BBC သတင်းဌာန နောက်ထပ်ကာမရာဂဆိုင်ရာ အရှုပ်တော်ပုံတစ်ခုတွင် ပါဝင်ပတ်သက်နေ
BBC သတင်းဌာန၏ နာမည်ကြီးတင်ဆက်သူတစ်ဦးအပေါ် ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုလုပ်ခဲ့သည်ဆိုသော စွပ်စွဲချက်များထွက်ပေါ်လာပြီးနောက် BBC သည် နောက်ထပ် အရှုပ်တော်ပုံတစ်ခုနှင့် ရင်ဆိုင်နေရပြန်သည်။
တနင်္လာနေ့ (မတ် ၃၀) တွင် အဆိုပါ ဗြိတိန်အစိုးရပိုင်ရုပ်သံဌာနက ၎င်းတို့၏ Radio 2 Breakfast Show ကြယ်ပွင့် Scott Mills ကို “ပုဂ္ဂိုလ်ရေးဆိုင်ရာ အပြုအမူများနှင့်ပတ်သက်သည့် စွပ်စွဲချက်များကြောင့်” အလုပ်ထုတ်ပယ်လိုက်ကြောင်း အတည်ပြုခဲ့သည်။ သို့သော် အသေးစိတ်ကိုမူ ဆက်လက် ပြောကြားခြင်း မရှိပေ။
Sky News ၏ ဖော်ပြချက်အရ အဆိုပါ BBC တင်ဆက်သူသည် ယူကေ ၏ ကာမသဘောတူညီခွင့်ရှိသည့် အသက်အပိုင်းအခြား (Age of Consent) အောက်ဖြစ်သော အသက် ၁၆ နှစ်အောက် ကလေးငယ်တစ်ဦးကို ယခင်က လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်များ ဖြင့် စုံစမ်းစစ်ဆေးခံနေရခြင်းဖြစ်သည်။
လန်ဒန်ရဲတပ်ဖွဲ့ (Metropolitan Police) သည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် “ဆယ်ကျော်သက်ကောင်လေးတစ်ဦးအပေါ် ပြင်းထန်သော လိင်ပိုင်းဆိုင်ရာပြစ်မှုများ ကျူးလွန်ခဲ့သည်ဟူသော စွပ်စွဲချက်များ” နှင့်ပတ်သက်၍ စတင်စုံစမ်းစစ်ဆေးခဲ့ကြောင်း အဆိုပါသတင်းဌာနက ရဲတပ်ဖွဲ့၏ပြောကြားချက်ကို ကိုးကား၍ အင်္ဂါနေ့ (မတ် ၃၁) တွင် ဖော်ပြခဲ့သည်။ အဆိုပါ ကျူးလွန်ခဲ့သည်ဆိုသော ပြစ်မှုများသည် ၁၉၉၇ ခုနှစ် နှင့် ၂၀၀၀ ပြည့်နှစ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ဒီစုံစမ်းစစ်ဆေးမှုတွေရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ အဲဒီအချိန်က အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လမှာ ရဲတပ်ဖွဲ့ က ခေါ်ယူစစ်ဆေးခဲ့ပါတယ်” ဟု Sky News က ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့ပြီး အထောက်အထား မလုံလောက်မှုကြောင့် အဆိုပါစုံစမ်းစစ်ဆေးမှုကို နောက်ပိုင်းတွင်ရပ်ဆိုင်းခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,