CIA အရာရှိဟောင်းထံမှ ဒေါ်လာ သန်း ၄၀ ခန့်တန်ဖိုးရှိ ရွှေနှင့် ဇိမ်ခံပစ္စည်းများကို FBI သိမ်းဆည်း

News Image

  • CIA အရာရှိဟောင်းထံမှ ဒေါ်လာ သန်း ၄၀ ခန့်တန်ဖိုးရှိ ရွှေနှင့် ဇိမ်ခံ ပစ္စည်းများကို FBI သိမ်းဆည်း

အမေရိကန် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (FBI) သည် စီအိုင်အေ (CIA) အရာရှိကြီးဟောင်းတစ်ဦးဖြစ်သူ ဒေးဗစ် ရပ်ရှ် (David Rush) ၏ ဗာဂျီးနီးယားပြည်နယ်ရှိ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး ဒေါ်လာသန်း နှင့်ချီတန်ဖိုးရှိသော ရွှေတုံးများနှင့် ဇိမ်ခံပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း တရားရုံးမှတ်တမ်းများနှင့် အေဂျင်စီနှစ်ခု၏ ပူးတွဲထုတ်ပြန်ချက်အရ သိရှိရသည်။ ပြီးခဲ့သည့် တနင်္လာနေ့ (မေ ၂၅) က ပြုလုပ်ခဲ့သော အဆိုပါစီးနင်းမှုအတွင်း တစ်တုံးလျှင် တစ်ကီလိုဂရမ်ခန့် အလေးချိန်ရှိသည့် ရွှေတုံးပေါင်း ၃၀၃ တုံး (ခန့်မှန်းခြေ တန်ဖိုးဒေါ်လာ ၄၀ သန်း)၊ ငွေသားဒေါ်လာ ၂ သန်းနှင့် ရိုလက်စ် (Rolex) အမျိုးအစားအများစုပါဝင်သော တန်ဖိုးကြီးလက်ပတ်နာရီ ၃၅ လုံးတို့ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

တရားရုံးမှတ်တမ်းများအရ ဒေးဗစ် ရပ်ရှ်ကို အမေရိကန်အစိုးရအား လိမ်လည်လှည့်ဖြားမှုဖြင့် စွဲချက်တင်ထားသည်။ ၎င်းသည် ၎င်း၏ ပညာ အရည်အချင်း၊ ရေတပ်အမှုထမ်းသက်တမ်းနှင့် စစ်ဘက်ဆိုင်ရာလေယာဉ်မှူး အခြေအနေတို့နှင့်ပတ်သက်၍ အလုပ်ရှင်ဖြစ်သူ အစိုးရအေဂျင်စီကို မဟုတ်မမှန်လုပ်ကြံပြောဆိုကာ ၎င်း၏ လစာနှင့်ခံစားခွင့်များကို ပိုမိုရယူခဲ့ကြောင်း FBI က စွပ်စွဲထားသည်။ ထို့အပြင် ရပ်ရှ်သည် ပြီးခဲ့သည့် နိုဝင်ဘာလမှစတင်၍ လုပ်ငန်းဆိုင်ရာ အသုံးစရိတ်အကြောင်းပြချက်ဖြင့် နိုင်ငံခြားငွေများနှင့် ဒေါ်လာသန်းနှင့်ချီသော ရွှေတုံးများကို တောင်းခံရယူခဲ့ပြီး ၎င်း၏ရုံးခန်းသိုလှောင်ခန်းတွင် အနည်းငယ်သာ ချန်ထားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါဖြစ်ရပ်သည် CIA ၏ အတွင်းပိုင်း ပြန်လည်သုံးသပ်မှုတစ်ခုမှတစ်ဆင့် ဥပဒေချိုးဖောက်မှုများကို စတင်ရိပ်စားမိခဲ့ပြီးနောက် FBI ထံသို့ အကြောင်းကြားကာ ပူးပေါင်းဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း မည်သည့် CIA စစ်ဆင်ရေးတာဝန်မျိုးက ရွှေကီလိုဂရမ် ၃၀၀ ကျော်အထိ လိုအပ်ခဲ့သနည်းဆိုသည်နှင့် ပတ်သက်၍မူ အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိသေးသကဲ့သို့ လက်ရှိအချိန်အထိလည်း ဖမ်းဆီးရမိသော ရွှေတုံး အမြောက်အမြားနှင့်ပတ်သက်၍ သီးခြားစွဲချက်တင်ထားခြင်း မရှိသေးပေ။ ရပ်ရှ်၏ ရှေ့နေနှင့် မိသားစုဝင်များကမူ ထိုအမှုနှင့်ပတ်သက်၍ မီဒီယာများသို့ မှတ်ချက်ပေးရန် ငြင်းဆန်ထားကြသည်။

ခေတ်သစ်ရာဇဝတ်မှုများတွင် ရွှေတုံးများကို အဂတိလိုက်စားမှုနှင့် ရာဇဝတ်ဂိုဏ်းကြီးများ၏ အမှုများတွင်သာတွေ့ရပြီး မကြာသေးမီက ဖြစ်ရပ်များအနေဖြင့် လာဘ်ငွေအဖြစ် ရွှေတုံးများလက်ခံခဲ့မှုကြောင့် ၂၀၂၅ ခုနှစ်တွင် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံခဲ့ရသည့် အမေရိကန် အထက်လွှတ်တော်အမတ်ဟောင်း ဘော့ဘ် မီနန်းဒက်ဇ် (Bob Menendez) ၏ အမှုနှင့် ယူကရိန်းအရာရှိအချို့၏ အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးမှု များတွင်လည်း ရွှေတုံးများကို အလားတူ ရှာဖွေတွေ့ရှိခဲ့ဖူးကြောင်း သိရှိ ရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး