တောင်အာဖရိက ကမ်းလွန်ရေနံတူးဖော်ရေးစီမံကိန်းအပေါ် ပြင်သစ်စွမ်းအင်ကုမ္ပဏီကြီး TotalEnergies တရားရင်ဆိုင်နေရ

News Image

  • တောင်အာဖရိက ကမ်းလွန်ရေနံတူးဖော်ရေးစီမံကိန်းအပေါ် ပြင်သစ် စွမ်းအင်ကုမ္ပဏီကြီး TotalEnergies တရားရင်ဆိုင်နေရ

ပြင်သစ်စွမ်းအင်ကုမ္ပဏီကြီး Total Energies က တောင်အာဖရိက အနောက်ဘက်ကမ်းရိုးတန်းမှ ကီလိုမီတာ ၂၀၀ ခန့်အကွာရှိ Deep Western Orange Basin တွင်လုပ်ဆောင်မည့် ရေနက်ပိုင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးစီမံကိန်းသည် လက်ရှိတွင် ဥပဒေကြောင်းအရ ကန့်ကွက်မှုများနှင့်ရင်ဆိုင်နေရပြီး တောင်အာဖရိကတရားရုံးက စီရင်ချက်ချမှတ်ရန် ပြင်ဆင်နေသည်။ 

အဆိုပါအမှုကို Aukotowa ငါးလုပ်ငန်းသမဝါယမအသင်း၊ The Green Connection နှင့် Natural Justice အဖွဲ့တို့ကပူးပေါင်း၍ စီမံကိန်း၏ ပတ်ဝန်းကျင်ဆိုင်ရာခွင့်ပြုချက်ကို ပယ်ဖျက်ပေးရန် တရားစွဲဆိုထားခြင်းဖြစ်သည်။ တရားလိုများ၏ တင်ပြချက်အရ အဆိုပါစီမံကိန်းအတွက်ခွင့်ပြုချက်ရယူခဲ့သည့် လုပ်ငန်းစဉ်သည် ချို့ယွင်းချက်များစွာရှိနေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အမျိုးသားပတ်ဝန်းကျင်စီမံခန့်ခွဲမှုအက်ဥပဒေ (NEMA) နှင့် နိုင်ငံ၏ ရာသီဥတုဆိုင်ရာကတိကဝတ်များကို ချိုးဖောက်နေကြောင်း သိရှိရသည်။ 

ထို့ပြင် တူးဖော်ရေးလုပ်ငန်းများကြောင့် ရေလုပ်သားမိသားစုများ၏ စားဝတ်နေရေးနှင့် ကမ်းရိုးတန်းဒေသခံများ၏ ရပိုင်ခွင့်များထက် ကော်ပိုရေးရှင်းကြီးတစ်ခု၏ အကျိုးစီးပွားကိုသာ ရှေ့တန်းတင်ထားကြောင်း စွပ်စွဲထားကြသည်။

အထူးသဖြင့် ရေနံတွင်းပေါက်ကွဲမှုကြောင့် ရေနံဖိတ်စင်မှုဖြစ်ပွားပါက ပင်လယ်ရေပြင်ဂေဟစနစ်အား ကာလရှည်ကြာစွာ ပျက်စီးစေနိုင်ပြီး ပင်လယ်ရေပြင်အသုံးပြုသူများ၊ စီးပွားဖြစ်နှင့် အသေးစား ငါးဖမ်းလုပ်ငန်းများအပေါ် သက်ရောက်မှုမှာ အလွန်မြင့်မားသည့် အဆင့်တွင်ရှိကြောင်း တရားလိုများက ထောက်ပြထားသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် တရားရုံးအား ရှားပါးသည့် “အစားထိုးအမိန့်” (Substitution Order) ချမှတ်ပေးရန် တောင်းဆိုထားပြီး အစိုးရဌာနများထံ လုပ်ငန်းစဉ် ပြန်လည်လွှဲပြောင်းပေးမည့်အစား တရားရုံးကိုယ်တိုင်ကပင် လုပ်ငန်းခွင့်ပြုချက်ကို တိုက်ရိုက်ငြင်းပယ်ပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။

လတ်တလောတွင် တရားလိုများသည် သတ္တုနှင့် ရေနံအရင်းအမြစ်ဌာန ညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြုချက်ပေးသည့် ဆုံးဖြတ်ချက်နှင့် ၎င်းတို့၏ အယူခံများကိုပယ်ချခဲ့သည့် ဝန်ကြီး၏ ဆုံးဖြတ်ချက်နှစ်ခုလုံးကို ပြန်လည် သုံးသပ်ပြီး ပယ်ဖျက်ပေးရန် တရားရုံး၏ အမိန့်ကို တောင်းခံထား ကြသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