ကိုကာကိုလာအတု ထုတ်လုပ်သည့် စက်ရုံတစ်ခုကို ရုရှားအာဏာပိုင်များ ဝင်ရောက်စီးနင်း
ရုရှားအာဏာပိုင်များသည် ကိုကာကိုလာ (Coca-Cola) အချိုရည်အတုများ ထုတ်လုပ်နေသည့် စက်ရုံတစ်ခုကို ဝင်ရောက်စီးနင်းခဲ့သည်။ ယူကရိန်းပဋိပက္ခကြောင့် အဆိုပါ အမေရိကန်ကုမ္ပဏီသည် ရုရှားနိုင်ငံအတွင်း ၎င်း၏ လုပ်ငန်းများကို တရားဝင်ရပ်ဆိုင်းထားသော်လည်း အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းလာသည့် မူရင်းကိုကာကိုလာ ထုတ်ကုန်များကိုမူ ဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနေဆဲ ဖြစ်သည်။
အဆိုပါ စီးနင်းမှုကို စမားလျန့်စ်ခ်ဒေသ (Smolensk Region) ရှိ ရုဒ်ညာ (Rudnya) မြို့တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့သည် နှစ်လီတာဆံ့ ကာဗွန်နိတ်အချိုရည်တု ပလတ်စတစ်ဘူးပေါင်း ၄၉,၀၀၀ ခန့်ကို သိမ်းဆည်း ရမိခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီရီနာ ဗို့လ်ခ် (Irina Volk) က ကြာသပတေးနေ့ (မတ် ၂၆) တွင် ထုတ်လုပ်ရေး လုပ်ငန်းခွင် ဗီဒီယိုဖိုင်ကိုထုတ်ပြန်ခဲ့ပြီး ယင်းဗီဒီယိုဖိုင်တွင် ကိုကာကိုလာ တံဆိပ်များကို ရှင်းလင်းစွာ မြင်တွေ့ရသည်။
တာဝန်ရှိသူများ၏ ပြောကြားချက်အရ အဆိုပါစက်ရုံသည် ဘူးခွံများကို ကိုယ်တိုင်ထုတ်လုပ်ကာ အဇာဘိုင်ဂျန်၊ ဘယ်လာရုစ်နှင့် ဂျော်ဂျီယာ နိုင်ငံတို့တွင် ထုတ်လုပ်သည်ဟု လိမ်လည်ဖော်ပြထားသော ဘူးအဖုံးများ နှင့်တံဆိပ်များကို အသုံးပြုခဲ့ကြသည်။ ထိုတရားမဝင်လုပ်ငန်းကြောင့် အမှတ်တံဆိပ်ပိုင်ရှင်ထံတွင် အမေရိကန်ဒေါ်လာ ၇၃,၀၀၀ ခန့် ထိခိုက် နစ်နာမှုရှိခဲ့ကြောင်း ခန့်မှန်းရသည်။ ဗို့လ်ခ်သည် ကုမ္ပဏီအမည်ကို အတိအကျ ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ဗီဒီယိုဖိုင်တွင် ကိုကာကိုလာအမှတ်တံဆိပ်ကို အထင်အရှား မြင်တွေ့နေရသည်။
ကိုကာကိုလာကုမ္ပဏီသည် ၂၀၂၂ ခုနှစ်တွင် အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများနှင့် ကုမ္ပဏီ၏ ဂုဏ်သိက္ခာပိုင်းဆိုင်ရာစိုးရိမ်မှုများကြောင့် ရုရှားတွင် ထုတ်လုပ်မှုများကို ရပ်ဆိုင်းခဲ့သည်။ သို့သော်လည်း အခြားသော အနောက်နိုင်ငံကုမ္ပဏီကြီးများကဲ့သို့ပင် ကိုကာကိုလာသည် ကုန်အမှတ် တံဆိပ်လိုင်စင်များကို ဆက်လက်သက်တမ်းတိုးပေးထားပြီး ပြီးခဲ့သည့်နှစ်တွင် ကိုကာကိုလာနှင့် စပရိုက် (Sprite) တို့အတွက် ဆယ်နှစ် သက်တမ်းတိုးမှုကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် ရုရှားစားသုံးသူများသည် အခြားနိုင်ငံတကာ ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် ပက်ပ်စီ (PepsiCo) နှင့် ဆက်နွှယ်နေသော အချိုရည်များအပါအဝင် အလားတူအရသာရှိသော အခြားအချိုရည်မျိုးစုံကို ဝယ်ယူရရှိနိုင်ဆဲဖြစ်သည်။ ဝေဖန်သူအချို့ကမူ ကုမ္ပဏီကြီးနှစ်ခုစလုံးသည် ထုတ်ကုန်များကို အမည်ပြောင်းခြင်းနှင့် ပိုင်ဆိုင်မှုပုံစံ ပြောင်းလဲခြင်းတို့ဖြင့် ရုရှားဈေးကွက်အတွင်း ထိရောက်စွာဆက်လက်ရပ်တည်နေဆဲ ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး (၂)

,