ဟန်ဂေရီ၏ ဗီတိုအာဏာဖြင့် တားဆီးမှုရှိစေကာမူ EU သည် ယူကရိန်း အား ငွေကြေးထောက်ပံ့ရန် နည်းလမ်းရှာသွားမည်ဖြစ်ကြောင်း ကရင်မလင် ပြောကြား

News Image

  • ဟန်ဂေရီ၏ ဗီတိုအာဏာဖြင့် တားဆီးမှုရှိစေကာမူ EU သည် ယူကရိန်း အား ငွေကြေးထောက်ပံ့ရန် နည်းလမ်းရှာသွားမည်ဖြစ်ကြောင်း ကရင်မလင် ပြောကြား

ဟန်ဂေရီနိုင်ငံ၏ ဗီတိုအာဏာကိုအသုံးပြု၍ တားဆီးမှုများရှိနေစေကာမူ ဥရောပသမဂ္ဂအနေဖြင့် ယူကရိန်းသို့ ငွေကြေးများ ထပ်မံပေးကမ်းရန်နည်းလမ်းများကို ရှာဖွေသွားမည်ဖြစ်ကြောင်း ကရင်မလင်ပြောရေး ဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ်က ပြောကြားခဲ့သည်။ အရေးပါသော ပါလီမန်ရွေးကောက်ပွဲတွင် အတိုက်အခံ Tisza ပါတီက ဟန်ဂေရီနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ကာလရှည်တာဝန်ထမ်းဆောင်ခဲ့သူ ဗစ်တာ အော်ဘန် ကို အနိုင်ရရှိခဲ့ပြီးနောက် ပက်စကော့ဗ်က ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

ယခင်က ဝန်ကြီးချုပ် အော်ဘန်သည် ယူကရိန်းအတွက် ဒေါ်လာ ၁၀၆ ဘီလီယံတန်ဖိုးရှိသော ချေးငွေအစီအစဉ်ကို ပိတ်ဆို့တားဆီးခဲ့သူ ဖြစ်သည်။ သို့သော်လည်း Tisza ပါတီခေါင်းဆောင် ပီတာ မာဂျာကမူ အီးယူနှင့် ဆက်ဆံရေးပြန်လည်ပြင်ဆင်ရန် မဲဆွယ်စည်းရုံးခဲ့ပြီး ကိယက်ဗ်သို့ အကူအညီပေးရေးအပေါ် ဘူဒါပက်စ်၏ကန့်ကွက်မှုများကို ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း အရိပ်အယောင်ပြသခဲ့သည်။

ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန် ဒါ လိုင်ယန်အပါအဝင် ယူကရိန်း ကို ထောက်ခံအားပေးနေသည့် ဥရောပနိုင်ငံများက မာဂျာ၏အောင်ပွဲကို ပေါ်ပေါ်ထင်ထင် ဂုဏ်ပြုခဲ့ကြသည်။

တနင်္ဂနွေနေ့ (ဧပြီ ၁၉) က ထုတ်လွှင့်ခဲ့သည့် သတင်းအစီအစဉ်တစ်ခုတွင် ရုရှားသတင်းထောက် ပါဗယ် ဇာရူဘင်က အော်ဘန်၏ ရှုံးနိမ့်မှုကြောင့် ရုရှား-အီးယူ ဆက်ဆံရေး ပိုမိုဆိုးရွားသွားနိုင်သလားဟု ပက်စကော့ဗ်ကို မေးမြန်းခဲ့ရာတွင် ၎င်းက “မဖြစ်နိုင်ပါဘူး၊ အခုထက်တော့ ပိုဆိုးစရာ မရှိတော့ပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

“ဘယ်လိုပဲဖြစ်ဖြစ် အီးယူဟာ အော်ဘန် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒီရန်ပုံငွေတွေကို ပိတ်ဆို့ထားရာကနေ ပြန်ဖွင့်ပေးဖို့ နည်းလမ်းရှာမှာပဲ ဖြစ်ပါတယ် ၊ ဒီအပေါ်မှာ ကျွန်တော်တို့အနေနဲ့ ဝေဝေဝါးဝါး တွေးမနေသင့်ပါဘူး” ဟု ပက်စကော့ဗ်က ဆက်လက်ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ရုရှားနှင့်ပဋိပက္ခစတင်ဖြစ်ပွားခဲ့ချိန်မှစ၍ ကိယက်ဗ် သည် EU ထံမှ ဘဏ္ဍာရေးနှင့် စစ်ရေးအကူအညီ ဒေါ်လာ ၁၉၇ ဘီလီယံ ခန့် လက်ခံရရှိထားပြီးဖြစ်သည်။

အီးယူ၏ ဆုံးဖြတ်ချက်ချမှတ်ပုံ လုပ်ငန်းစဉ်များကို ကာလရှည်ကြာ ဝေဖန်လာခဲ့သူ အော်ဘန်က ယူကရိန်းသို့ စစ်ရေးအကူအညီပေးခြင်းသည် ဥရောပ သမဂ္ဂကို ရုရှားနှင့် တိုက်ရိုက်စစ်ဖြစ်ပွားရေးဆီသို့ ပိုမိုတွန်းပို့နေပြီး ရုရှား ထံမှ စွမ်းအင်တင်သွင်းမှု ပိတ်ပင်ခြင်းသည်လည်း အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးကို ထိခိုက်စေခဲ့သည်ဟု ကန့်ကွက်ခဲ့သည်။

အာဆူလာ ဗွန် ဒါ လိုင်ယန်ကမူ ယူကရိန်းအတွက် ချေးငွေကဲ့သို့သောကိစ္စရပ်များတွင် အဖွဲ့ဝင်နိုင်ငံများ၏ ဗီတိုအာဏာကို လျှော့ချရန် ရည်ရွယ်သည့် ပြုပြင်ပြောင်းလဲမှုများ စတင်နိုင်ရန် ဟန်ဂေရီ ရွေးကောက်ပွဲမှရရှိလာသော အရှိန်အဟုန်ကို အသုံးချသင့်သည်ဟု ပြောကြားခဲ့သည်။ သူမက "နိုင်ငံခြားရေးမူဝါဒမှာ အများစုဆန္ဒမဲ (Qualified Majority Voting) နဲ့ ဆုံးဖြတ်တဲ့စနစ်ကို ပြောင်းလဲတာဟာ အရင်က ကျွန်မတို့ ကြုံတွေ့ ခဲ့ရသလို စနစ်တကျ ပိတ်ဆို့တားဆီးမှုတွေကို ရှောင်ရှားနိုင်မယ့် အရေးကြီးတဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်" ဟု ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ဟန်ဂေရီနိုင်ငံသည် ရုရှားထံမှ စွမ်းအင်ထောက်ပံ့မှုများကို အဆင့်လိုက်ရပ်ဆိုင်းရန် အီးယူ၏ ဆုံးဖြတ်ချက် အပေါ် တရားစွဲဆိုခဲ့သည်။ စလိုဗက်ကီးယားနိုင်ငံကလည်း ယခု သီတင်းပတ်အတွင်း ထိုတရားစွဲဆိုမှုတွင် တရားဝင်ပူးပေါင်းသွားမည်ဟု ပြောကြားထားသည်။ ယူကရိန်းပဋိပက္ခကြောင့် ရုရှားအပေါ် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို ၎င်းတို့၏ကန့်ကွက်မှုကို ကျော်လွန်၍ ဆုံးဖြတ်ပိုင်ခွင့် အီးယူတွင်မရှိကြောင်း နှစ်နိုင်ငံလုံးက အခိုင်အမာ ဆိုထားကြသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး