အီရန်အပေါ် နှစ်ပတ်အတွင်း လုံးဝအောင်ပွဲခံမည်ဟု သမ္မတ ထရမ့် ပြောကြား

News Image

  • အီရန်အပေါ် နှစ်ပတ်အတွင်း လုံးဝအောင်ပွဲခံမည်ဟု သမ္မတ ထရမ့် ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လာမည့်နှစ်ပတ်အတွင်း အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်နိုင်ငံအပေါ် ‘လုံးဝ အောင်ပွဲခံကြောင်း’ ကြေညာနိုင်လိမ့်မည်ဟု ပြောကြားလိုက်သည်။ တောင်ကယ်ရိုလိုင်းနားပြည်နယ် အထက်လွှတ်တော်အမတ် လင်ဆေးဂရေဟမ်၏ ပါတီတွင်းအကြိုဆန္ဒမဲပေးပွဲအတွက် ပြုလုပ်သည့် အွန်လိုင်းမှ တစ်ဆင့် လူထုစည်းရုံးလှုံ့ဆော်ပွဲတွင် သမ္မတက ထိုသို့ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

လက်ရှိတွင် နှစ်နိုင်ငံအကြား ညှိနှိုင်းမှုများ လုပ်ဆောင်နေပြီး အီရန်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက် ထုတ်လုပ်နိုင်ရေး လုံးဝမလုပ်ဆောင်ရန်အပါအဝင် အမေရိကန် ၏ တောင်းဆိုချက်အားလုံးကို လိုက်လျောရန် အဆင်သင့်ရှိနေကြောင်း၊ ထိုအောင်ပွဲ ကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများလည်း သိသိသာသာ ထိုးကျသွားလိမ့်မည်ဖြစ်ကြောင်း သမ္မတထရမ့်က ဆိုသည်။

သမ္မတအနေဖြင့် နှစ်ပတ်အတွင်းရလဒ်ထွက်ပေါ်မည်ဟု ကတိကဝတ်ပြုခဲ့ခြင်းမှာ ယခု အကြိမ်သည် ပထမဆုံးမဟုတ်ဘဲ ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့က ကြေညာခဲ့သည့် အီရန်နှင့် အပစ်အခတ်ရပ်စဲရေးတွင်လည်း နှစ်ဖက်စလုံး စစ်ပွဲအဆုံးသတ်ရေး သဘော တူညီချက် အပြီးသတ်နိုင်ရန် ကနဦး၌ နှစ်ပတ်ကြာမြင့်မည်ဟု သတ်မှတ်ခဲ့ဖူးသည်။

Meet the Press သတင်းအစီအစဉ်တွင် အီရန်နိုင်ငံသည် သဘောတူညီချက်ရယူရန် အသည်းအသန်ဖြစ်နေပါက အဘယ်ကြောင့် ယခုထက်ထိ သဘောတူညီချက် မရသေး သနည်းဟု မေးမြန်းရာတွင် သမ္မတထရမ့်က အီရန်သည် ဂုဏ်သိက္ခာနှင့် အင်အား ရှိသည့်နိုင်ငံဖြစ်ပြီး ၎င်းတို့တစ်ခါမျှ မလုပ်ဖူးသည့်အရာများကို လုပ်ဆောင်ရတော့မည်ဖြစ်၍ ရွေးချယ်စရာမရှိသည့်အတွက် အချိန်အနည်းငယ်ယူနေရခြင်းဖြစ်ကြောင်း တုံ့ပြန်ဖြေကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး