စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲ၊ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင် ပြသ
ကျောက်ဆည် မတ် ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၁ နာရီက မုန့်ပေါင်း ကျေးရွာ “အလင်းသစ်” စာကြည့်တိုက်၌ စာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲ၊ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင် ပြသခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီ က နွေရာသီအားလပ်ရက်များတွင် အချိန်ကိုကောင်းစွာအသုံးချသည့် အနေဖြင့် စာအုပ်များ ရှာဖွေ ဖတ်ရှုကြစေလိုကြောင်းနှင့် စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ပုံပြောပြိုင်ပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲများပြုလုပ်ခဲ့ရာ မုံပေါင်းကျေးရွာမှ မူလတန်းကြိုကျောင်းမှ ကျောင်းသား/ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအပြီးတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
