ထိုင်းနိုင်ငံတွင် သင်္ကြန်ကာလ ပထမနှစ်ရက်အတွင်း ယာဉ်မတော်တဆမှုများကြောင့် ၇၁ ဦး သေဆုံး

News Image

  • ထိုင်းနိုင်ငံတွင် သင်္ကြန်ကာလ ပထမနှစ်ရက်အတွင်း ယာဉ်မတော်တဆမှု များကြောင့် ၇၁ ဦး သေဆုံး

ထိုင်းနိုင်ငံတွင် သင်္ကြန်ရုံးပိတ်ရက် ပထမနှစ်ရက်အတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများကြောင့် လူပေါင်း ၇၁ ဦး သေဆုံးပြီး ၃၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ သောကြာနှင့် စနေ (ဧပြီ ၁၀ နှင့် ၁၁) နေ့များတွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုပေါင်း ၃၄၄ ကြိမ်မှ ထိခိုက်သေဆုံးသူများ ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာ ဆိုဖွန် အီယန်သီရိသဝမ် (Dr Sophon Iamsirithaworn) က တနင်္ဂနွေနေ့ (ဧပြီ ၁၂) တွင် ပြောကြား ခဲ့သည်။

Nan ပြည်နယ်တွင် မတော်တဆမှု အများဆုံး (၁၇ ကြိမ်) ဖြစ်ပွား ခဲ့သည်။ မြောက်ပိုင်းပြည်နယ်များဖြစ်သည့် Nan နှင့် Lampang ပြည်နယ်တို့တွင် ဒဏ်ရာရရှိသူ ၁၇ ဦးစီဖြင့် အများဆုံးဖြစ်ခဲ့ပြီး၊ Prachin Buri နှင့် Phitsanulok ပြည်နယ်တို့တွင် သေဆုံးသူ ၄ ဦးစီဖြင့် အများဆုံး ဖြစ်ပွား ခဲ့သည်။

စနေနေ့ (ဧပြီ ၁၁) တစ်ရက်တည်းတွင်ပင် တစ်နိုင်ငံလုံး၌ ယာဉ် မတော်တဆမှု ၂၀၈ ကြိမ် ဖြစ်ပွားခဲ့ရာ ၅၀ ဦး သေဆုံးပြီး ၁၈၅ ဦး ဒဏ်ရာ ရရှိခဲ့သည်။ မတော်တဆမှုဖြစ်ပွားရသည့် အဓိကအကြောင်းရင်းမှာ အရှိန်ပြင်းစွာမောင်းနှင်ခြင်း (၄၅ ရာခိုင်နှုန်း) နှင့် အရက်သေစာ သောက်စားပြီး မောင်းနှင်ခြင်း (၂၅ ရာခိုင်နှုန်း) တို့ကြောင့် ဖြစ်သည်။ မတော်တဆမှု များ၏ ၆၁ ရာခိုင်နှုန်းမှာ မော်တော်ဆိုင်ကယ်များ ဖြစ်ကြောင်း သိရှိ ရသည်။

သင်္ကြန်ကာလ ခရီးသွားအများစုမှာ ၎င်းတို့၏ခရီးစဉ်အသီးသီးသို့ ရောက်ရှိ နေကြပြီဖြစ်သော်လည်း သင်္ကြန်ကာလ လမ်းဘေးကင်းလုံရေး လှုပ်ရှားမှု များကိုမူ ဆက်လက်ဆောင်ရွက်နေကြောင်း ဒေါက်တာ ဆိုဖွန်က ပြောကြားခဲ့သည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး