Samsung နှင့် အလုပ်သမားသမဂ္ဂ နောက်ဆုံးအချိန်၌ ယာယီ သဘောတူညီမှုရရှိပြီး ကမ္ဘာ့ချစ်ပ်ပြားဈေးကွက်ရိုက်ခတ်မှုကို ရှောင်လွှဲနိုင်ခဲ့

News Image

  • တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံးနည်းပညာကုမ္ပဏီဖြစ်သော Samsung Electronics သည် ၎င်း၏အကြီးဆုံးအလုပ်သမားသမဂ္ဂနှင့်အတူ နောက်ဆုံး မိနစ်အချိန်တွင် ယာယီလုပ်ခလစာ သဘောတူညီချက်တစ်ခုရရှိခဲ့သဖြင့် ကမ္ဘာလုံးဆိုင်ရာ Memory-chip ထောက်ပံ့ရေးကွင်းဆက်ကို ထိခိုက် စေမည့် (၁၈) ရက်ကြာ သပိတ်မှောက်မှုကို ယာယီရှောင်လွှဲနိုင်ခဲ့သည်။  အလုပ်သမားပေါင်း ၄၈,၀၀၀ ခန့် သပိတ်မှောက်ရန် နာရီပိုင်းအလိုတွင် အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ယခုကဲ့သို့ သဘောတူညီချက် ရရှိခဲ့ခြင်း ဖြစ်ပြီး သမဂ္ဂအဖွဲ့ဝင်များက မေလ ၂၂ ရက်မှ ၂၇ ရက်အထိ ယင်း သဘော တူညီချက်အပေါ

တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံးနည်းပညာကုမ္ပဏီဖြစ်သော SamsungElectronics သည် ၎င်း၏အကြီးဆုံးအလုပ်သမားသမဂ္ဂနှင့်အတူ နောက်ဆုံး မိနစ်အချိန်တွင် ယာယီလုပ်ခလစာ သဘောတူညီချက်တစ်ခုရရှိခဲ့သဖြင့် ကမ္ဘာလုံးဆိုင်ရာ Memory-chip ထောက်ပံ့ရေးကွင်းဆက်ကို ထိခိုက်စေမည့် (၁၈) ရက်ကြာ သပိတ်မှောက်မှုကို ယာယီရှောင်လွှဲနိုင်ခဲ့သည်။ 

အလုပ်သမားပေါင်း ၄၈,၀၀၀ ခန့် သပိတ်မှောက်ရန် နာရီပိုင်းအလိုတွင် အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ယခုကဲ့သို့ သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်ပြီး သမဂ္ဂအဖွဲ့ဝင်များက မေလ ၂၂ ရက်မှ ၂၇ ရက်အထိ ယင်းသဘောတူညီချက်အပေါ် မဲခွဲဆုံးဖြတ်နေစဉ်အတွင်း သပိတ်မှောက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းထားမည်ဖြစ်သည်။

အဆိုပါအငြင်းပွားမှုသည် AI ခေတ်ရေစီးကြောင်းကြောင့် Samsung ကုမ္ပဏီရရှိထားသည့် ကြီးမားသောအမြတ်အစွန်းကို အလုပ်သမားများနှင့် မည်သို့ ခွဲဝေရမည်ဆိုသည့်အချက်ပေါ်တွင် မူတည်နေပြီး သမဂ္ဂဘက်က နှစ်စဉ်လည်ပတ်မှုအမြတ်ငွေ၏ ၁၅ ရာခိုင်နှုန်းကို ဘောနပ်စ်အဖြစ် တောင်းဆိုခဲ့သော်လည်း ယခုယာယီသဘောတူညီချက်အရ ဆီမီးကွန်ဒက်တာ အလုပ်သမားများကို အမြတ်ငွေ၏ ၁၀.၅ ရာခိုင်နှုန်း ခွဲဝေပေးရန် သဘောတူညီခဲ့ကြသည်။

Samsung သည် ကမ္ဘာလုံးဆိုင်ရာ DRAM ဈေးကွက်၏ ၃၆ ရာခိုင်နှုန်းနှင့် NAND flash ဈေးကွက်၏ ၂၈ ရာခိုင်နှုန်းကို ရယူထားသဖြင့် ၎င်း၏ စက်ရုံများလုပ်ငန်းရပ်ဆိုင်းသွားပါက ကမ္ဘာ့ AI ဆာဗာများ၊ ဒေတာစင်တာများနှင့် စမတ်ဖုန်းဈေးကွက်တို့တွင် ကုန်ပစ္စည်းပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်မှုများကို ဆိုးရွားစွာကြုံတွေ့ရနိုင်ကြောင်း လေ့လာဆန်းစစ်သူများက သတိပေးခဲ့ကြသည်။ 

ထို့အပြင် သပိတ်မှောက်မှု ရေရှည်ဖြစ်ပွားပါက ကုမ္ပဏီအနေဖြင့် တစ်ရက်လျှင် ဝမ် ၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၆၆၀ သန်းခန့်) ဆုံးရှုံးနိုင်ပြီး တောင်ကိုရီးယားနိုင်ငံ၏ GDP တိုးတက်မှုကိုလည်း ၀.၅ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်သဖြင့် ယခုရရှိခဲ့သည့် သဘောတူညီချက်သည် ကမ္ဘာ့ချစ်ပ်ပြားဈေးကွက်နှင့် ကိုရီးယားစီးပွားရေးအတွက်ပါ သက်သာရာရစေခဲ့ကြောင်း သိရှိရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး