ဟော်မုဇ်ရေလက်ကြားတွင် ရေရှည်ဖြတ်သန်းခကောက်ခံရန် အီရန်နှင့် အိုမန် ဆွေးနွေးမှုများပြုလုပ်သွားမည်
လတ်တလော ဖြစ်ပွားနေသော ဒေသတွင်းပဋိပက္ခများ ချက်ချင်းအဆုံးသတ်မည့် အရိပ်အယောင်မရှိသေးသဖြင့် အီရန်နိုင်ငံသည် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးတွင် အချက်အချာကျသော ဟော်မုဇ်ရေလက်ကြား၌ ဖြတ်သန်းခကောက်ခံမည့် ယန္တရားအသစ်တစ်ခု ပေါ်ပေါက်လာစေရန် အိုမန်နိုင်ငံနှင့် ညှိနှိုင်းလျက်ရှိသည်။
ပြင်သစ်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး မိုဟာမက် အာမင်-နီဂျတ် က ဟော်မုဇ်ရေလက်ကြားတွင် လုံခြုံရေးဝန်ဆောင်မှုများပေးရန်နှင့် ရေကြောင်း သယ်ယူပို့ဆောင်ရေးကို စနစ်တကျစီမံခန့်ခွဲရန်အတွက် စရိတ်စကများရှိလာမည်ဖြစ်ရာ ယင်းလမ်းကြောင်းကိုအသုံးပြု၍ အကျိုးအမြတ် ရယူလိုသည့် သင်္ဘောများအနေဖြင့် ကုန်ကျစရိတ်ကို ပွင့်လင်းမြင်သာစွာ ခွဲဝေကျခံရမည်ဖြစ်ကြောင်း မေလ ၂၀ ရက်နေ့တွင် ပြောကြားခဲ့သည်။
အလားတူ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ် မေးလ် ဘာဂါအီ ကလည်း သင်္ဘောများကိုစီမံခန့်ခွဲမည့် အဆိုပါစနစ်အတွက် အီရန်နှင့် အိုမန်နိုင်ငံမှ ကျွမ်းကျင်သူများသည် ပြီးခဲ့သည့်သီတင်းပတ်က မတ်စကတ် (Muscat) မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း အတည်ပြုခဲ့သည်။
သို့သော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်၏ ယခုအစီအစဉ်ကို ပြတ်ပြတ်သားသားပယ်ချခဲ့ပြီး ဟော်မုဇ်ရေလက်ကြားကို အခွန်အခကောက်ခံခြင်းမရှိဘဲ လွတ်လပ်စွာဖွင့်လှစ်ထားရှိလိုကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အိုမန်အစိုးရဘက်ကမူ အဆိုပါကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးသော်လည်း အိုမန်သည် ဖြတ်သန်းခကောက်ခံမည့်အပေါ် ကန့်ကွက်သည့် အမေရိကန် ၏ သဘောထားအတိုင်းရပ်တည်နေကြောင်း အမေရိကန်ဘက်က ဆိုသည်။
လက်ရှိတွင် ဟော်မုဇ်ရေလက်ကြား၏ ရေကြောင်းသွားလာမှုသည် စစ်ပွဲမဖြစ်ပွားမီက တစ်ရက်လျှင် သင်္ဘောအစင်းရေ ၁၃၅ စင်းခန့် ရှိခဲ့ရာမှ မေလ ၁၉-၂၀ ရက်အတွင်း ၂၆ စင်းခန့်သာ ဖြတ်သန်းနိုင်သည်အထိ သိသိသာသာ ကျဆင်းနေသည်။ အီရန်ဘက်က အဆိုပါ အရေအတွက် ကျဆင်းသွားရခြင်းမှာ အာမခံကြေးမြင့်မားလာခြင်းကြောင့်ဖြစ်ကြောင်း အပြစ်တင်နေသော်လည်း သင်္ဘောလိုင်းကုမ္ပဏီအများစုကမူ ဒရုန်း၊ ဒုံးကျည်နှင့် ရေမိုင်းအန္တရာယ်များကြောင့် ပဋိပက္ခမပြီးဆုံးသရွေ့ ယင်းလမ်းကြောင်းကို အသုံးမပြုရန် ဆုံးဖြတ်ထားကြသည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
