နိုင်ငံတော်က အားကိုးရသည့် ကာယဉာဏ စွမ်းအားရှင်များ
တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့သည် နိုင်ငံအတွက် အစဉ်အမြဲလုပ်ဆောင် နေရမည့်ရည်မှန်းချက်များ ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးကို အလေးထား အားပေးမြှင့်တင်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကာယအား၊ ဉာဏအားဖြင့် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အကူပြုသည့် နိုင်ငံတော်၏ အရေးပါသည့်အင်အားစုမှာ အလုပ်သမားများဖြစ်သည်။ နှစ်စဉ်မေလ ၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အဖြစ်သတ်မှတ်ကာ ဂုဏ်ပြုလျက်ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း အလုပ်သမားများ၏ အရေးကိစ္စများကို အလေးထားဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှု လုပ်ငန်းများအားပေး ဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးကိုတိုးတက်လာစေပြီး နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာသည်နှင့်အမျှ ပြည်သူလူထု၏ လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာသလို အလုပ်သမားများ၏ အရည်အသွေးများလည်း မြင့်မားလာရမည်ဖြစ်သည်။ သို့မှသာ ပေါ်ပေါက်လာသည့် အလုပ်အကိုင်နှင့်အညီ မိမိတို့၏အရည်အချင်းအလိုက် ပါဝင်ဆောင်ရွက်ခွင့် ရရှိမည်ဖြစ်သည်။ လုပ်ငန်းတိုင်းအတွက် လိုအပ်သည်မှာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတွင်းသာမက ပြည်ပနိုင်ငံများနှင့်ပါ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရမည်ဖြစ်သည်။ ထိုသို့မွေးထုတ်ပေးနိုင်ရေး အတွက် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းများ တည်ထောင်၍ ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ ပုဂ္ဂလိကသင်တန်းကျောင်းများ တည်ထောင်နိုင်ရေး ကူညီခြင်း၊ ကျွမ်းကျင်မှုအဆင့်အလိုက် ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးခြင်း၊ တန်ဖိုးမြင့်ကျွမ်းကျင် လုပ်သားများရရှိရန် ပညာရေးကို အားပေးမြှင့်တင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
မြန်မာနိုင်ငံတွင် သဘာဝကပေးထားသည့် အခွင့်အလမ်းကောင်း များစွာရှိပြီးဖြစ်သည်။ ယင်းအခွင့်အလမ်းကောင်းများကို ထိရောက်စွာအသုံးချ၍ ပြည်တွင်းစီးပွားရေးနှင့် ပြည်တွင်းထုတ်လုပ်မှု တိုးတက်ရေး ပြည်ပကုန်ပစ္စည်းများ ဝယ်ယူတင်သွင်းသည့်နိုင်ငံအဖြစ်မှ ပြည်ပသို့ပို့ကုန်တင်ပို့သည့် နိုင်ငံဖြစ်လာရေး ကြိုးစားဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် အလုပ်သမားအင်အားစု၏ စွမ်းဆောင်မှုသည်အဓိကဖြစ်သည်။ နိုင်ငံတော်နှင့်ပြည်သူလူထု အကျိုးစီးပွားအတွက် အလုပ်သမားကြီးများက ကိုယ်အား၊ ဉာဏ်အားရှိသရွေ့ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်မှ ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ်သို့ ရည်မှန်းဆောင်ရွက်လျက်ရှိရာတွင် အလုပ်သမားများသည်လည်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ မိမိနိုင်ငံမှ အခြားသောပြည်ပနိုင်ငံများသို့သွားရောက် အလုပ်လုပ်ကိုင်ကြသူများအနေဖြင့် ပြည်ပကရရှိသော အတွေ့အကြုံများကို မိမိနိုင်ငံ
အတွက် အသုံးပြုနိုင်ကြရမည်ဖြစ်သည်။ ဆိုလိုသည်မှာ မိမိတစ်ဦးတစ်ယောက်တည်း၏ အသက်မွေးဝမ်းကျောင်း ဆိုသည်ထက် နိုင်ငံတော်အတွက် မိမိတို့ပြန်လည်၍ မည်သို့အကျိုးပြုနိုင်သည် ဟူသောစိတ်ဖြင့် ရပ်တည်ကြရမည်ဖြစ်သည်။ အလုပ်သမားများ၏နေ့စဉ်ဘဝလှုပ်ရှားမှုတိုင်းတွင် နိုင်ငံတော်အတွက် ထည့်သွင်းစဉ်းစား ဆောင်ရွက်ခြင်းမှာ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိခြင်းပင်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာလုပ်သားများ ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ ပြည်ပရောက်အလုပ်သမားများ၏ပိုင်ခွင့်နှင့်အခွင့်အရေးများ နစ်နာဆုံးရှုံးမှု မရှိစေရန်နှင့်ပြည်ပမှ ရရှိလာသော အတွေ့အကြုံ၊ အသိပညာနှင့် အတတ်ပညာများကို ပြည်တွင်း၌ စနစ်တကျ အသုံးချနိုင်ရန် ပြည်ပ နိုင်ငံများနှင့် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ လက်မှတ် ရေးထိုး၍ အလုပ်သမားများကို စေလွှတ်ပေးနေခြင်းဖြစ်သည်။ ထို့ပြင် အလုပ်သမားအများစု သွားရောက်လုပ်ကိုင်သည့်နိုင်ငံများတွင် အလုပ်သမားသံအရာရှိများ ခန့်အပ်တာဝန်ပေး၍ ပြည်ပရောက်မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။
အလုပ်ရှင်နှင့်အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်လာစေရေးအတွက် လုပ်ငန်းခွင်အတွင်း အလုပ်သမားရေးရာနှင့် ပတ်သက်သည့်အငြင်းပွားမှုများအား လုပ်ငန်းခွင်အတွင်း၌ ကနဦးဆွေးနွေးညှိနှိုင်းခြင်း၊ ဥပဒေနှင့်အညီ အဆင့်ဆင့်ဆွေးနွေးညှိနှိုင်းမှုဆောင်ရွက်ခြင်းတို့ဖြင့် လုပ်ငန်းခွင် ဆက်ဆံရေးကောင်းမွန်ရေးကို ဆောင်ရွက်ကြရမည်ဖြစ်သည်။ သို့မှသာ အပြန်အလှန်နားလည်ခြင်း၊ ယုံကြည်ခြင်းတို့ဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်သည်။
လူသားတို့သည် အသက်ရှင်သန်နေထိုင်စဉ်အတွင်း လူမှုစီးပွားဘဝရှင်သန်ရေးအတွက် အလုပ်လုပ်ကိုင်နေကြရမည်ဖြစ်သည်။ ထိုသို့လုပ်ကိုင် ဆောင်ရွက်လျက်ရှိရာတွင် မိမိတို့တစ်ဦးချင်း ဘဝတိုးတက်မြင့်မားရေး၊ မိသားစုဘဝ တိုးတက်မြင့်မားရေးမှသည် မိမိနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်သည်။ အလုပ်သမားဆိုသည်မှာ ကာယအား၊ ဉာဏအားကိုအသုံးပြု၍ အလုပ်လုပ်သူများဟု မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားသည့်အတိုင်း နိုင်ငံတော်အတွက် အားထားရသည့် အရည်အသွေးပြည့်ဝသော လုပ်သားကောင်းများဖြစ်ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း။ ။
MWD
အယ်ဒီတာ့အာဘော်
(၂ဝ၂၆ ခုနှစ်၊ မေ ၁ ရက်)
