ရုရှားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို ပြည်တွင်းဝယ်လိုအားက ဆက်လက်တွန်းအားပေးလိမ့်မည်ဟု စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ပြောကြား

News Image

  • ရုရှားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို ပြည်တွင်းဝယ်လိုအားက ဆက်လက် တွန်းအားပေးလိမ့်မည်ဟု စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ပြောကြား

ရုရှားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို ပြည်တွင်းဝယ်လိုအားက ပိုမို မြှင့်တင်ပေးလိမ့်မည်ဟု မျှော်လင့်ရကြောင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး Maxim Reshetnikov က RBK သတင်းဌာနသို့ ပြောကြားခဲ့သည်။

စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရသော်လည်း ယူကရိန်း ပဋိပက္ခကြောင့် ချမှတ်ထားသော အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှု များအပေါ် ရုရှားစီးပွားရေး၏ ကြံ့ကြံ့ခံနိုင်စွမ်းမှာ အစောပိုင်းက အကဲဖြတ်ပညာရှင်များ ခန့်မှန်းခဲ့ကြသည်ထက် များစွာပိုမိုကောင်းမွန်ကြောင်းသက်သေပြခဲ့သည်။ ရုရှားအာဏာပိုင်များကမူ ၎င်းတို့နိုင်ငံအနေဖြင့်ကုန်သွယ်ရေးလမ်းကြောင်းကို ဈေးကွက်သစ်များဆီသို့ အောင်မြင်စွာ ပြောင်းလဲရွှေ့ပြောင်းနိုင်ခဲ့ပြီး ပြည်ပမှဖိအားများကိုလည်း လိုက်လျောညီထွေဖြစ်အောင် ဖြေရှင်းနိုင်ခဲ့သည်ဟု ဆိုသည်။

တနင်္ဂနွေနေ့ (မေ ၁၇) က ထုတ်ဝေခဲ့သော အင်တာဗျူးတစ်ခုတွင် Reshetnikov က ရုရှား၏ စီးပွားရေးတိုးတက်မှုသည် ပြည်တွင်းကိုသာ အဓိက ဦးတည် နေဆဲဖြစ်ပြီး ပို့ကုန်ကဏ္ဍ၏ အခန်းကဏ္ဍမှာမူ မှေးမှိန်လာနေကြောင်း ပြောကြားခဲ့သည်။ ဝန်ကြီး၏ ပြောကြားချက်အရ ယခုနှစ်အတွင်း ၁.ရာခိုင်နှုန်း တိုးတက်လာမည်ဟု ခန့်မှန်းထားသည့် ပြည်သူတို့၏ အမှန်တကယ် သုံးစွဲနိုင်သောဝင်ငွေ (Real disposable incomes) စဉ်ဆက်မပြတ် မြင့်တက်လာခြင်းက အဆိုပါစီးပွားရေးလမ်းကြောင်းကို အထောက်အပံ့ဖြစ်စေကြောင်း သိရှိရသည်။

ပြီးခဲ့သည့် လပိုင်းများအတွင်း ရုရှား ဗဟိုဘဏ်၏ အခြေခံအတိုးနှုန်းကို တဖြည်းဖြည်းလျှော့ချခဲ့ခြင်းကြောင့် ယခုကဲ့သို့ စီးပွားရေးလမ်းကြောင်း ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း Reshetnikov က သုံးသပ်ခဲ့သည်။ အတိုးနှုန်းများလျော့နည်းလာခြင်းကြောင့် ဘဏ်တွင် ငွေစုဆောင်းခြင်းမှာ စိတ်ဝင်စားစရာမကောင်းတော့ဘဲ စားသုံးသူများသုံးစွဲရန်အတွက် ငွေကြေးများ ပိုမိုထွက်ပေါ်လာစေကြောင်း၊ တစ်ချိန်တည်းမှာပင် ချေးငွေ လုပ်ငန်းများလည်း ပြန်လည်ဦးမော့လာနေကြောင်း ဝန်ကြီးက ရှင်းလင်း ပြောကြားခဲ့သည်။

ပြည်တွင်း၌ တည်ငြိမ်သောစီးပွားရေးတိုးတက်မှုကို အာမခံချက်ပေးနိုင်ရန်နှင့် ပိုမိုတင်းကျပ်လာသည့် ပိတ်ဆို့အရေးယူမှုများ၊ ကုန်သွယ်ရေးစစ်ပွဲများနှင့် အရှေ့အလယ်ပိုင်းပဋိပက္ခများအပါအဝင် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို တုံ့ပြန်ဖြေရှင်းနိုင်ရန် ရည်ရွယ်သည့် ဘက်စုံအစီအမံတစ်ခုကို ရုရှား အစိုးရကရေးဆွဲထားကြောင်း Reshetnikov က RBK သို့ ပြောကြားခဲ့သည်။ အဆိုပါ အစီအမံများတွင် အဓိကရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများအတွက် နိုင်ငံတော်မှ ထပ်ဆောင်းထောက်ပံ့ကူညီမှုများပေးအပ်ခြင်းနှင့် အထူးစီးပွားရေးဇုန်များ တည်ထောင်ခြင်းတို့ ပါဝင်သည်။

ထို့အပြင် အစိုးရအနေဖြင့် နည်းပညာသစ်များ၊ ဉာဏ်ရည်တု (AI) နှင့် စက်မှုအလိုအလျောက်စနစ် (Automation) တို့ကို မိတ်ဆက်ခြင်းဖြင့် လုပ်ငန်းခွင်စွမ်းဆောင်ရည်ကို မြှင့်တင်ရန် ကြိုးပမ်းလျက်ရှိသည်။ အာဏာပိုင်များအနေဖြင့် သင်တန်းများပို့ချခြင်း၊ အလုပ်သင်အဖြစ် လက်တွေ့လေ့ကျင့်ခြင်းနှင့် ရေတိုသင်တန်းအစီအစဉ်သစ်များကို ပံ့ပိုးပေးခြင်းဖြင့် လုပ်သားအင်အားစုတွင် ပါဝင်လာသူအရေအတွက်ကို တိုးချဲ့ရန် စီစဉ်နေကြောင်း Reshetnikov က ဆိုသည်။ 

ဗဟိုဘဏ်နှင့် အစိုးရတို့က ကျင့်သုံးနေသော မျှတသည့် မူဝါဒကြောင့် ငွေကြေးဖောင်းပွမှုနှုန်းသည် တဖြည်းဖြည်းကျဆင်းသွားမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် ကုန်ဆုံးချိန်တွင် ခန့်မှန်းခြေ ၅.၂ ရာခိုင်နှုန်းအထိ ရောက်ရှိသွားမည်ဖြစ်ကြောင်း Reshetnikov က ဖြည့်စွက်ပြောကြားခဲ့သည်။

သောကြာနေ့ (မေ ၁၅) က ပြုလုပ်ခဲ့သော ဝန်ကြီးများနှင့်တွေ့ဆုံပွဲတွင် သမ္မတ ဗလာဒီမာ ပူတင်က မတ်လအတွက် အပြုသဘောဆောင်သော ကိန်းဂဏန်းအချက်အလက်များကို ထောက်ပြခဲ့ပြီး ၎င်းအချက်အလက်များထဲတွင် စံချိန်တင်အနိမ့်ဆုံးဖြစ်သည့် အလုပ်လက်မဲ့နှုန်း ၂.၂ ရာခိုင်နှုန်း နှင့် ဂျီဒီပီ (GDP) တိုးတက်မှုနှုန်း ၁.၈ ရာခိုင်နှုန်းတို့ ပါဝင်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး