တီဟီရန်အနေဖြင့် အမေရိကန်နှင့်စကားပြောဆိုရန် ပြဿနာမရှိသော်လည်း အမေရိကန် ၏ အပြုအမူပြောင်းလဲရမည်ဖြစ်ကြောင်း အီရန်အရာရှိတစ်ဦး ပြောကြား

News Image

  • တီဟီရန်အနေဖြင့် အမေရိကန်နှင့်စကားပြောဆိုရန် ပြဿနာမရှိသော်လည်း အမေရိကန် ၏ အပြုအမူ ပြောင်းလဲရမည်ဖြစ်ကြောင်း အီရန်အရာရှိတစ်ဦး ပြောကြား

အမေရိကန်ဘက်က ရိုးသားဖြောင့်မတ်ပြီး စိတ်ရင်းမှန်ရှိသည်ဟု အီရန်ဘက်က ယုံကြည်စိတ်ချရသရွေ့၊ မူအားဖြင့် အမေရိကန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုရှေ့ဆက်ရန် တီဟီရန်အနေဖြင့် ပြဿနာမရှိကြောင်း အီရန်အဆင့်မြင့်အရာရှိ အီဘရာဟင် အာဇီဇီ (Ebrahim Azizi) က တနင်္လာနေ့ (ဇွန် ၈) တွင် ပြောကြားခဲ့သည်။

သို့သော်လည်း နက်ရှိုင်းသောမယုံကြည်မှုများ ဖြစ်ပေါ်နေသည့်အခြေအနေတွင် စစ်မက်ဖြစ်ပွားနေသော နိုင်ငံနှစ်ခုကြား မည်သည့်သဘောတူညီချက်မဆို ဖြစ်မြောက်လာရန် မှာ အမေရိကန်ဘက်က ၎င်း၏အပြုအမူကို ပြောင်းလဲခြင်းအပေါ်၌သာ မူတည်နေကြောင်း ၎င်းက သတိပေးခဲ့သည်။

CNN ၏ ဝါရင့်နိုင်ငံတကာသတင်းထောက် Frederik Pleitgen နှင့် ပြုလုပ်ခဲ့သည့် သီးသန့်အင်တာဗျူးတစ်ခုတွင် အာဇီဇီက “သူတို့ဟာ ဆွေးနွေးပွဲကို အလေးအနက် ထားတဲ့သူတွေဖြစ်ပြီး ဆွေးနွေးပွဲရဲ့စည်းမျဉ်းစည်းကမ်းတွေကိုလည်း လိုက်နာမယ် ဆိုတာကို ကျွန်တော်တို့ဘက်က ယုံကြည်စိတ်ချမှု ရရှိမယ်ဆိုရင်တော့၊ အစ္စလာမ်မစ် သမ္မတနိုင်ငံအနေနဲ့ ဆွေးနွေးညှိနှိုင်းမှုဆိုင်ရာ ကျိုးကြောင်းဆင်ခြင်မှုနဲ့ ဆွေးနွေးတိုင်ပင်မှု ဆိုင်ရာ အခြေခံမူတွေ ရှိထားပြီးသားဖြစ်တဲ့အတွက် ဆွေးနွေးဖို့ ဘာပြဿနာမှ ရှိမှာ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။

ယာယီအပစ်အခတ်ရပ်စဲရေးကို စစ်ပွဲအဆုံးသတ်မည့် ရေရှည်တည်တံ့သော သဘော တူညီချက်တစ်ခုအဖြစ် ပြောင်းလဲရန်ရည်ရွယ်သည့် ဆွေးနွေးပွဲများအတွင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် ရိုးသားမှုမရှိကြောင်း တီဟီရန်ဘက်က ယုံကြည်ထားသည် ဟု အီရန်လွှတ်တော်၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေး မူဝါဒကော်မတီကို ဦးဆောင်သူ အာဇီဇီက ထပ်လောင်းပြောကြားခဲ့သည်။ “ဒါပေမဲ့ ကျွန်တော်တို့ အကြိမ်ကြိမ်ပြောခဲ့ဖူးသလိုပဲ ဆွေးနွေးညှိနှိုင်းမှုဆိုတာကို စစ်မြေပြင်ရဲ့ အဆက်အစပ်တစ်ခုအနေနဲ့ ကျွန်တော်တို့ လက်ခံထားတာပါ ၊ ဆွေးနွေးပွဲကို စစ်ပွဲရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ပဲ ကျွန်တော်တို့ သတ်မှတ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ကြားဝင်စေ့စပ်ပေးနေသည့် ဆွေးနွေးပွဲများတွင် ကျန်ရှိနေသေးသော အဓိက သဘော ထားကွဲလွဲချက်များနှင့်ပတ်သက်၍ ပြောကြားရာတွင် “အဲဒီလို မူဘောင်မျိုးကို တကယ်တမ်းလက်တွေ့အကောင်အထည်ဖော်နိုင်မယ့် မူဘောင်တစ်ခုဆီ ရောက်ရှိဖို့အတွက် အမေရိကန်ဘက်မှာ အလေးအနက်ထားတဲ့ ဆန္ဒရှိတာကို ကျွန်တော်တို့ မတွေ့ရဘူး” ဟု အာဇီဇီက ဆိုသည်။

အမေရိကန်အနေဖြင့် ကနဦးတွင် ပြည်ပ၌သိမ်းဆည်းပိတ်ဆို့ထားသော အီရန်၏ ပိုင်ဆိုင်မှုများကို အစောပိုင်းကတည်းက ပြန်လည်ပေးအပ်ရန် သဘောတူခဲ့သော်လည်း ဝါရှင်တန်ဘက်က ယခုအချိန်အထိ ထိုသို့လုပ်ဆောင်ရန်ဆန္ဒရှိသည်ကို တီဟီရန် အနေဖြင့် မတွေ့ရသေးကြောင်း အဆိုပါ အီရန်အရာရှိက အခိုင်အမာဆိုသည်။ ထို့အပြင် လက်ရှိဆွေးနွေးပွဲများသည် အီရန်၏ နျူကလီးယားအစီအစဉ်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များ ပါဝင်ခြင်းမရှိကြောင်းလည်း ၎င်းက ထပ်လောင်းအတည်ပြုခဲ့ပြီး ထို နျူကလီးယားအစီအစဉ်မှာ ငြိမ်းချမ်းသောရည်ရွယ်ချက်သက်သက်အတွက်သာ ဖြစ်ကြောင်း တီဟီရန်က ကာလရှည်ကြာ ရပ်တည်ပြောဆိုလာခဲ့ခြင်းဖြစ်သည်။

အမေရိကန်နှင့် အီရန်အကြား နောက်ဆုံးတွင် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခု ရရှိနိုင်ခြေ ရှိ၊ မရှိ မေးမြန်းရာတွင် အာဇီဇီက ၎င်းမှာ “အမေရိကန်ဘက်က ကျွန်တော်တို့ မြင်တွေ့ရမယ့် အပြုအမူတွေအပေါ်မှာ မူတည်ပါတယ်” ဟု ဖြေကြား ခဲ့သည်။

ဒီလို အပြုအမူမျိုးတွေပဲ ဆက်ရှိနေဦးမယ်ဆိုရင်တော့ သဘောတူညီချက်ရမှာ မဟုတ်ပါဘူး ၊ ကျွန်တော်တို့ဘက်က ဘာကိုမှ လုံးဝယုံကြည်မှုမရှိပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး