ထရမ့်က ၎င်း၏ရှေ့နေဟောင်း တော့ဒ် ဘလန့်ချ် အား ရှေ့နေချုပ်အဖြစ် တရားဝင် အမည်စာရင်းတင်သွင်း၊ အထက်လွှတ်တော် အတည်ပြုချက်ရရှိရန် စိန်ခေါ်မှုအချို့ ရှိနေ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့်ဧပြီလက ရာထူးမှ ထုတ်ပယ်ခံခဲ့ ရသူ ပမ်ဘွန်ဒီ (Pam Bondi) ၏ နေရာတွင် အစားထိုးရန်အတွက် လက်ရှိ ယာယီ ရှေ့နေချုပ်အဖြစ် တာဝန်ယူထားသူ ၎င်း၏ ကိုယ်ရေးကိုယ်တာ ရှေ့နေဟောင်း တော့ဒ် ဘလန့်ချ် (Todd Blanche) ကို ရှေ့နေချုပ်အဖြစ် အမြဲတမ်းခန့်အပ်ရန် တရားဝင် အမည်စာရင်းတင်သွင်းမှုကို တနင်္လာနေ့ (ဇွန် ၈) တွင် အထက်လွှတ်တော်သို့ ပေးပို့ လိုက်ပြီ ဖြစ်သည်။
အထက်လွှတ်တော် တရားစီရင်ရေးကော်မတီ ဥက္ကဋ္ဌ ချက် ဂရက်စလေ (ChuckGrassley) က ဘလန့်ချ်သည် အရည်အချင်း ပြည့်မီသူဖြစ်ကြောင်းနှင့် ကော်မတီ အနေဖြင့် အတည်ပြုရေးလုပ်ငန်းစဉ်များကို လျင်မြန်စွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ရာထူးအတည်ပြုချက် ရရှိရန်အတွက် မဲအများစုလိုအပ်မည့် ဘလန့်ချ်အနေဖြင့် မေးခွန်းထုတ်စရာ ကိစ္စရပ်အချို့နှင့် ရင်ဆိုင်နေရသည်။
အထူးသဖြင့် ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) ၏ လျှို့ဝှက်ဖိုင်တွဲများ ကိုင်တွယ်မှု၊ အက်ပ်စတိန်း၏ ကြံရာပါ ဂစ်လိန်း မက်စ်ဝဲလ် (Ghislaine Maxwell) အား တွေ့ဆုံမေးမြန်းပြီးနောက် မက်စ်ဝဲလ် လုံခြုံရေးလျှော့ချထားသည့် ထောင်သို့ ပြောင်းရွှေ့ခံရမှု အခြေအနေများနှင့်ပတ်သက်၍ ဘလန့်ချ်အနေဖြင့် လွှတ်တော်တွင် မေးခွန်းထုတ်ခံရမည် ဖြစ်သည်။
ထို့အပြင် ထရမ့်၏ မဟာမိတ်များကို ထောက်ပံ့ရန်ရည်ရွယ်ပြီး အငြင်းပွားဖွယ် ဖြစ်နေသော ဒေါ်လာ ၁.၈ ဘီလီယံနီးပါး တန်ဖိုးရှိ "Anti-weaponization" (တရားစီရင်ရေးစနစ် ကို လက်နက်သဖွယ် အသုံးချမှု ဆန့်ကျင်ရေး) ရန်ပုံငွေ ဖန်တီးရန်ကြိုးပမ်းမှုတွင် ဘလန့်ချ်၏ ပါဝင်ပတ်သက်မှုသည်လည်း အဓိကအတားအဆီး ဖြစ်နေသည်။
အဆိုပါ ရန်ပုံငွေနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီ ၆ ရက် လွှတ်တော်တွင် ဆူပူ ဆန္ဒပြခဲ့သူများ လျော်ကြေးရရှိသွားမည်ကို စိုးရိမ်သဖြင့် ရီပတ်ဘလစ်ကန် လွှတ်တော် အမတ်အချို့က ကန့်ကွက်ခဲ့ကြပြီး ဘလန့်ချ်ကိုယ်တိုင်က ထိုအစီအစဉ် ပျက်ပြယ်သွားပြီ ဟု ပြောဆိုထားသော်လည်း သမ္မတထရမ့်က ယင်းရန်ပုံငွေအပေါ် ဆက်လက် ထောက်ခံ နေခြင်းကြောင့် ရီပတ်ဘလစ်ကန် အမတ် ဘီလ် ကက်ဆီဒီ (Bill Cassidy) အပါအဝင် အမတ်အချို့က ဘလန့်ချ်သည် သမ္မတ၏ ကိုယ်ရေးကိုယ်တာ ရှေ့နေအဖြစ်သာ ဆက်လက် ရပ်တည်မည့်သူ သို့မဟုတ် တရားမျှတသည့် ရှေ့နေချုပ်ဆိုသည်ကို စောင့်ကြည့်ရမည် ဟု သံသယရှိနေကြသည်။
ဘလန့်ချ်သည် ယာယီရှေ့နေချုပ်အဖြစ် တာဝန်ယူစဉ်အတွင်း FBI ညွှန်ကြားရေးမှူး ဟောင်း ဂျိမ်းစ် ကိုမေ (James Comey) ကဲ့သို့ ထရမ့်၏ နိုင်ငံရေးအတိုက်အခံများကို တရားစွဲဆိုခြင်း၊ သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေး ဥပဒေများကိုပယ်ဖျက်ခြင်းနှင့် သတင်းသမားများ၏ သတင်းရင်းမြစ်များကို တောင်းခံခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
၎င်း၏ ထောက်ခံသူများက ယင်းလုပ်ရပ်များကို White House ၏ "လိမ်လည်မှု တိုက်ဖျက်ရေး စစ်ပွဲ" ဟု ရှုမြင်ကြသော်လည်း ဝေဖန်ရေးသမားများကမူ ဘလန့်ချ် သည် တရားရေးဝန်ကြီးဌာနကို သမ္မတ၏ ကိုယ်ပိုင်နိုင်ငံရေး အကျိုးစီးပွားအတွက် တိုက်ခိုက်ရေးယန္တရားတစ်ခုကဲ့သို့ အသုံးချနေသည်ဟု စွပ်စွဲထားကြသည်။ သို့သော်လည်း ဘလန့်ချ်ကိုယ်တိုင်ကမူ သမ္မတထရမ့်အတွက် အလုပ်လုပ်ပေးရခြင်း သည် မိမိဘဝ၏ အမြင့်ဆုံး ဂုဏ်ယူမှုတစ်ခုဖြစ်ကြောင်းနှင့် သမ္မတအပေါ် အပြည့်အဝ သစ္စာရှိကြောင်း အတိအလင်း ထုတ်ဖော်ပြောကြားထားသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

,