ကလတ်စတာဗုံး (Cluster munitions) အသုံးပြုမှု မြင့်တက်လာခြင်းနှင့်အတူ အစ္စရေး၏ လေကြောင်းရန်ကာကွယ်ရေးစနစ်သည် စိန်ခေါ်မှုအသစ်များနှင့်ရင်ဆိုင်နေရပြီး တယ်အဗစ်မြို့ခံများအကြားတွင်လည်း လုံခြုံရေးနှင့်ပတ်သက်၍ အမြင်အမျိုးမျိုး ကွဲပြားလျက်ရှိသည်။ မကြာသေးမီက တယ်အဗစ်မြို့လယ်ရှိ ဟာဘီမာရင်ပြင် (Habima Square) အနီးသို့ ကလတ်စတာဗုံးစများ ကျရောက်ခဲ့ခြင်းနှင့် ဒီမိုနာ၊ အာရတ်မြို့များတွင် ဒုံးကျည်အချို့ ကြားဖြတ်ဟန့်တားမှုကိုဖောက်ထွက်သွားနိုင်ခြင်းတို့ကြောင့် ဒေသခံအချို့က ကာကွယ်ရေးစနစ်၏ ထိရောက်မှုအပေါ် ပြန်လည်သုံးသပ်လာကြခြင်း ဖြစ်သည်။

အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်အရ ၎င်းတို့၏ လေကြောင်းရန်ကာကွယ်ရေးစနစ်သည် ၉၀ ရာခိုင်နှုန်းကျော် အောင်မြင်မှုနှုန်း ရှိနေဆဲဖြစ်သော်လည်း ကလတ်စတာဗုံးကဲ့သို့သော လက်နက်အမျိုးအစားသစ်များကို အလုံးစုံဟန့်တားနိုင်ခြင်းမရှိသည့်အပေါ် စိုးရိမ်မှုများရှိနေသည်။ အသက် ၆၇ နှစ်အရွယ် အာဗီယတ်အမည်ရှိ မြို့ခံတစ်ဦးက "ဒီစနစ်က ကလတ်စတာဗုံးတွေကို ကြားဖြတ်မဟန့်တားနိုင်ဘူး၊ ဒါဟာ ကံစမ်းနေရ သလိုပဲ" ဟု ပြောဆိုကာ လက်ရှိအခြေအနေကို Russian Roulette ကစားပွဲ နှင့် နှိုင်းယှဉ်ပြခဲ့သည်။ ထို့အတူ အချို့သော မြို့ခံများသည် ညဘက်တွင် အိမ်၌မအိပ်ဘဲ ပိုမိုခိုင်ခံ့သည့် မြေအောက်ကားပါကင်များသို့ သွားရောက်အိပ်စက်ခြင်းဖြင့် ဘေးကင်းအောင် ကြိုးပမ်းနေကြသည်။

သို့သော်လည်း အခြားတစ်ဖက်တွင် အပြုသဘောဆောင်သည့် အမြင်များလည်း ရှိနေသည်။ မြို့ခံအမျိုးသမီးတစ်ဦးဖြစ်သူ ဂျနီဖာက ကလတ်စတာဗုံး များသည် ပေါက်ကွဲအားနည်းသဖြင့် Safe Room အတွင်း ခိုလှုံနေသရွေ့ ပို၍ပင်ဘေးကင်းသည်ဟု ခံစားရကြောင်း ဆိုသည်။ အလားတူပင် ဒေသခံအများစုက မည်သည့်စနစ်မျှ ၁၀၀ ရာခိုင်နှုန်း ပြည့်စုံနိုင်ခြင်းမရှိကြောင်း လက်ခံထားကြပြီး စစ်တပ်အနေဖြင့် ဖြစ်ပေါ်လာသည့် ချို့ယွင်းချက်များမှတစ်ဆင့် သင်ခန်းစာယူကာ ရှေ့လျှောက်ထိခိုက်မှုနည်းအောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။ လက်ရှိတွင် တဲလ်အဗစ်မြို့ခံများသည် စိုးရိမ်မှုများကြားမှပင် အစိုးရ၏ ညွှန်ကြားချက်များကိုလိုက်နာကာ ပုံမှန်လူနေမှုဘဝအတိုင်း ဆက်လက် နေထိုင်လျက်ရှိကြသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

News Video