၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု သင်ခန်းစာ သမိုင်းဘာသာရပ် သိကောင်းစရာ

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအတွက် မြန်မာ့သမိုင်းနှင့် ကမ္ဘာ့သမိုင်း သင်ခန်းစာများမှ သိကောင်းစရာ အချက်အလက်များကို စုစည်းတင်ပြ ပေးသွားမှာဖြစ်ပါတယ်။ တက္ကသိုလ်ဝင်သမိုင်းဘာသာရပ်မေးခွန်းဟာ သမားရိုးကျ အလွတ်ကျက်မှတ် ဖြေဆိုသောစနစ်မှ ကျောင်းသား ကျောင်းသူများရဲ့ တွေးခေါ်ဆင်ခြင်မှုကို အားပေးသည့် ဓမ္မဓိဋ္ဌာန်မေးခွန်းများ၊ သင်ခန်းစာတစ်ခုစီမှ အဓိကမှတ်သားသင့်သော အချက်များကို နားလည်သိရှိမှု ရှိ၊ မရှိ စစ်ဆေးသည့် မှတ်စုတိုမေးခွန်းများ၊ သမိုင်းအကြောင်းအရာ တစ်ခုစီ၏ အခြေခံအကြောင်းရင်းများနှင့် အကျိုးသက်ရောက်မှုများ မည်သို့ဆက်စပ်နေသည်ကို လေ့လာဆန်းစစ်ပြီး ဝေဖန်သုံးသပ်ရသော မေးခွန်းရှည်များပါဝင်ပါသည်။ ဒါ့ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ပြင်ဆင်နေကြတဲ့ ကျောင်းသား ကျောင်းသူများအတွက် မမေ့သင့်တဲ့ အဓိကအချက်များကို စုစည်းတင်ပြသွားမှာဖြစ်ပါတယ်။ ဒီအချက်အလက်တွေကတစ်ဆင့် စာမေးပွဲအတွက် သေချာစွာပြင်ဆင်နိုင်ရန် အထောက်အကူဖြစ်မည်လို့ ယုံကြည်ပါတယ်။

      ပထမဦးစွာ မြန်မာ့သမိုင်း သင်ခန်းစာများမှ သိကောင်းစရာတွေကို တင်ပြပါမယ်။ မြန်မာ့သမိုင်းသင်ခန်းစာမှာ ကိုလိုနီခေတ်မှ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ လက်ထက်အထိ ခေတ်အဆက်ဆက် ကျင့်သုံးခဲ့တဲ့ အုပ်ချုပ်ရေးစနစ်၊ စီးပွားရေးစနစ်နှင့် စီးပွားရေးပုံစံပြောင်းလဲမှုများ၊ လူမှုရေးပြောင်းလဲမှုများကို လေ့လာ သင်ကြားရမှာဖြစ်တယ်။   ကိုလိုနီခေတ်အုပ်ချုပ်ရေးစနစ်များကို လေ့လာတဲ့အခါ ပထမအင်္ဂလိပ်-မြန်မာစစ်(၁၈၂၄-၁၈၂၆)အပြီး အင်္ဂလိပ် တို့  ကျင့်သုံးခဲ့တဲ့အုပ်ချုပ်ရေးစနစ်၊  ဒုတိယအင်္ဂလိပ်-မြန်မာစစ် (၁၈၅၂-၁၈၅၃)အပြီး အင်္ဂလိပ်တို့ကျင့်သုံးခဲ့တဲ့ အုပ်ချုပ်ရေးစနစ်၊ တတိယအင်္ဂလိပ်-မြန်မာစစ်(၁၈၈၅)အပြီး အင်္ဂလိပ်တို့ ကျင့်သုံးခဲ့တဲ့ အုပ်ချုပ်ရေးစနစ်နှင့် ဂျပန်ခေတ်အုပ်ချုပ်ရေး စနစ်တို့ကို လေ့လာကြရမှာဖြစ်တယ်။ မြန်မာနိုင်ငံဟာ အင်္ဂလိပ်တို့ရဲ့ကျူးကျော်စစ်ပွဲကို သုံးကြိမ် ရင်ဆိုင်ခဲ့ရတယ်။ ပထမအင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီးမှာ တနင်္သာရီနှင့် ရခိုင်ကို အင်္ဂလိပ်တို့က သိမ်းယူခဲ့ပြီး ကုမ္ပဏီကတစ်ဆင့် အုပ်ချုပ်တဲ့ အုပ်ချုပ်ရေးစနစ်ကို  ကျင့်သုံးခဲ့တယ်။  ဒုတိယအင်္ဂလိပ်-မြန်မာစစ် အပြီးတွင် ပဲခူးနယ်ကို ထပ်မံသိမ်းယူခဲ့တဲ့အတွက် အောက်မြန်မာနိုင်ငံ တစ်ခုလုံးဟာ အင်္ဂလိပ်တို့လက်အောက်သို့ ကျရောက်ခဲ့ရပါတယ်။ အင်္ဂလိပ်တို့က တနင်္သာရီ၊ ရခိုင်နှင့် အောက်မြန်မာပြည်(ပဲခူးနယ်)တို့ကိုပေါင်းပြီး ဗြိတိသျှဘားမား(British Burma) လို့ခေါ်တွင်ခဲ့တယ်။ ဗြိတိသျှဘားမားကိုအုပ်ချုပ်ဖို့ ကုမ္ပဏီအုပ်ချုပ်ရေးကနေ အင်္ဂလိပ် အစိုးရအုပ်ချုပ်တဲ့   မဟာဝန်ရှင်တော်မင်းကြီး အုပ်ချုပ်ရေးစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့တယ်။ 

မဟာဝန်ရှင်တော်မင်းကြီး အုပ်ချုပ်ရေးဟာ အိန္ဒိယဘုရင်ခံချုပ်ကို တာဝန်ခံပြီး အုပ်ချုပ်ရတဲ့စနစ်ဖြစ်တယ်။ မဟာဝန်ရှင်တော်မင်းကြီး ဟာ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ အခွန်ကောက်ခံ ရေးအာဏာစတဲ့ အာဏာသုံးရပ်ကို တစ်ဦးတည်း ကျင့်သုံးနိုင်တယ်။ ဒါပေမဲ့  သူ့မှာ ဥပဒေပြုပိုင်ခွင့်အာဏာမရှိတဲ့အတွက် လိုအပ်တဲ့ အက်ဥပဒေ၊ စည်းမျဉ်းဥပဒေတွေကို အိန္ဒိယဘုရင်ခံချုပ်က ပြဋ္ဌာန်း ပေးရတယ်။ မဟာဝန်ရှင်တော်မင်းကြီး  အုပ်ချုပ်ရေးဟာ အရာရှိ အဆင့်ဆင့်ကို လုပ်ပိုင်ခွင့်အာဏာနဲ့ တာဝန်များ တိကျစွာသတ်မှတ် ပေးထားတဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်ပြီး ၁၈၈၆ ခုနှစ်မှ ၁၈၉၇ ခုနှစ်အထိ ၁၀ နှစ်ကြာမြင့်တယ်။ ၁၈၉၇ ခုနှစ်မှာ မြန်မာနိုင်ငံကို ဗြိတိသျှပိုင် အိန္ဒိယအင်ပါယာရဲ့ ပြည်နယ်တစ်ခုအဖြစ် ထည့်သွင်းခဲ့ပြီးနောက် မဟာဝန်ရှင်တော်မင်းကြီး အုပ်ချုပ်ရေးအဆင့်ကနေ ဒုတိယဘုရင်ခံအုပ်ချုပ်ရေးအဆင့်သို့ တိုးမြှင့်အုပ်ချုပ်ခဲ့တယ်။ 

ဒုတိယဘုရင်ခံအုပ်ချုပ်ရေးစနစ်မှာ ဘုရင်ခံဟာ မြန်မာနိုင်ငံ အတွက်  ဥပဒေပြုကောင်စီ ဖွဲ့စည်းခွင့်ရရှိတယ်။ အဲဒီအချိန်က မြန်မာ နိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် အိန္ဒိယမှာ အုပ်ချုပ်ရေးဆိုင်ရာ အပြောင်းအလဲဖြစ်တိုင်း မြန်မာနိုင်ငံအပေါ် သက်ရောက်မှုရှိတယ်ဆိုတာ  သိထားရမယ်။ အင်္ဂလိပ်အစိုးရဟာ ၁၉၁၉ ခုနှစ်မှာ  အိန္ဒိယနိုင်ငံအတွက် ဒိုင်အာခီအုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော်ဖို့  ဥပဒေပြဋ္ဌာန်းပေးခဲ့တယ်။ ဒါပေမဲ့ မြန်မာ နိုင်ငံကို   ချန်လှပ်ထားခဲ့တယ်။   ဒါကြောင့် မြန်မာနိုင်ငံကိုလည်း အုပ်ချုပ်ရေးစနစ်တိုးမြှင့်ပေးဖို့ မြန်မာပြည်သူတွေက အပြင်းအထန် တောင်းဆိုကြတဲ့အတွက်  အင်္ဂလိပ်အစိုးရက  ဒိုင်အာခီအုပ်ချုပ်ရေး ပေးခဲ့တယ်။ ဒိုင်အာခီအုပ်ချုပ်ရေးဟာ ၁၉၂၃ ခုနှစ်မှ ၁၉၃၇ ခုနှစ် အထိကြာမြင့်ခဲ့တယ်။ ဒီသင်ခန်းစာမှာ ဒိုင်အာခီအုပ်ချုပ်ရေးပေါ်ပေါက် လာပုံနဲ့ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်ကို သေချာသိထားသင့်တယ်။ 

အင်္ဂလိပ်တို့ဟာ ဒိုင်အာခီအုပ်ချုပ်ရေး ချမှတ်စဉ်ကတည်းက  ၁၀ နှစ်ကာလပြီးရင် မြန်မာပြည်ရဲ့ အုပ်ချုပ်ရေးစနစ်ကို ပြုပြင် ပြောင်းလဲပေးမယ်လို့ ကတိပေးခဲ့တယ်။ ဒါကြောင့် အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရေးနဲ့ပတ်သက်ပြီး စုံစမ်းဖို့ ၁၉၂၇ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ဆာဂျွန်ဆိုင်မွန် ခေါင်းဆောင်တဲ့ ကော်မရှင်ကို ဖွဲ့စည်းခဲ့တယ်။ အဲဒီကော်မရှင်ရဲ့အစီရင်ခံစာနဲ့ အကြံပေးချက်များ အရ ၁၉၃၁ ခုနှစ်မှာ လန်ဒန်မှာ သီးခြားစုံညီအစည်းအဝေးကျင်းပခဲ့ တယ်။ အစည်းအဝေးမှာ ခွဲရေးကိုလိုလားသူများနဲ့ တွဲရေးကိုလိုလားသူ များဆိုပြီး အုပ်စုများကွဲပြားလာတဲ့အတွက် ခွဲရေးတွဲရေးပြဿနာကိုဆုံးဖြတ်ဖို့ အထူးရွေးကောက်ပွဲ ကျင်းပပေးခဲ့တယ်။ ရွေးကောက်ပွဲမှာ တွဲရေးကို ထောက်ခံတဲ့ဘက်က အနိုင်ရရှိခဲ့တယ်။ ဒါပေမဲ့ ဒီပြဿနာကို မြန်မာတို့အပြီးအပြတ်ဆုံးဖြတ်နိုင်ခြင်း မရှိနိုင်ဟုဆိုပြီး အင်္ဂလိပ်အစိုးရ ဟာ ၁၉၃၅ မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှုအက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၉၁ ဌာနအုပ်ချုပ်ရေးကို အကောင်အထည်ဖော်ခဲ့တယ်။ 

