အသက် ၂၃ နှစ်အရွယ် ယူကရိန်းဒုက္ခသည် Iryna Zarutska ကို ဓားဖြင့် ထိုးသတ်ခဲ့သည်ဟု စွပ်စွဲခံထားရသော အိုးမဲ့အိမ်မဲ့အမျိုးသားတစ်ဦးမှာ တရားရင်ဆိုင်ရန် မသင့်လျော်ဟု ဆုံးဖြတ်ခြင်းခံရပြီးနောက် ၎င်းအပေါ် စွဲဆိုထားသည့်အမှုများ ပလပ်ခံရနိုင်ဖွယ်ရှိကြောင်း၊ ၎င်း၏ရှေ့နေက တင်သွင်းခဲ့သည့် လျှောက်ထားလွှာကိုကိုးကား၍ အမေရိကန် မီဒီယာအချို့က ဖော်ပြခဲ့ကြသည်။ ၎င်းကို ယခင်က ဖက်ဒရယ်ဂျူရီအဖွဲ့(Federal Grand Jury) က စွဲချက်တင်ခဲ့ခြင်းဖြစ်ပြီး ယင်းအမှုမှာ သေဒဏ်အထိ အပြစ်ပေးခံရနိုင်သည့် အမှုဖြစ်သည်။Zarutska သည် ပြီးခဲ့သည့်သြဂုတ်လအတွင်း မြောက်ကာရိုလိုင်းနား ပြည်နယ်၊ ရှာလော့တ်မြို့ရှိ ရထားတစ်စင်းပေါ်တွင် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။ လုံခြုံရေးကင်မရာ (Surveillance footage) မှတ်တမ်းများအရ အသက် ၃၄ နှစ်အရွယ် Decarlos Brown Jr. သည် Zarutska ၏ လည်ပင်းကို ဓားဖြင့်သုံးချက်ထက်မနည်း ထိုးခဲ့ကြောင်းတွေ့ရှိရပြီး ယင်းမှာ ရန်စမှုမရှိဘဲ အကြောင်းမဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ၎င်းကို အခင်းဖြစ်ပြီးမကြာမီမှာပင် ဖမ်းဆီးခဲ့ပြီး ပထမအဆင့် လူသတ်မှုဖြင့် စွဲချက်တင်ခဲ့သည်။ပြီးခဲ့သည့် အင်္ဂါနေ့ (ဧပြီ ၇) က တင်သွင်းခဲ့သော လျှောက်ထားလွှာအရ Brown ကို ဒီဇင်ဘာလနှောင်းပိုင်းတွင် Central Regional ဆေးရုံ၌ စစ်ဆေး ခဲ့ရာ တရားရင်ဆိုင်ရန် အရည်အချင်းမပြည့်မီကြောင်း (Not competent to stand trial) တွေ့ရှိခဲ့ရသည်။ မြောက်ကာရိုလိုင်းနား ပြည်နယ်ဥပဒေ အရ တရားခံတစ်ဦးသည် တရားခွင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၏ သဘောသဘာဝကို နားလည်နိုင်စွမ်းရှိရမည်ဖြစ်ပြီး၊ မိမိ၏ အခြေအနေ ကို သဘောပေါက်ကာ မိမိကိုယ်ကိုယ်ခုခံကာကွယ်ရာတွင် ကျိုးကြောင်း ဆီလျော်စွာ ကူညီပေးနိုင်သည့် အနေအထားရှိရမည်ဖြစ်သည်။တရားခံ၏ရှေ့နေက မူလက ဧပြီလ ၃၀ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ် ထားသည့် ၎င်း၏ တရားရင်ဆိုင်နိုင်စွမ်း ရှိ၊ မရှိ စစ်ဆေးကြားနာမှုကို ရက်ပေါင်း ၁၈၀ ခန့် ရွှေ့ဆိုင်းပေးရန် တရားရုံးသို့ လျှောက်ထားခဲ့သည်။ ထို့အပြင် Brown အနေဖြင့် ဖက်ဒရယ်အကျဉ်းထောင်တွင် ဆက်လက် ရှိနေသရွေ့ ယင်းစစ်ဆေးမှုကို ပြုလုပ်၍မရနိုင်ကြောင်းနှင့် ၎င်းအား အကျဉ်းချထားစဉ်အတွင်း တရားရင်ဆိုင်နိုင်စွမ်း ပြန်လည်ရရှိလာစေရန် တရားရုံးက အမိန့်မချမှတ်နိုင်ကြောင်းလည်း ခုခံချေပသူဘက်က ငြင်းချက် ထုတ်ခဲ့သည်။အကယ်၍ တရားသူကြီးက စိတ်ကျန်းမာရေးစစ်ဆေးချက်ကို သဘောတူလက်ခံပါက Brown အပေါ် စွဲဆိုထားသောအမှုများကို ပလပ်လိုက်မည် ဖြစ်သည်။ သို့သော် အနာဂတ်တွင် ၎င်းသည် တရားရင်ဆိုင်နိုင်စွမ်း ပြန်လည်ရှိလာပါက အမှုများကို ပြန်လည်စွဲဆိုနိုင်ကြောင်း တရားရုံး၏ ဆုံးဖြတ်ချက်တွင် ထည့်သွင်းဖော်ပြထားနိုင်သည်။တရားရုံးမှတ်တမ်းများအရ Brown ကို အခြားသော ဖက်ဒရယ်တရားရုံး အမှုတစ်ခုအတွက် စိတ်ကျန်းမာရေးစစ်ဆေးမှုခံယူရန် အမိန့်ချမှတ်ထား သော်လည်း မတ်လအစောပိုင်းအထိ ယင်းစစ်ဆေးမှုမှာ မပြီးမြောက်သေးကြောင်း သိရှိရသည်။တရားခံ၏ မိခင်ဖြစ်သူက Brown တွင် စိတ်ရောဂါ (Schizophrenic) ရှိသည်ဟု ဆိုသည်။ Brown တွင် အန္တရာယ်ရှိသောလက်နက်ဖြင့် လုယက်မှုအပါအဝင် ရာဇဝတ်မှုမှတ်တမ်းအမြောက်အမြား ရှိခဲ့ဖူးသည်။Zarutska အသတ်ခံရမှုသည် လူထုအတွင်း ပြင်းထန်သော ကန့်ကွက်ရှုတ်ချမှုများ ဖြစ်ပေါ်စေခဲ့ပြီး သံသယရှိသူအား သေဒဏ်ပေးရန်တောင်းဆိုမှုများလည်း ထွက်ပေါ်လာခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Brown ကို "တိရစ္ဆာန်" ဟု ခေါ်ဆိုသုံးနှုန်းခဲ့ပြီး သေဒဏ်ချမှတ်ရန် တိုက်တွန်းခဲ့သည်။ကိုးကား- RTဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
Fri, 10-Apr-2026