အီရန်ရေနံပိတ်ဆို့မှု လျှော့ပေါ့ပေးခြင်းသည် စစ်ပွဲအပေါ် သက်ရောက်မှုရှိမည်မဟုတ်ကြောင်း ဒေါ်နယ်ထရမ့် ပြောကြား
သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နိုင်ငံ၏ရေနံသိုလှောင်မှုအချို့အပေါ် ပိတ်ဆို့အရေးယူမှုများ လျှော့ပေါ့ပေးရန် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ၎င်း၏ သဘောထားကို တနင်္လာနေ့ (မတ် ၂၃) တွင် ထုတ်ဖော် ပြောကြားခဲ့သည်။ ထရမ့်က အဆိုပါလုပ်ရပ်သည် လက်ရှိဖြစ်ပွားနေသော စစ်ပွဲအပေါ် တစ်စုံတစ်ရာ ထူးခြားသော ပြောင်းလဲမှု ဖြစ်ပေါ်စေလိမ့်မည်မဟုတ်ကြောင်းနှင့် ပိုမိုဆိုးရွားလာနေသည့် ကမ္ဘာ့စွမ်းအင် အကျပ်အတည်း ကို ဖြေရှင်းရန်အတွက် ရေနံထောက်ပံ့မှုကွင်းဆက်ကိုမြှင့်တင်ရန်သာ ရည်ရွယ်ခြင်းဖြစ်ကြောင်း အလေးပေး ပြောဆိုခဲ့သည်။
CNN သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက “ကျွန်တော် ကတော့ ကမ္ဘာ့စနစ်ထဲမှာ ရေနံကို တတ်နိုင်သမျှ အများဆုံး ရှိနေစေချင်တာပါ” ဟု ပြောကြားခဲ့ပြီး ရေနံစီးဆင်းမှု ကဏ္ဍကို ချောမွေ့စေလိုသည့် ၎င်း၏ ဆန္ဒကို အတည်ပြုခဲ့သည်။
ယခင် သမ္မတဟောင်း ဘားရတ်အိုဘားမားက နျူကလီးယား သဘော တူညီချက်အရ အီရန်သို့ ငွေကြေးများ လွှဲပြောင်းပေးခဲ့မှုကို ၎င်းက ယခင်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်တွင်မူ ပိတ်ဆို့မှုလျှော့ပေါ့ပေးခြင်းကြောင့် အီရန်အစိုးရရရှိမည့် ငွေကြေးပမာဏမှာ အလွန်နည်းပါးပြီး စစ်ပွဲအပေါ်သက်ရောက်မှုရှိမည်မဟုတ်ကြောင်း ခုခံပြောဆိုခဲ့သည်။
ထို့ပြင် ထရမ့်က အီရန်အနေဖြင့် အဆိုပါရေနံမှရရှိသည့် ငွေကြေးများကို အမှန်တကယ် လက်ဝယ်ရရှိရန်မှာလည်း အလွန်ခက်ခဲလိမ့်မည်ဟု သုံးသပ်ခဲ့သည်။ ထရမ့်၏မူဝါဒမှာ နိုင်ငံရေးအရဖိအားပေးမှုထက် ကမ္ဘာ့စွမ်းအင် ဈေးကွက်တည်ငြိမ်ရေးနှင့် ရေနံစီးဆင်းမှုချောမွေ့စေရေးကို ပိုမို ဦးစားပေးသည့် သဘောထားကို ပြသနေကြောင်း တွေ့ရှိရပါသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,