မီးဘေးရှောင် မလောင်ခင် တားနိုင်ကြပါစေ
အယ်ဒီတာ့အာဘော်
(၂ဝ၂၆ ခုနှစ်၊ မတ် ၂၃ ရက်)
နွေရာသီသို့ရောက်ရှိလာသည်နှင့်အတူ မီးလောင်မှုဖြစ်ရပ်ဆိုးများသည်လည်း ပေါ်ပေါက်လာသည်။
မီးလောင်မှုသည်ရာသီအချိန်မရွေး ဖြစ်နိုင်သော်လည်း ပူပြင်းခြောက်သွေ့သော ရာသီတွင် ဖြစ်ပွားမှုပိုမိုများပြားသည်။ လူတိုင်းကမီးဘေးအန္တရာယ်ကို အထူးသတိပြုရမည့် အချိန်အခါလည်းဖြစ်သည်။ မီးဘေးအန္တရာယ်သည် လူသားတို့၏ အသက်အိုးအိမ်စည်းစိမ်အားလုံးကို အချိန်မိနစ်အနည်းငယ်အတွင်း ဆုံးရှုံးစေနိုင်သည်။ မီးနှင့်ပတ်သက်လာလျှင် သုံးစွဲသူတိုင်းအနေဖြင့် အမြဲတမ်းအသိတရားနှင့် သတိထား ကြရမည်ဖြစ်သည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှမတ်လ ၂၂ ရက်အထိ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မီးလောင်မှုစုစုပေါင်း ၁၉၆ ကြိမ်ဖြစ်ပွားခဲ့ရာ မီးဖိုမီး ၂၈ ကြိမ်၊ ပေါ့ဆမီး ၆၅ ကြိမ်၊ အလိုအလျောက်မီး ၄ ကြိမ်၊ လျှပ်စစ်မီး ၇၅ ကြိမ်၊ မသမာသူရှို့မီး ၅ ကြိမ်၊ တောမီး ၁၆ ကြိမ်၊ သောင်းကျန်းသူရှို့မီး ၃ ကြိမ်ရှိခဲ့သည်။
သို့ဖြစ်ရာ မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းများတွင် လျှပ်စစ်နှင့်ပတ်သက်၍ လောင်ကျွမ်းသည့်မီးမှာ အကြိမ်ရေအများဆုံးဖြစ်ကြောင်း သိရှိရသည်။
မြို့ပြနှင့်ကျေးလက်ဒေသများတွင် လူဦးရေတိုးတက်များပြားလာခြင်းကြောင့် တစ်အိမ်နှင့်တစ်အိမ် နီးကပ်စွာဆောက်လုပ်မှု များလာသည်။ တချို့ဒေသများတွင် မီးဘေးအန္တရာယ်ကြုံလာပါက မီးသတ်ကား ဝင်ရောက်ရန်ပင် အခက်အခဲရှိသည်။ မီးဆိုသည်မှာသုံးတတ်လျှင် ကောင်းကျိုးပြုသကဲ့သို့ မသုံးတတ်လျှင် ဆိုးကျိုးချက်ချင်းဖြစ်နိုင်သည်။ နေရာဒေသတိုင်းတွင် လူဦးရေတိုးတက် များပြားလာခြင်း၊ နိုင်ငံပိုမိုဖွံ့ဖြိုး တိုးတက်လာခြင်း၊ စီးပွားရေးပိုမိုမြင့်မား လာခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုများလာသည်။
လျှပ်စစ်မီးလောင်ရသည့် အကြောင်းရင်းများတွင် ဝိုင်ယာရှော့ (Short Circuit) ဖြစ်ခြင်းကြောင့်ဖြစ်သည်ကို မကြာခဏတွေ့ရသည်။ လျှပ်ကာများပေါက်ပြဲပျက်စီးနေသည့် ဝိုင်ယာကြိုးနှစ်ခုထိတွေ့ရာမှ မီးပွားများထွက်ပြီး မီးစွဲလောင်ခြင်းကို ဝိုင်ယာရှော့ဟုဆိုခြင်းဖြစ်သည်။ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ မီးကြိုးများအရည်အသွေးညံ့ခြင်း၊ ဟောင်းနွမ်းနေခြင်း၊ ပလတ်ခေါင်းများချောင်နေခြင်း စသည့်အကြောင်းများကြောင့်လည်း အပူချိန်မြင့်တက်လာပြီး မီးလောင်နိုင်သည်။
မီးကြိုးတစ်ချောင်းတည်းတွင် လျှပ်စစ်ပစ္စည်းများစွာကို တစ်ပြိုင်တည်းသုံးစွဲခြင်းကြောင့် ဝန်အားများခြင်းဖြစ်ပြီး မီးလောင်စေနိုင်သည်။ အရည်အသွေးနိမ့်သော လျှပ်စစ်ပစ္စည်းများကို အသုံးပြုပါက လျှပ်စစ်မီးလောင်ကျွမ်းမှုကိုဖြစ်စေနိုင်သည်။ ဝိုင်ယာရှော့မှ မီးမလောင်စေရန်အတွက် အိမ်တွင်း၊ ဆိုင်တွင်းဝိုင်ယာသွယ်တန်းရာတွင် သတ်မှတ်စံချိန်စံညွှန်းမီသော ဝိုင်ယာကြိုးများနှင့် လျှပ်စစ်ပစ္စည်းများကို မှန်ကန်စွာသုံးစွဲကြရန်လိုသည်။ ဝိုင်ယာရှော့ဖြစ်လျှင် အလိုအလျောက်မီးဖြတ်ပေးသည့် Circuit Breaker (CB) များ တပ်ဆင်ထားကြရန်နှင့် လျှပ်စစ်ယိုစိမ့်မှုဖြစ်လျှင် မီးဖြတ်ပေးနိုင်သည့် Earth Leakage Circuit Breaker (ELCB) တပ်ဆင်ရန်လည်း လိုအပ်မည်ဖြစ်သည်။
အထူးသဖြင့်အိမ်များ၊ ဆိုင်ခန်းများတွင် သွယ်တန်းထားသည့် မီးကြိုးများနှင့် လျှပ်စစ်ပစ္စည်းများ ဟောင်းနွမ်းပြီးပေါက်ပြဲပျက်စီးနေခြင်းများကိုစစ်ဆေးပြီး အချိန်မီလဲလှယ်ရမည်ဖြစ်သည်။ အိမ်တွင်း လျှပ်စစ်သွယ်တန်းမှုများကို ကျွမ်းကျင်သူနှင့် ပုံမှန်စစ်ဆေးရန်လည်း အလေးထားဆောင်ရွက်ကြရမည်ဖြစ်သည်။ အထူးသဖြင့် မီးပျက်ချိန်နှင့် မလိုအပ်သည့်အချိန်၊ အိမ်ပြင်သို့ထွက်သည့်အချိန်၊ အနားယူအိပ်စက်ချိန် စသည်တို့တွင် သုံးလက်စလျှပ်စစ်ပစ္စည်းများကို မပျက်မကွက် ပိတ်ထားကြရမည်ဖြစ်သည်။
မီးဘေးအန္တရာယ်မဖြစ်ပွားရေးအတွက် ကြိုတင်ကာကွယ်ရေး အစီအမံများပြုလုပ်၍ လိုက်နာဆောင်ရွက်ကြခြင်းအားဖြင့် မီးလောင်မှုကိုရှောင်ကြဉ်နိုင်သည်။ လျှပ်စစ်မီးမျှသာမဟုတ်၊ အခြားသော မီးဖိုမီး၊ ပေါ့ဆမီး စသည်တို့မှာလည်း မီးသုံးစွဲသူတို့ပေါ့ဆမှုများကြောင့်သာလျှင်ဖြစ်ရာ မီးကိုတစ်နည်းနည်းဖြင့် အသုံးပြုကြသူတိုင်းက သုံးစွဲသည့်အခါတိုင်းတွင် ဂရုတစိုက်သုံးစွဲကြရန်၊ မီးဘေးကာကွယ်ရေး အသိရှိကြရန်လိုသည်။ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များအနေဖြင့်လည်း နေရာဒေသတိုင်းတွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ မိမိတို့နေရာဒေသတွင် မီးလောင်ခံရသည့်အခါ မိမိတို့ပိုင်ဆိုင်သည့် အိုးအိမ်စည်းစိမ်ဥစ္စာဆုံးရှုံးရပြီး နိမ့်ကျသည့် ဘဝအခြေအနေသို့ တစ်ခဏအတွင်းရောက်ရှိသွားသည့် သာဓကများစွာရှိနေရာ မီးကိုမပေါ့မဆ အသုံးပြုကြရေးနှင့် မီးဘေးရှောင်မလောင်ခင်တား ဆိုသည့်စကားအတိုင်း မမေ့မလျော့ မပေါ့ဆဘဲ မီးကိုဂရုတစိုက် အသုံးပြုကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။
MWD
Photo Credit to Gemini
