အီရန်နှင့် ညှိနှိုင်းနေစဉ်အတွင်း လူသိရှင်ကြား ဝေဖန်မှုများက အစိုးရ၏ လုပ်ဆောင်ချက်များကို ထိခိုက်စေနိုင်ကြောင်း သမ္မတ ထရမ့် သတိပေး
အီရန်နိုင်ငံနှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခအပေါ် လူသိရှင်ကြား ဝေဖန်ကန့်ကွက်မှုများသည် လက်ရှိဆောင်ရွက်နေသည့် ညှိနှိုင်းဆွေးနွေးမှုများကို အဟန့်အတားဖြစ်စေကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။
သမ္မတ ထရမ့်သည် CNBC သတင်းဌာနနှင့် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခန်းတစ်ခုတွင် ဒီမိုကရက်တစ်ပါတီဝင်များ၏ ဝေဖန်မှုများကို ရည်ညွှန်း၍ ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် အောက်လွှတ်တော် လူနည်းစုခေါင်းဆောင် ဟာကင်း ဂျက်ဖရီ (Hakeem Jeffries) ၏ ဝေဖန်ချက်များကို အလေးပေး ထောက်ပြခဲ့သည်။
"ကျွန်တော်တို့ ညှိနှိုင်းမှုတွေ အပြင်းအထန် လုပ်ဆောင်နေတဲ့အချိန်မျိုးမှာ အခုလို ဝေဖန်ပြောဆိုတာမျိုးတွေ မလုပ်သင့်ပါဘူး၊ ဒီလိုလုပ်ရပ်တွေက ကျွန်တော်တို့ရဲ့ အားထုတ်မှုတွေကို တစ်စုံတစ်ရာ ထိခိုက်စေပါတယ်" ဟု သမ္မတက ဆိုသည်။ ထို့ပြင် ယင်းသို့ ဝေဖန်မှုများသည် တစ်ဖက်နိုင်ငံအတွက် မျှော်လင့်ချက်ဖြစ်စေနိုင်ပြီး မိမိအနေဖြင့် တစ်ဖက်နိုင်ငံကို ထိုသို့သောမျှော်လင့်ချက်မျိုး မရရှိစေလိုကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
သတင်းရင်းမြစ်များ၏ အဆိုအရ ဒုတိယသမ္မတ ဂျေဒီဗန့်စ် (JD Vance) နှင့် ထိပ်တန်းညှိနှိုင်းရေးမှူးအဖွဲ့သည် အီရန် နိုင်ငံနှင့် ဒုတိယအကျော့ ဆွေးနွေးပွဲများ ပြုလုပ်ရန်အတွက် ဧပြီ ၂၁ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံ သို့ သွားရောက်ခဲ့ကြောင်း သိရှိရသည်။ သမ္မတ ထရမ့်၏ မှတ်ချက်သည် အဆိုပါ အရေးကြီးခရီးစဉ်မတိုင်မီ ထွက်ပေါ်လာခြင်းဖြစ်သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
