အစ္စရေးက အီရန်ကို ဆက်လက်တိုက်ခိုက်နေပါက ဝန်ကြီးချုပ် နေတန်ယာဟု အနေဖြင့် အထီးကျန်ဖြစ်သွားနိုင်ကြောင်း ထရမ့် သတိပေး
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုအနေဖြင့် အီရန်အပေါ် ဆက်လက် တိုက်ခိုက်နေပါက ၎င်းကိုယ်တိုင် အထီးကျန်ဖြစ်သွားလိမ့်မည်ဟု သတိပေးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့ (ဇွန် ၈) တွင် Axios သတင်းဌာနသို့ ပြောကြားခဲ့သည်။
Axios သတင်းထောက် Barak Ravid အား ထရမ့်က ပြောကြားရာတွင် “ကျွန်တော်က ဘီဘီ၊ မင်း သတိထားရင် ပိုကောင်းလိမ့်မယ်၊ မဟုတ်ရင် မကြာခင်မှာ မင်းတစ်ယောက်တည်း ဖြစ်ကျန်ရစ်လိမ့်မယ်လို့ ပြောခဲ့တယ်” ဟု ထည့်သွင်းပြောဆိုခဲ့သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့ (ဇွန် ၇) က ပြုလုပ်ခဲ့ပြီး လက်ရှိတွင်ရပ်တန့်သွားပြီဖြစ်သော အီရန်အပေါ် တိုက်ခိုက်မှုများနှင့်ပတ်သက်၍ အစ္စရေးဘက်က အမေရိကန် ပြည်ထောင်စု သို့ “အလွန်နောက်ကျမှ အကြောင်းကြားခဲ့သည်” ဟု ထရမ့်က ဆိုသည်။ တစ်ချိန် တည်းမှာပင် ဝန်ကြီးချုပ် နေတန်ယာဟုကမူ တိုက်ခိုက်မှုများ ပြန်လည်စတင်နိုင်ကြောင်း အရိပ်အယောင်ပြသခဲ့သည်။
အီရန်နှင့်စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက်တစ်ရပ်ရရှိရေးအတွက် ထရမ့်က ဆက်လက်ကြိုးပမ်းနေစဉ်အတွင်း မကြာသေးမီကဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများ အပြီးတွင် ဒေသတွင်းနိုင်ငံ ငါးနိုင်ငံက နေတန်ယာဟုကို ကြားဝင်ဖျန်ဖြေပေးရန် ၎င်းထံ တောင်းဆိုခဲ့ကြကြောင်း ပြောကြားခဲ့သည်။
မည်သည့်နိုင်ငံများဖြစ်သည်ကို အတိအကျ ထည့်သွင်းပြောဆိုခြင်း မရှိသော်လည်း ထရမ့်က “ဒီနိုင်ငံတွေက တော်တော်လေး စိုးရိမ်နေကြတယ် ၊ ကျွန်တော်တို့ ဆွေးနွေး ညှိနှိုင်းနေတဲ့ သဘောတူညီချက်ကိုလည်း သူတို့သဘောကျကြတယ်” ဟု ပြောဆို ခဲ့သည်။
ထို့အပြင် အစ္စရေးဘက်က နောက်ဆုတ်ပေးမည်ဆိုပါက ၎င်းတို့အနေဖြင့်လည်း တိုက်ခိုက်မှု များကို ရပ်တန့်မည်ဖြစ်ကြောင်း အီရန်တာဝန်ရှိသူများက ၎င်းထံ ဆက်သွယ် ပြောကြား ခဲ့သည်ဟု ထရမ့်က ဆိုသည်။ “သူတို့က ကျွန်တော်တို့ဆီ ဖုန်းဆက်ပြီး နောက်ထပ် ဘာတိုက်ခိုက်မှုမှ မလုပ်တော့ဘူးလို့ ပြောတယ်၊ ပြီးတော့ အစ္စရေးကိုလည်း နောက်ထပ် မတိုက်ခိုက်ဖို့ပြောပေးပါလို့ တောင်းဆိုခဲ့တယ်” ဟု ထရမ့်က Axios သို့ ပြောကြားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

,