၉၁  ဌာနအုပ်ချုပ်ရေးဟာ  ၁၉၃၇ ခုနှစ်ကနေ ၁၉၄၁ ခုနှစ်အထိ ကြာမြင့်ခဲ့တယ်။   ၉၁   ဌာနအုပ်ချုပ်ရေးကို  လေ့လာတဲ့အခါ ၁၉၃၅ မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှုအက်ဥပဒေ ပေါ်ပေါက်လာပုံ၊ ၉၁ ဌာန အုပ်ချုပ်ရေးမှာ ဘုရင်ခံစီရင်အုပ်ချုပ်ခွင့်ရတဲ့ဌာနများ၊ ၉၁ ဌာနအုပ်ချုပ် ရေးရဲ့ ဖွဲ့စည်းပုံ အကြောင်းတွေကို သီးခြားလေ့လာထားသင့်တယ်။ 

ကိုလိုနီခေတ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းများသည် အင်္ဂလိပ်အုပ်ချုပ်မှုအောက်တွင် အပြောင်းအလဲ များစွာဖြစ်ခဲ့တယ်။ ဆန်စပါးစိုက်ပျိုးရေး လုပ်ငန်းသည်   ဒေသဖူလုံသည့် စိုက်ပျိုးရေးမှ ပြည်ပသို့တင်ပို့ရောင်းချနိုင်သည့်   ကူးသန်းရောင်းဝယ်ရေးအခြေပြု စိုက်ပျိုးရေးသို့ ပြောင်းလဲလာခဲ့တယ်။ အင်္ဂလိပ်အစိုးရသည် ဆန်စပါး ထုတ်လုပ်မှုအား ပိုမိုအထောက်အပံ့ပြုခဲ့တယ်။  သစ်လုပ်ငန်းမှာလည်း ဗြိတိသျှကုမ္ပဏီများက သစ်များကို ခုတ်ယူခဲ့သည့်အတွက်  သစ်တော ဥပဒေထုတ်ပြန်ပြီး သစ်တောဌာနကို တည်ထောင်ပေးခဲ့တယ်။ ရေနံ လုပ်ငန်းမှာတော့  BOC ကုမ္ပဏီက ဦးဆောင်ခဲ့တယ်ဆိုတာ သေသေ ချာချာလေ့လာထားသင့်တယ်။  သတ္တုနှင့်သယံဇာတလုပ်ငန်းမှာ နမ္မတူ ဘော်တွင်းမိုင်း၊ မိုးကုတ်ပတ္တမြားတွင်း၊ ရွှေဘိုကျောက်မီးသွေးတွင်းတို့ ဟာ အင်္ဂလိပ်ကုမ္ပဏီများ အုပ်ချုပ်မှုအောက်သို့ ကျရောက်ခဲ့တယ်။ ဗြိတိသျှကုမ္ပဏီများက ကူးသန်းရောင်းဝယ်ရေးမှာ ဈေးကွက်ကို ထိန်းချုပ်ခဲ့တဲ့အတွက် ပြည်တွင်းလက်မှု လုပ်ငန်းများ ထိခိုက်ခဲ့ရတယ်။ မီးရထား၊ မီးသင်္ဘော၊  ကားလမ်းများကို  တိုးချဲ့လာနိုင်တဲ့အတွက်  ကူးသန်းရောင်းဝယ်ရေး ပိုမိုလွယ်ကူလာစေခဲ့သော်လည်း စီးပွားရေး အမြတ်အစွန်းများဟာ   အင်္ဂလိပ်တို့အတွက်သာ  ရရှိခဲ့တယ်ဆိုတာ သိထားရမယ်။

ကိုလိုနီခေတ်မှာ စီးပွားရေး လုပ်ငန်းကြီးများကို  ကိုလိုနီအစိုးရနဲ့  နိုင်ငံခြားသားအရင်းရှင်တို့က ပိုင်ဆိုင်ကြတယ်။  မြန်မာ့ဆန်စပါး ရောင်းဝယ်ရေးမှာ ဘူလင်ဂျာပူးလ်အမည်နဲ့ ကုမ္ပဏီလေးခုက လည်းကောင်း၊ မြန်မာ့သစ်ထုတ်လုပ်ရေး လုပ်ငန်းကို ဘုံဘေဘားမား ကူးသန်းရောင်း ဝယ်ရေးကုမ္ပဏီက လည်းကောင်း၊ မြန်မာ့ရေနံလုပ်ငန်းကို ဘီအိုစီ ကုမ္ပဏီက လည်းကောင်း၊ ပြည်တွင်းရေကြောင်း သွားလာရေးနဲ့ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းကို ဧရာဝတီဖလိုတီလာကုမ္ပဏီက လည်းကောင်း လက်ဝါးကြီး အုပ်ချုပ်ကိုင်ထားခဲ့တယ်ဆိုတာလည်း သိထားရပါမယ်။

