ရုရှားဓာတ်ငွေ့ ပိတ်ပင်မှုအပေါ် စလိုဗက်ကီးယားက EU ကို တရားစွဲမည်

News Image

  • ရုရှားဓာတ်ငွေ့ ပိတ်ပင်မှုအပေါ် စလိုဗက်ကီးယားက EU ကို တရား စွဲမည်

ရုရှားဓာတ်ငွေ့တင်သွင်းမှုကို ပိတ်ပင်ရန် ဥရောပသမဂ္ဂ (EU) ၏ ဆုံးဖြတ်ချက်ကို စိန်ခေါ်သည့်အနေဖြင့် စလိုဗက်ကီးယားနိုင်ငံက EU တရားရုံး(Court of Justice) တွင် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ရောဘတ် ဖီကို (Robert Fico) က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက EU သည် စလိုဗက်ကီးယားနှင့် ဟန်ဂေရီ တို့၏ ကန့်ကွက်ဗီတိုအာဏာကို ကျော်ဖြတ်ကာ ၂၀၂၇ ခုနှစ်တွင် ရုရှား ဓာတ်ငွေ့ပိုက်လိုင်း ထောက်ပံ့မှုများကို အဆင့်ဆင့် ရပ်တန့်သွားမည့် အစီအစဉ်ကို တရားဝင်အတည်ပြုခဲ့သည်။

သောကြာနေ့ (ဧပြီ ၁၇) က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဖီကိုက "အရည်အချင်းပြည့်မီတဲ့ အများစု (Qualified Majority) မဲပေးစနစ်ကို သုံးခွင့်မရှိတဲ့နေရာမျိုးမှာ သုံးခဲ့တာကို ကျွန်တော်တို့ ကန့်ကွက်ပါတယ် ၊ EU အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံရဲ့ ဗီတိုအာဏာသုံးပိုင်ခွင့်ကို ဒီလိုမျိုးရှောင်ကွင်းလုပ်ဆောင်တာဟာ EU သဘောတူညီချက်တွေရဲ့ အခြေခံမူအားလုံးကို သိသိသာသာ ချိုးဖောက်လိုက်တာပဲ ဖြစ်တယ်လို့ စလိုဗက် အစိုးရက ယူဆပါတယ်" ဟု ပြောကြားခဲ့သည်။

တရားရေးဝန်ကြီး ဘောရစ် ဆူစကို (Boris Susko) က အဆိုပါ တရားစွဲဆိုမှုကို လာမည့်သီတင်းပတ်တွင် တင်သွင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဖီကိုကမူ စလိုဗက်ကီးယားအနေဖြင့် အဆိုပါစည်းမျဉ်းကို ဆိုင်းငံ့ထားရန် ကြားဖြတ်အမိန့် (Injunction) ကိုလည်း တောင်းခံ သွားမည်ဟု ဆိုသည်။

ယူကရိန်းပဋိပက္ခကြောင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခြင်းသည် EU က “မိမိ၏အသက်ရှူလမ်းကြောင်းကို မိမိဘာသာ ပိတ်ပစ်လိုက်ခြင်းဖြစ်သည်” ဟု ဝေဖန်ခဲ့သော ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန် (Viktor Orbán) သည်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလက အလားတူ တရားစွဲဆိုမှုမျိုးကို ပြုလုပ်ခဲ့သည်။ ဖီကိုကလည်း အဆိုပါ ပိတ်ဆို့အရေးယူမှုများကို "ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း" ဖြစ်သည် ဟု ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ရုရှားနှင့် သံတမန်နည်းလမ်းအရ ဆွေးနွေးရန် EU ကို တိုက်တွန်းခဲ့သည်။

ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလိုင်ယန် (Ursula von der Leyen) ကမူ ပြီးခဲ့သည့်သီတင်းပတ်က အော်ဘန်၏ ရွေးကောက်ပွဲရှုံးနိမ့်မှုကို အခွင့်ကောင်းယူကာ ယူကရိန်းသို့ ချေးငွေထုတ်ပေးခြင်းကို အဖွဲ့ဝင်နိုင်ငံများက ဗီတိုအာဏာသုံးတားဆီးခြင်းမျိုး မလုပ်နိုင်စေရန် ၎င်းတို့၏ ဗီတိုအာဏာကို ပိုမိုကန့်သတ်သင့်ကြောင်း ပြောကြားထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး