ဂျပန်နှင့် ကုန်သွယ်ရေး ညှိနှိုင်းမှု “ကြီးကြီးမားမား” ပြုလုပ်ခဲ့ကြောင်း ထရမ့်က ကြေညာ

လအတန်ကြာ ဆွေးနွေးညှိနှိုင်းမှုများအပြီးတွင် ဂျပန်နိုင်ငံနှင့် ကြီးမားသည့် ကုန်သွယ်ရေး သဘော တူညီမှုရခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့သည်။ အင်္ဂါနေ့က ကြေညာသည့် သဘောတူညီချက်တွင် ဂျပန်နိုင်ငံ၏ ပို့ကုန်များအပေါ် အမေရိကန်က အခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံ မည်ဖြစ်ပြီး၊ ဂျပန်နိုင်ငံက အမေရိကန်တွင် အမေရိကန်ဒေါ်လာ ၅၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံ လိမ့်မည် ဖြစ်ကြောင်း ထရမ့်က ပြောကြားပါသည်။ 

“မိမိတို့သည် ဂျပန်နှင့် ကြီးကြီးမားမား သဘောတူခဲ့ပြီးဖြစ်ရာ၊ ယခု သဘောတူချက် ရရှိခဲ့ခြင်းသည် လုပ်ဖူးသမျှတွင် အကြီးမားဆုံးဖြစ်ပါကြောင်း” Truth လူမှုကွန်ယက်တွင် ထရမ့်ကရေးသား ဖော်ပြခဲ့ သည်။ “မိမိ၏ လမ်းညွှန်ချက်အရ ဂျပန်က အမေရိကန်ပြည်ထောင်စုတွင် အမေရိကန်ဒေါ်လာ ၅၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံလိမ့်မည်ဖြစ်ပြီး၊ ယင်းမှ အမြတ်အစွန်း ၉၀%ရရှိမည်ဖြစ်ကြောင်း”၊ ဂျပန် ကလည်း အမေရိကန်မှ ကား၊ ဆန်နှင့် လယ်ယာထွက်ကုန်များ တင်ပို့မှုအတွက် ဖွင့်ပေးထားမှာဖြစ်ကြောင်း ညှိနှိုင်းမှုအရ “အလုပ်အကိုင် အခွင့်အလမ်း ထောင်ပေါင်းများစွာ” ဖန်တီးပေးနိုင်လိမ့်မည် ဖြစ်ကြောင်း၊ “မည်သည့်အချိန် မည်သည့်အရာနှင့်မျှ မတူပါ”ဟု  ထရမ့်က ဖြည့်စွက် ပြောကြားပါသည်။

အမေရိကန် ကွန်ဂရက်အဖွဲ့ဝင်များ၏ ဧည့်ခံပွဲ၌ အလက်စကာတွင် သဘာဝဓာတ်ငွေ့ (LNG) တူးဖော် ထုတ်လုပ်ရေးကို ဖက်စပ်လုပ်ကိုင်ရန် နှစ်ဘက်စလုံးက သဘောတူခဲ့ကြကြောင်း ထရမ့်က ပြောကြား ပါသည်။ “ဒါဟာ လူတိုင်းအတွက် ကြီးမားသည့် ညှိနှိုင်းမှုပါပဲ၊ မိမိ အမြဲတမ်း ပြောသည့်စကားလို၊ လူတိုင်းအတွက် အရမ်းကောင်းပါသည်” ဟု ပြောကြားပါသည်။

သဘောတူညီချက် အသေးစိတ်ကို “သတိကြီးစွာ ထား၍ ဆန်းစစ်ရန်လိုအပ်သော်လည်း အမျိုးသား အကျိုးစီးပွားအတွက်ဆိုသည်ကို ယုံကြည်စွာ လက်ခံပါသည်” ဟု ဂျပန်ဝန်ကြီးချုပ် ရှီဂဲရူ အိရှိဘ ဗုဒ္ဓဟူးနေ့က သတင်းဌာနများသို့ ပြောကြားပါသည်။ 

အမေရိကန်၏ ဂျပန်မော်တော်ကားများအပေါ် ကောက်ခံမည့် အခွန်နှုန်းသည် နည်းပါးလိမ့်မည်ဖြစ် ပြီး  အခွန်နှုန်း ၂၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအတွင်း ဖြစ်လိမ့်မည်ဖြစ်ကြောင်း အိရှိဘက ပြည်တွင်း မီဒီယာများသို့ အတည်ပြုပြောကြားပါသည်။  ထရမ့်၏ မော်တော်ယာဉ်နှင့် အလူမီနီယံနှင့် သံမဏိ အပေါ် အခွန် ၅၀ရာခိုင်နှုန်း ကောက်ခံမည့်ကိစ္စသည် ဝါရှင်တန်နှင့် တိုကျိုအကြား လများစွာ ညှိနှိုင်း မှုတွင် အဓိက လိပ်ခဲတင်းတင်း ဖြစ်နေခဲ့ပါသည်။  ဩဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထား၍ ထရမ့်၏ အခြေခံအခွန်နှုန်းထား ၁၀ ရာခိုင်နှုန်းရရှိရေး  ဝါရှင်တန်နှင့် တိုကျိုအကြား ညှိနှိုင်းရာ၌  သဘောတူညီမှုမရရှိလျှင် ပို့ကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမည့်အရေးနှင့် ရင်ဆိုင်သွားရမည် ဖြစ်ပါသည်။ 

“အပြန်အလှန် ကောက်ခံမည့် အခွန်နှုန်းထား ၁၅ % (ယခုလအစောပိုင်း ၂၅ % မှ ကျဆင်းလာခြင်း) သည် ဂျပန်အတွက် သတင်းကောင်းတစ်ခုဖြစ်သော်လည်း၊ အခွန်နှုန်းထား အခန်း ၂၃၂ ပါ အရေးကြီး ကုန်စည်များဖြစ်ကြသည့် သံမဏိနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများအပေါ်တွင် ဂျပန်ကမည်သို့ ဆောင်ရွက်မည်ကို မေးခွန်းထုတ်စရာဖြစ်ကြောင်း” ဝါရှင်တန်ဒီစီရှိ Hudson Institute   မှ Japan Chair ဒုတိယညွှန်ကြားရေးမှူး William Chou က LinkedIn.e တွင် ရေးသားခဲ့ပါသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ယင်းသဘောတူညီချက်ကို “သမိုင်းတင်မည့် သဘောတူညီချက်” ဖြစ်သည်ဟုဆိုကာ “ကာလကြာရှည် မိတ်ဖက်ဖြစ်ကြသည့် မိမိတို့သည် ကတိ ကဝတ်ကို အတည်ပြုပေးခြင်းအတွက် ဝမ်းမြောက်မိပါကြောင်း၊ အမေရိကန်သမ္မတထရမ့်၏ အောက်တွင် အမေရိကန်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု စာမျက်နှာသစ် ဖွင့်လှစ်ကာ ရွှေခေတ်သို့ မိမိတို့ ဝင်ရောက် လာပြီဖြစ်သည်” ဟု လူမှုကွန်ယက် X တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ 

ထရမ့်၏ကြေညာချက်အပြီး ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတွင် ဂျပန်၏ ကားစတော့ဈေးကွက်တွင် မာဇဒါ သည် ၁၇ ရာခိုင်နှုန်းကျော်၊ တိုယိုတာ၊ နစ်ဆန်းနှင့် ဟွန်ဒါတို့သည် ၈.၅ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်း အသီးသီး မြင့်တက်သွားခဲ့ပါသည်။

ဂျပန်သည် ကမ္ဘာ့စတုတ္ထမြောက် စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်ပြီး၊ အမေရိကန်နှင့် ပဉ္စမမြောက် ကုန်သွယ်မှုကြီးမားသည့် မိတ်ဖက်နိုင်ငံဖြစ်ပါသည်။ အမေရိကန် စာရင်းအင်းဗျူရို၏ အဆိုအရ ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်နိုင်ငံသည် ဂျပန်နိုင်ငံမှကုန်စည် အမေရိကန်ဒေါ်လာ ၁၄၈.၂ ဘီလီယံ တင်သွင်းခဲ့ပြီး၊ ဂျပန်က အမေရိကန်နိုင်ငံမှ ကုန်စည် အမေရိကန်ဒေါ်လာ၇၉.၇ ဘီလီယံ ဝယ်ယူ ခဲ့ပါသည်။ 

(Al Jazeera သတင်းဌာနတွင် John Power ရေးသားသည့် “Trump announces ‘massive’ trade deal with Japan” အား ဦးခိုင်ထွဋ်လှ၊ နစက-၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)

Subject-Image

  • ဂျပန်နှင့် ကုန်သွယ်ရေး ညှိနှိုင်းမှု “ကြီးကြီးမားမား” ပြုလုပ်ခဲ့ကြောင်း ထရမ့်က ကြေညာ

Posted-Date