ကိုလိုနီခေတ်မှာ အရင်းရှင်စီးပွားရေး စနစ်နဲ့အတူ နိုင်ငံခြားသား အရင်းရှင်များ၊ အလုပ်သမားများ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့အတွက်  မြန်မာ့လူမှုအဖွဲ့အစည်းဟာ ပဒေသရာဇ်စနစ်ကို အခြေခံတဲ့ လူနေမှု စနစ်ကနေ အရင်းရှင်စီးပွားရေးစနစ်ကို အခြေခံတဲ့လူနေမှုစနစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့တယ်။  ကိုလိုနီခေတ်မှာ အင်္ဂလိပ်အစိုးရဟာ လယ်ယာလုပ်ငန်းများ တိုးချဲ့လာခြင်းနဲ့အတူ ပြောင်းလဲသွားတဲ့ တောင်သူလယ်သမားများရဲ့  ဘဝအခြေအနေများကိုလည်း  သိထားရမယ်။ ကိုလိုနီခေတ်မှာ လယ်ယာလုပ်ငန်းသာမက စက်မှုလုပ်ငန်း များတိုးချဲ့လာတဲ့အတွက် ပြည်ပမှ အလုပ်သမားများကို ခေါ်ယူခဲ့တယ်။ အလုပ်သမားများအနက် စက်မှုလုပ်ငန်းများမှာ လုပ်ကိုင်တဲ့အလုပ် သမားများရဲ့ဘဝအခြေက ပိုပြီးဆိုးရွားတယ်။ အထူးသဖြင့် ရေနံမြေ အလုပ်သမားများဟာ အရင်းရှင်များရဲ့ လက်ဝါးကြီးအုပ်အမြတ်ထုတ် သည့်ဒဏ်ကို ဆိုးရွားစွာခံကြရတယ်။ ၁၉၃၀ ပြည့်နှစ်မှာ ကြုံတွေ့ရသော ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် အလုပ်သမားများရဲ့ဘ၀ဟာ ပိုမိုဆိုးရွား လာခဲ့တယ်ဆိုတာကိုလည်း လေ့လာထားရမယ်။ အင်္ဂလိပ်အစိုးရဟာ ကိုလိုနီအုပ်ချုပ်ရေးကို အထောက်အပံ့ဖြစ်စေတဲ့ ပညာရေးစနစ်ကို အကောင်အထည်ဖော်ခဲ့ပြီး စက်မှုလက်မှုသင်တန်းကျောင်းများအပါ အဝင် အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာကျောင်းများကိုလည်း ဖွင့်လှစ်ပေးခဲ့တယ်။  ၁၉၂၀  ပြည့်နှစ်မှာ   မြန်မာနိုင်ငံရဲ့  ပထမဆုံး တက္ကသိုလ်အဖြစ် ရန်ကုန်တက္ကသိုလ် ပေါ်ပေါက်လာတယ်ဆိုတာလည်း သေသေချာချာ လေ့လာထားဖို့လိုတယ်။

ကိုလိုနီခေတ်မှာ  ကျန်းမာရေးဌာန ဖွဲ့စည်းပုံကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အုပ်ချုပ်ရေးလုပ်ငန်းများနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့တယ်။  ဒါပေမဲ့ ကျေးလက်နေပြည်သူများဟာ  မြန်မာဆေးဝါးများနဲ့ တိုင်းရင်းဆေးဆရာများကိုသာ မှီခိုအားထား နေကြရပြီး မြို့နေလူထုကတော့ အနောက်တိုင်းဆေးပညာနဲ့ ထိတွေ့ မှုများလာတယ်။ ဆေးရုံများကို အားကိုးလာကြတယ်။ ဒါကြောင့် ရန်ကုန်၊ မန္တလေးနဲ့ အခြားခရိုင်မြို့ကြီးများမှာ ဆေးရုံများဖွင့်လှစ်နိုင်ခဲ့တယ်။ 

၂၀၂၅- ၂၀၂၆ ပညာသင်နှစ်အတွက် ပြဋ္ဌာန်းစာအုပ်မှာ ဂျပန်ခေတ် အုပ်ချုပ်ရေး၊  စီးပွားရေး၊ လူမှုရေးပြောင်းလဲမှု သင်ခန်းစာများကို ထည့်သွင်းထားလို့ ဒီသင်ခန်းစာတွေကိုလည်း လေ့လာထားရမယ်။ ဂျပန်ခေတ်အုပ်ချုပ်ရေးကို လေ့လာတဲ့အခါမှာ ဂျပန်ခေတ်ဟာ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်တို့ မြန်မာနိုင်ငံအား အုပ်ချုပ်ခဲ့တဲ့ ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ် ကြားကာလကို ခေါ်ဆိုတာဖြစ်ကြောင်း သိထားဖို့လိုတယ်။  ဂျပန်တို့ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး မကြာမီမှာပဲ ဒေါက်တာဘမော် ဦးဆောင်တဲ့ ယာယီအစိုးရကိုဖွဲ့စည်းခဲ့တယ်။ ၁၉၄၃ ခုနှစ် ဇွန်လမှာ  လွတ်လပ်ရေးစီစဉ်မှုအဖွဲ့ကို ဖွဲ့စည်းပြီး သြဂုတ် ၁ ရက်နေ့မှာ မြန်မာ နိုင်ငံကို လွတ်လပ်ရေးပေးဖို့ ကြေညာခဲ့တယ်။ ဒါပေမဲ့ ဂျပန်တို့ပေးတဲ့ လွတ်လပ်ရေးဟာ အတုအယောင်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှာ ဂျပန် စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာသာရှိကြောင်း တွေ့ရတယ်။ ဂျပန် ခေတ်မှာ တန်ခိုးအာဏာအရှိဆုံးသူတို့မှာ ကင်ပေတိုင်ဂျပန်စစ်ပုလိပ် များသာဖြစ်တယ်။

ဂျပန်ခေတ်ဟာ ဒုတိယကမ္ဘာစစ်အတွင်းကာလဖြစ်လို့ မြန်မာ့ စီးပွားရေးဟာ တိုးတက်မှုမရှိဘဲ စိုက်ပျိုးရေးလုပ်ငန်း၊ သစ်လုပ်ငန်း၊ ရေနံလုပ်ငန်းများ ထုတ်လုပ်မှုကျဆင်းသွားတာတွေ့ရတယ်။  ဂျပန်တို့ က စီးပွားရေးကို ထိန်းချုပ်နိုင်ဖို့ အကန့်အသတ်မရှိ ငွေစက္ကူများ ထုတ်ဝေခဲ့တဲ့အတွက် ပြည်သူများ၏ လူနေမှုဘ၀ကျဆင်းခဲ့ရတယ်။ ဂျပန်ခေတ်စီးပွားရေးဟာ မြန်မာပြည်သူများအတွက် အကျိုးမဖြစ်ဘဲ ဂျပန်တို့အတွက်သာ    အသုံးချသောစီးပွားရေးစနစ်ဖြစ်ခဲ့တယ်လို့ ဆိုနိုင်တယ်။

ဂျပန်ခေတ်မှာ  ယိုးဒယား-မြန်မာ မီးရထားလမ်းကို ဖောက်လုပ်ခဲ့တဲ့အတွက် မြန်မာပြည်သူများ သေဆုံးခဲ့ရတယ်။ သေဆုံးသူများ ပြားခဲ့သဖြင့် သေမင်းတမန်ရထားလမ်းဆိုပြီး သမိုင်းတွင်ခဲ့တယ်။ ဂျပန်ခေတ်ပညာသင်ကြားရေးစနစ်ကို လေ့လာတဲ့အခါ မဟာအရှေ့ အာရှသာတူညီမျှ ကောင်းစားရေးအတွက်ဖြစ်ပြီး ဂျပန်စစ်ဘက်ဆိုင်ရာ အာဏာပိုင်တို့ကလည်း    စာသင်ကျောင်းများမှာ   ဂျပန်ဘာသာကို မသင်မနေရဘာသာအဖြစ် ပြဋ္ဌာန်းစေခဲ့တယ်။ ဂျပန်ခေတ်မှာ အစား အသောက်၊ အဝတ်အထည်၊ အိမ်ရာအဆောက်အအုံနှင့် ဆေးဝါးချို့တဲ့မှုကြောင့် ကပ်ရောဂါဖြင့် သေဆုံးသူအရေအတွက်လည်း များပြားခဲ့ ပါတယ်။

လွတ်လပ်ပြီးခေတ်    မြန်မာနိုင်ငံ၏    အုပ်ချုပ်ရေးပြောင်းလဲမှု (၁၉၄၈-၁၉၆၂)ကို လေ့လာရာမှာ ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ် ကာလ အပိုင်းအခြားဟာ ဖဆပလအစိုးရအုပ်ချုပ်တဲ့ကာလ၊ ၁၉၅၈ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်ကာလဟာ အိမ်စောင့်အစိုးရအုပ်ချုပ်တဲ့ကာလ၊ ၁၉၆၀ ပြည့်နှစ်ကနေ ၁၉၆၂ ခုနှစ်အထိကာလဟာ ပြည်ထောင်စု (ပထစ) အစိုးရတာဝန်ယူခဲ့တဲ့ ကာလဖြစ်တယ်ဆိုတာ သိထားရမယ်။ 

၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်ကာလအတွင်း ဖဆပလအစိုးရဟာ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ အုပ်ချုပ်တယ်။ ဖဆပလ ခေတ်မှာ  ပြည်သူ့လွှတ်တော်နဲ့ လူမျိုးစုလွှတ်တော်ဆိုပြီး  လွှတ်တော် နှစ်ရပ်ရှိတယ်။ လွှတ်တော်နှစ်ရပ်ပေါင်းကို ပြည်ထောင်စုပါလီမန်လို့ ခေါ်တယ်။ ပြည်ထောင်စုပါလီမန်မှာ ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေး အာဏာများရှိတယ်။ ၁၉၄၇ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ ပြည်ထောင်စုပုံစံပေါ်လွင်စေဖို့ ပြည်နယ် များကို ဖွဲ့စည်းထားရှိတယ်။ ဝန်ကြီးဌာနအလိုက် ၀န်ကြီးဌာနရုံးများ ဖွဲ့စည်းထားရှိပြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီး၊ အတွင်းဝန်၊ တိုင်းမင်းကြီး၊ ခရိုင်ဝန်ခေါ်အရေးပိုင်၊ နယ်ပိုင်ဝန်ထောက်၊ မြို့ပိုင်နှင့် လက်ထောက်မြို့ပိုင်တို့ဟာ စီမံခန့်ခွဲရေးဆိုင်ရာတာဝန်များကို အဆင့် ဆင့်ဆောင်ရွက်ကြရတယ်။

