အာမေးနီးယား ရွေးကောက်ပွဲတွင် အာဏာရပါတီ အနိုင်ရသော်လည်း ရလဒ်ကို ကန့်ကွက်သွားမည်ဟု အတိုက်အခံများ ပြောကြား

News Image

  • အာမေးနီးယား ရွေးကောက်ပွဲတွင် အာဏာရပါတီ အနိုင်ရသော်လည်း ရလဒ်ကို ကန့်ကွက်သွားမည်ဟု အတိုက်အခံများ ပြောကြား

မကြာသေးမီကကျင်းပခဲ့သည့် အာမေးနီးယားနိုင်ငံ၏ လွှတ်တော်ရွေးကောက်ပွဲတွင် ကုန်းတွင်းပိတ် ဆိုဗီယက်အလွန်နိုင်ငံဖြစ်သော အာမေးနီးယားကို ဥရောပသမဂ္ဂ (EU) နှင့် ပူးပေါင်းပေါင်းစည်းသွားမည်ဟူသော ကတိကဝတ်ဖြင့် မဲဆွယ်စည်းရုံးခဲ့သည့် ဝန်ကြီးချုပ် နီကိုးလ် ပါရှင်ယန်၏ Civil Contract ပါတီက မဲအရေအတွက် 49.81% ဖြင့် အနိုင်ရရှိပြီး အစိုးရသစ်ဖွဲ့ရန် ပြင်ဆင်နေပြီဖြစ်သည်။ 

သို့သော်လည်း ရုရှားနှင့် ဆက်ဆံရေးကို ပိုမိုလိုလားသည့် အတိုက်အခံပါတီများ ဖြစ်သောStrong Armenia ပါတီ (မဲ 23.29%) နှင့် သမ္မတဟောင်း ရောဘတ် ကိုချာရီယန် ဦးဆောင်သည့် Armenia Alliance (မဲ 9.94%) တို့က အဆိုပါရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ ကန့်ကွက်သွားမည်ဟု ကြေညာခဲ့သည်။ အတိုက်အခံ ခေါင်းဆောင် ကိုချာရီယန်က ယခုမဲပေးပွဲသည် အာဏာပိုင်များ၏ စနစ်တကျ ဖိအားပေးမှုများ၊ အုပ်ချုပ်ရေး အာဏာ အလွဲသုံးစားမှုများနှင့် ချိုးဖောက်မှုများ ရှိခဲ့ကြောင်း စွပ်စွဲထားသည်။

ထို့အပြင် ရွေးကောက်ပွဲကာလအတွင်း အစိုးရဘက်က အတိုက်အခံပါတီကို အရည်အချင်း ပျက်ပြယ်အောင် ကြိုးပမ်းခြင်း၊ အာဏာသိမ်းရန် ကြံစည်မှုဖြင့် နေအိမ်အကျယ်ချုပ် ကျနေသူ စီးပွားရေးလုပ်ငန်းရှင် ကာရာပက်ယန်၏ ကိုယ်စားလှယ်လောင်းများနှင့် ထောက်ခံသူ အများအပြားကို ဖမ်းဆီးခြင်းတို့အပြင် မမှန်မကန်လုပ်ဆောင်မှုများနှင့် ခြိမ်းခြောက်မှုများ ရှိခဲ့ကြောင်း လေ့လာစောင့်ကြည့်သူများက အစီရင်ခံခဲ့ကြသည်။ 

ဝန်ကြီးချုပ် ပါရှင်ယန်က ၎င်းအနေဖြင့် EU လမ်းစဉ်ကို သွားနေသော်လည်း ရုရှားနှင့် ဆက်ဆံရေးတိုးမြှင့်ရန် မျှော်လင့်ကြောင်းပြောကြားခဲ့ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ကမူ အတိုက်အခံများ အားကောင်းလာခြင်းသည် ပါရှင်ယန်တွင် အာဏာလက်ဝါးကြီး အုပ်ခွင့် မရှိတော့ကြောင်းပြသနေပြီး ၎င်း၏ အနောက်တိုင်းလိုလားသော မူဝါဒများသည် အာမေးနီးယား လူ့အဖွဲ့အစည်းကို စိတ်ဝမ်းကွဲပြားစေသည်ဟု ဝေဖန်ထောက်ပြထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး