တရုတ်က မြောက်ကိုရီးယားအတွက်အကူအညီများကို မယိမ်းမယိုင်ဆက်လက်ပေးအပ်မည်ဟု ရှီကျင့်ဖျင်ပြော
တရုတ်နိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံသို့ပေးထားသည့် ကတိကဝတ်များကိုရှောင်လွှဲသွားမည်မဟုတ်ဘဲ မြောက်ကိုရီးယား နိုင်ငံအတွက် အကူအညီများကို မယိမ်းမယိုင် ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က မြောက်ကိုရီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေစဉ် ပြောသည်။
တရုတ်သမ္မတရှီကျင့်ဖျင်သည် မြောက်ကိုရီးယားနိုင်ငံသို့ ရှားရှားပါးပါး ခရီးစဉ်အဖြစ် ဇွန်လ ၈ ရက်မှ ၉ ရက်အထိရောက်ရှိလာခြင်းဖြစ်သည်။ ယခုခရီးစဉ်က ရှီကျင့်ဖျင်အတွက်၂၀၂၆ ခုနှစ်အတွင်း ပထမဆုံးပြည်ပခရီးစဉ်ဖြစ်သည့်အပြင် ခြောက်နှစ်ကျော်ကာလအတွင်း မြောက်ကိုရီးယားနိုင်ငံသို့ ပထမဆုံးလာရောက်ခြင်းလည်း ဖြစ်သည်။
တရုတ်နိုင်ငံနှင့်မြောက်ကိုရီးယားနိုင်ငံတို့သည် အိမ်နီးချင်းနိုင်ငံများဖြစ်သည်နှင့်အညီ နှစ်နိုင်ငံစလုံး၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကျိုးစီးပွားများကို ခိုင်ခိုင်မာမာကာကွယ်သွားရမည်ဖြစ်ကြောင်း ရှီကျင့်ဖျင်က မြောက်ကိုရီးယား နိုင်ငံခေါင်းဆောင် ကင်ဂျုံအွန်နှင့် တွေ့ဆုံဆွေးနွေးစဉ်ပြောသည်။
ထို့ပြင် နိုင်ငံတကာအခြေအနေများသည် မည်သို့ပင်ဖြစ်စေကာမူ တရုတ်နိုင်ငံအနေဖြင့် မြောက်ကိုရီးယားနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုကို လွန်စွာတန်ဖိုးထားရှိသည်ဟု ရှီကျင့်ဖျင်က ပြောကြောင်း သိရသည်။
Ref: AGC
MWD

,