ဖဆပလအစိုးရဟာ  ၁၉၅၂  ခုနှစ်မှာ  ပြည်တော်သာစီမံကိန်း ကို   ရေးဆွဲအကောင်အထည်ဖော်ခဲ့ပြီး  ၁၉၅၃   ဒီမိုကရေစီဒေသန္တရ အုပ်ချုပ်ရေး အက်ဥပဒေကို ပြဋ္ဌာန်းခဲ့တယ်။ ဒီမိုကရေစီဒေသန္တရ အုပ်ချုပ်ရေးစီမံကိန်းဟာ ကျေးရွာကိုအခြေပြုတဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်တယ်ဆိုတာကိုလည်း သိထားရမယ်။ မြန်မာ့သမိုင်းမှာ ၁၉၅၈-၁၉၆၀ ကာလဟာ   အိမ်စောင့်အစိုးရ တာဝန်ယူတဲ့ကာလဖြစ်တယ်။ ဒီအပိုင်းမှာ အိမ်စောင့်အစိုးရပေါ်ပေါက်လာပုံ၊ အိမ်စောင့်အစိုးရအဖွဲ့ရဲ့ လုပ်ငန်းစဉ် လေးရပ်၊ အိမ်စောင့်အစိုးရရဲ့ အုပ်ချုပ်ရေးစနစ်(ဒါမှမဟုတ်)  ဆောင်ရွက်ချက်များကို လေ့လာသင့်တယ်။ မြန်မာ့သမိုင်းမှာ ၁၉၆၀ ပြည့်နှစ်ကနေ ၁၉၆၂ ခုနှစ်အထိကာလဟာ ပြည်ထောင်စု(ပထစ) အစိုးရတာဝန်ယူခဲ့တဲ့ ကာလဖြစ်တယ်။ ပထစအစိုးရရဲ့ အုပ်ချုပ်ရေးပုံစံကတော့ ယခင်ဖဆပလအစိုးရရဲ့ အုပ်ချုပ်ရေးပုံစံကိုပဲ အခြေခံထား တယ်ဆိုတာ သိထားရမယ်။ ပြည်ထောင်စု(ပထစ)အစိုးရလက်ထက် အတွင်း နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပေါ်လာတဲ့အတွက် တော်လှန် ရေးကောင်စီ  ပေါ်ပေါက်လာစေတယ်။    မြန်မာ့သမိုင်းသင်ရိုးမှာ ဖဆပလအစိုးရ၊ အိမ်စောင့်အစိုးရ၊ ပထစအစိုးရများ လက်ထက် စီးပွားရေး၊ လူမှုရေးပြောင်းလဲလာတဲ့အခြေအနေတွေကိုလည်း သီးခြား ကအလိုက် လေ့လာသင့်တယ်။

မြန်မာ့သမိုင်းမှာ ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိကာလကို တော်လှန်ရေးကောင်စီခေတ်လို့ ခေါ်တယ်။ ဒီသင်ခန်းစာမှာ တော်လှန် ရေးကောင်စီ ပေါ်ပေါက်လာပုံ၊   တော်လှန်ရေး ကောင်စီခေတ်မှာ ပြောင်းလဲကျင့်သုံးခဲ့တဲ့  အုပ်ချုပ်ရေးစနစ်၊  တရားစီရင်ရေးစနစ်တွေ အကြောင်းကို လေ့လာထားဖို့လိုတယ်။   တော်လှန်ရေးကောင်စီဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၆၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ ပြဋ္ဌာန်းပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အမြုတေပါတီကို စတင်တည်ထောင်ခဲ့တယ်ဆိုတာလည်း သိထားရ မယ်။ တော်လှန်ရေးကောင်စီက  ဝါဒသဘောထား ကြေညာချက် ထုတ်ပြန်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံမှာ အရင်းရှင်စီးပွားရေးစနစ် ကို ဖျက်သိမ်းပြီး ဆိုရှယ်လစ်စီးပွားရေးစနစ်ကို တည်ဆောက်မှာဖြစ် ကြောင်း ကြေညာခဲ့တယ်။ ပြည်သူပိုင်ကဏ္ဍကို ကျယ်ပြန့်လာအောင် ဆောင်ရွက်ခဲ့တယ်။ ကုန်သွယ်ရေးလုပ်ငန်း၊  သမဝါယမလုပ်ငန်းနဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကိုလည်း  ဆိုရှယ်လစ်စီးပွားရေး မူဝါဒနဲ့အညီ ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်ခဲ့တယ်။ တော်လှန် ရေးကောင်စီဟာ ဆိုရှယ်လစ်စနစ်နှင့် ကိုက်ညီပြီး အသက်မွေးဝမ်း ကျောင်းမှုကို  အထောက်အကူပြုတဲ့ ပညာရေးမူဝါဒအသစ်များချမှတ်ခဲ့ တယ်။ ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့တယ်။ စာတတ် မြောက်ရေးလုပ်ငန်းကို လူထုလှုပ်ရှားမှုအသွင်နဲ့ ဆောင်ရွက်ခဲ့တဲ့ အတွက် ၁၉၇၁ ခုနှစ်မှာ မိုဟာမက်ရီဇာပါလဗီဆုကိုလည်း ရရှိခဲ့တယ်။

တော်လှန်ရေးကောင်စီဟာ ရောဂါကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများကို စီမံကိန်းချမှတ် ဆောင်ရွက်ခဲ့တယ်။ ဆေးပညာနှီးနှောဖလှယ်ပွဲများ ကျင်းပပေးတယ်။ တိုင်းရင်းဆေးပညာ ပြန့်ပွားလာရေးအတွက်  ဆောင်ရွက်ပေးတယ်။ ကျေးလက်ကျန်းမာရေးဌာနတွေကို တိုးချဲ့ ဖွင့်လှစ်ပေးခဲ့တယ်။ အားကစားကို  တစ်မျိုးသားလုံး လူထုလှုပ်ရှားမှု အသွင်နဲ့ဆောင်ရွက်ဖို့ မူဝါဒချမှတ် အကောင်အထည်ဖော်ပေးခဲ့တယ် ဆိုတဲ့  တော်လှန်ရေးကောင်စီခေတ်ရဲ့ လူမှုရေးပြုပြင်ပြောင်းလဲမှုတွေ ကို သိထားဖို့လိုတယ်။

၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ကာလဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်ဖြစ်တယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဟာ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ  ရေးဆွဲခဲ့တယ်။ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်အမည်မှာ ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ဖြစ်တယ်။ ဒီသင်ခန်းစာမှာ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြောင်းလဲလာသော အုပ်ချုပ်ရေးစနစ်၊ ကျင့်သုံးခဲ့ သော ဆိုရှယ်လစ်စီးပွားရေးပုံစံနဲ့ မြန်မာ့ဆိုရှယ်လစ် လူ့အဖွဲ့အစည်း၏ ပြောင်းလဲမှုများကို သေသေချာချာမှတ်ထားရမယ်။

ဒါ့အပြင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အစိုးရ နဲ့   နိုင်ငံတော်အေးချမ်းသာယာရေးနှင့်  ဖွံ့ဖြိုးရေးကောင်စီအစိုးရ များလက်ထက် အုပ်ချုပ်ရေးစနစ် ပြောင်းလဲလာပုံ၊  စီးပွားရေးစနစ်ကို ဆိုရှယ်လစ်စီးပွားရေးစနစ်မှ စျေးကွက်စီးပွားရေးစနစ်သို့ပြောင်းလဲလာပုံ၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက် စေရေးအတွက် အမျိုးသားပညာ ရည်မြင့်မားရေး နှစ် ၃၀ စီမံကိန်းကို  ချမှတ်ခဲ့ပုံ၊ ကျောင်းနေအရွယ် ကလေးငယ်တိုင်း  ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာ ကျောင်းများကို ကျေးရွာများနှင့် နယ်စပ်ဒေသများတွင် တိုးမြှင့်ဖွင့်လှစ် ခဲ့ပုံ စတာတွေကိုလည်း သိထားရမယ်။

ဆက်လက်ပြီး ကမ္ဘာ့သမိုင်းနဲ့ပတ်သက်ပြီး သိကောင်းစရာတွေကို တင်ပြသွားပါ့မယ်။ ကမ္ဘာ့သမိုင်းသင်ခန်းစာမှာ အခန်း ၄ ခန်း ပါဝင် တယ်။ ဒုတိယကမ္ဘာစစ်ပြီးနောက် ပြောင်းလဲလာသော ကမ္ဘာ့အနေအထား၊ ကမ္ဘာ့စီးပွားရေး၊ ပြောင်းလဲလာသော နည်းပညာများနဲ့ စီးပွားရေးပုံသဏ္ဌာန်များကြောင့် ဖြစ်ပေါ်လာသော ကမ္ဘာ့ပြဿနာများ၊ တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့ရဲ့  ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်ဆိုင် ရတဲ့ စိန်ခေါ်မှုများကို လေ့လာရမှာဖြစ်တယ်။ ပထမဦးစွာ ဒုတိယ ကမ္ဘာစစ်ပြီးကာလ ပြောင်းလဲလာသော ကမ္ဘာ့အနေအထား သင်ခန်းစာ ကို တင်ပြသွားပါ့မယ်။ ကမ္ဘာ့အနေအထားသင်ခန်းစာမှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့နဲ့ ဒေသဆိုင်ရာအဖွဲ့အစည်းများဆိုပြီး ပါရှိတယ်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အကြောင်းကို လေ့လာတဲ့အခါမှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးဖွဲ့စည်းပုံနဲ့ လုပ်ငန်းတာဝန်များ၊ လုပ်ငန်းဆိုင်ရာ အမျိုးအစားအလိုက် အေဂျင်စီများ၊ ကုလသမဂ္ဂရဲ့အဓိကလုပ်ငန်းကြီး ၅ ရပ်နဲ့ ယင်းတို့ရဲ့ဆောင်ရွက်ချက်များကို ကအလိုက် လေ့လာသင့် တယ်။ ဒေသဆိုင်ရာအဖွဲ့အစည်းများအကြောင်းကို လေ့လာတဲ့အခါမှာ နေတိုး၊ အီးယူ၊ အာဆီယံ၊ အေပက်၊ ဘင်းမ်စတက်နဲ့   ဂျီအမ်အက်စ် စတဲ့ ဒေသဆိုင်ရာအဖွဲ့အစည်းများ ပေါ်ပေါက်လာပုံနဲ့ အဲဒီအဖွဲ့အစည်း များရဲ့ ဆောင်ရွက်ချက်တွေကိုသိဖို့ သေသေချာချာ ပိုင်းခြားလေ့လာ ထားသင့်တယ်။

ကမ္ဘာ့နိုင်ငံရေးနှင့် ကမ္ဘာ့စီးပွားရေးဟာ အပြန်အလှန်ဆက်စပ် အကျိုးပြုနေတယ်။ ဒုတိယကမ္ဘာစစ်ပြီးနောက် နိုင်ငံတကာအဖွဲ့ အစည်းများနဲ့အတူ ကမ္ဘာ့စီးပွားရေးအဖွဲ့အစည်းများလည်း ပေါ်ပေါက် လာတယ်။  ဒုတိယကမ္ဘာစစ်အပြီးပေါ်ပေါက်လာတဲ့ ကမ္ဘာ့စီးပွားရေးအဖွဲ့အစည်းများထဲက ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံ ငွေအဖွဲ့၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုး မှုညီလာခံ(အန်းတက်)၊  အာရှဖွံ့ဖြိုးရေးဘဏ်၊  ဘရစ်စ်နဲ့ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွေဟာ   အရေးပါတဲ့အတွက်  က အလိုက် ပိုင်းခြားလေ့လာသင့်တယ်။

ဒုတိယကမ္ဘာစစ်ပြီးနောက်  တိုးတက်လာသောနည်းပညာများ၊ နည်းပညာကို အခြေပြု၍ ပြောင်းလဲလာသော ရင်းနှီးမြှုပ်နှံမှုပုံစံများ၊ ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ပြောင်းလဲလာပုံ၊ နိုင်ငံတကာကုန်သွယ်ရေးရဲ့အရေးပါပုံ စတဲ့အကြောင်းတွေကိုလည်း သိထားရမယ်။ တိုးတက်လာသော နည်းပညာဟာ လူသားတို့အပေါ် ဘယ်လိုအကျိုး သက်ရောက်မှုတွေရှိတယ်ဆိုတာကို သိနားလည်ရမယ်။ ကမ္ဘာ့ရာသီဥတုဟာ ၁၉ ရာစုနှောင်းပိုင်း စက်မှုတော်လှန်ရေးပေါ်ပေါက်  လာပြီးနောက် သိသာစွာပြောင်းလဲမှုများ ဖြစ်ပေါ်လာတယ်။

ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုသည် သဘာဝအလျောက် သော်လည်းကောင်း၊ လူသားတို့ ပြုမူဆောင်ရွက်ချက်ကြောင့်သော်လည်းကောင်း ဖြစ်ပေါ်တယ်။  ကမ္ဘာ့ရာသီဥတုဖောက်ပြန် ပြောင်းလဲမှု ဟာ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများနှင့်ရင်ဆိုင်လာရပြီး ကမ္ဘာ့လူသားများ၏ ကျန်းမာရေးအပေါ် စိန်ခေါ်မှုများဖြစ်စေတယ်။ ဒါကြောင့် ရာသီဥတုဖောက်ပြန်မှု ထိန်းချုပ်ရေး ဆောင်ရွက်ချက်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ရွက်ချက်များ၊ ရာသီဥတု ဆိုင်ရာ ပြဿနာများကြောင့် လူသားတို့၏ ကျန်းမာရေးဆိုင်ရာစိန်ခေါ် မှုများကို သိရှိထားဖို့လိုတယ်။

ကမ္ဘာ့သမိုင်းကိုလေ့လာရာမှာ  စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသော ကမ္ဘာ့နိုင်ငံများအနက် တရုတ်နိုင်ငံနဲ့စင်ကာပူနိုင်ငံတို့ရဲ့  ဖွံ့ဖြိုးတိုးတက် မှုအတွက် ရင်ဆိုင်ရတဲ့စိန်ခေါ်မှုတွေဟာ အရေးပါတဲ့အတွက် တစ်နိုင်ငံ ချင်း လေ့လာသင့်တယ်။

တရုတ်နိုင်ငံအကြောင်းကိုလေ့လာတဲ့အခါ တရုတ်နိုင်ငံထူထောင် ခြင်း၊ ခေတ်အဆက်ဆက် နိုင်ငံခေါင်းဆောင်များက ချမှတ်ဆောင်ရွက်ခဲ့သော မူဝါဒများနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ၊ တိန့်ရှောင်ဖိန်၏ ပြုပြင်ပြောင်းလဲမှုများ၊ ပြည်တွင်း ပြည်ပစိန်ခေါ်မှု များကို လေ့လာသိရှိဖို့လိုအပ်တယ်။ ပြည်တွင်းပြည်ပစိန်ခေါ်မှုများကို လေ့လာတဲ့အခါ တရုတ်နိုင်ငံ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့  ဝင်ရောက် ခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ လူဦးရေဆိုင်ရာစိန်ခေါ်မှုများအပြင် တရုတ်နိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ရပ်ဝန်း နှင့်လမ်းအစီအစဉ်-ဘီအာအိုင်ကိုလည်းသိဖို့ လိုအပ်တယ်။ အရေးပါတဲ့ အတွက် ကအလိုက် ပိုင်းခြားလေ့လာသင့်တယ်။

စင်ကာပူနိုင်ငံအကြောင်းကို    လေ့လာတဲ့အခါ   စင်ကာပူနိုင်ငံ ထူထောင်ခြင်း၊ စင်ကာပူနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများကိုဖော်ဆောင်ရာတွင် အဓိကဦးဆောင်ခဲ့သော ပီအေပီ ပါတီနဲ့   နိုင်ငံခေါင်းဆောင်များရဲ့  အခန်းကဏ္ဍ၊   နည်းပညာဖွံ့ဖြိုး တိုးတက်လာခြင်းဟာ စင်ကာပူနိုင်ငံရဲ့  စီးပွားရေးနဲ့လူမှုရေးတို့အပေါ် စိန်ခေါ်မှုများဖြစ်ပေါ်စေကြောင်းကိုလည်း သိထားဖို့လိုအပ်တယ်။

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သမိုင်းဘာသာဖြေဆိုမည့် ကျောင်းသား ကျောင်းသူများကို မှာလိုတာကတော့  ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပြဋ္ဌာန်းထားသော ကျောင်းသုံးသမိုင်းဖတ် စာအုပ်ကို  စနစ်တကျ ပြည့်ပြည့်စုံစုံ လေ့လာထားရန် အရေးကြီးပါ တယ်။ သမိုင်းဘာသာကို လေ့လာရာတွင် သင်ခန်းစာတစ်ခုတည်းကိုသာ ရွေးချယ်မလေ့လာဘဲ သင်ခန်းစာအားလုံးကို လေ့လာသိရှိထားဖို့ လိုပါတယ်။ သမိုင်းကို နားလည်သဘောပေါက်ဖို့အတွက် သင်ခန်းစာ တိုင်းရဲ့ အဓိကအချက်များ၊ သမိုင်းစဉ်အချိတ်အဆက်များကို သေချာ ဖော်ထုတ်၍  လေ့လာသိရှိထားခြင်းက  အထူးအရေးကြီးပါတယ်။ စာမေးပွဲဖြေဆိုချိန်မှာလည်း မေးခွန်းအကြောင်းအရာနှင့် သက်ဆိုင် သော အချက်အလက်များကိုသာ တိကျသေချာစွာဖြေဆိုရန်လိုအပ်ပါတယ်။ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအားလုံး ကောင်းမွန်အောင်မြင်စွာ ဖြေဆိုနိုင်ကြပါ စေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ဒေါက်တာသင်းသင်းအေး[ပါမောက္ခ(ဌာနမှူး) သမိုင်းဌာန ရန်ကုန်တက္ကသိုလ်]

Subject-Image

  • ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု သင်ခန်းစာ သမိုင်းဘာသာရပ် သိကောင်းစရာ

Posted-Date