ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောများ ဖြတ်သန်းသွားလာမှုကို ကန့်သတ်မည့် ဥပဒေတစ်ရပ်အား အီရန်လွှတ်တော် အတည်ပြုတော့မည်
အီရန်လွှတ်တော်သည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခွင့်ရှိသည့် သင်္ဘောအမျိုးအစားများအပေါ် ကန့်သတ်ချက်များချမှတ်မည့် ဥပဒေ တစ်ရပ်ကိုအတည်ပြုရန် ပြင်ဆင်နေကြောင်း အီရန်နိုင်ငံပိုင် Press TV သတင်းဌာနက စနေနေ့ (မေ ၂) တွင် ဖော်ပြခဲ့သည်။
လွှတ်တော် ဒုတိယဥက္ကဋ္ဌ အလီ နစ်ခ်ဇတ် (Ali Nikzad) ၏ ပြောကြားချက်ကို ကိုးကား၍ Press TV က ဖော်ပြရာတွင် အချက် ၁၂ ချက်ပါဝင်သော အဆိုပြုထားသည့်စီမံချက်အရ အစ္စရေးသင်္ဘောများကို ရေလက်ကြားအတွင်း ဖြတ်သန်းခွင့် လုံးဝပြုမည်မဟုတ်ကြောင်း သိရှိရသည်။ ထို့ပြင် ရန်ဘက်နိုင်ငံများမှသင်္ဘောများသည် ရေလမ်းကြောင်းကို ဖြတ်သန်းခွင့်မရမီ စစ်လျော်ကြေးများ ပေးဆောင်ရန်လိုအပ်မည်ဖြစ်ပြီး ကျန်ရှိသည့် အခြားသင်္ဘောများ အားလုံးသည်လည်း ဖြတ်သန်းခွင့်အတွက် အီရန် နိုင်ငံ၏ ခွင့်ပြုချက်ကို ရယူရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ယခုလုပ်ဆောင်ချက်သည် တီဟီရန်နှင့် ဝါရှင်တန်တို့အကြား ဆွေးနွေးမှုများရပ်တန့်နေပြီး နှစ်ဖက်စလုံးက ၎င်းတို့၏ တောင်းဆိုချက်များကို လျှော့ပေးရန်ငြင်းဆင်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယခင်တင်ပြထားသော ငြိမ်းချမ်းရေးအဆိုပြုချက်ကို ပယ်ချခဲ့ပြီးနောက် အီရန် နိုင်ငံက ပြင်ဆင်ထားသည့်အဆိုပြုချက်အသစ်ကို သောကြာနေ့ (မေ ၁) က ညှိနှိုင်းရေးမှူးများထံ တင်ပြခဲ့သည်။
အီရန် နိုင်ငံခြားရေးဒုတိယဝန်ကြီး ကာဇင် ဂါရီဘာဘာဒီ (Kazem Gharibabadi) က "သံတမန်ရေးလမ်းစဉ်ကို ရွေးချယ်မလား ဒါမှမဟုတ် ထိပ်တိုက်ရင်ဆိုင်မှုလမ်းစဉ်ကို ရွေးချယ်မလားဆိုတာက အမေရိကန် အပေါ်မှာပဲ မူတည်နေပါတယ်" ဟု ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် IRIB ရုပ်သံ ဌာနက စနေနေ့ (မေ ၂) တွင် ဖော်ပြခဲ့သည်။
ကိုးကား- CNN
Photo: SFG Media
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
