အဆိပ်သင့်ကမ္ဘာ

Posted_Date

Image

အဆိပ်သင့်ကမ္ဘာ

Body

ကမ္ဘာ့ပေါ်မှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အတွေးအခေါ်တွေဟာ ပြောင်းလဲနေကြပါတယ်။ လူနာရယ်၊ ရောဂါရယ်၊ ဆေးဆရာရယ်၊ ဆေးရယ်ဆိုတဲ့ ပတ်သက်မှုကြီးဟာ ခေတ်နောက်ကျ သွားပါပြီ။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာပေါ်က လူသားအားလုံးနီးပါးဟာ လူနာတွေ ဖြစ်ကုန်ကြပြီး ကမ္ဘာကြီးကိုပါ နာတာရှည်လူနာစာရင်းထဲကို ထည့်သွင်းရမလိုဖြစ်နေလို့ပါပဲ။

“အိုးတော်လုပ်၊ ဖုတ်ရင်းကမကျက်" ဆိုတာလိုပဲ ဆေးဆရာတွေခမျာမှာလဲ ကုပေးရင်း ရောဂါတိုးလာတဲ့လူနာတွေ၊ ရောဂါပွားလာတဲ့လူနာတွေ စုပြုံခဲ့လာတဲ့လူနာတွေကို နေ့စဉ် မြင်နေရတာ မပျော်ပါဘူး။ ကိုယ်ပိုင်ဆေးခန်း၊ ကိုယ်ပိုင်ဆေးရုံ၊ ကိုယ်ပိုင်ဆေးဆိုင်ပိုင်ရှင်၊ ဆေးဆရာဆိုသူ တွေကတော့ ဆန့်ကျင်ဘက်ပါ။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေပေါ့။

ကိုယ်ခံစားနေရတဲ့ဝေဒနာတွေကိုတောင် စကားဆုံးအောင် ပြောခွင့်မရရှာဘဲ အကျဉ်းနည်းနဲ့ စီရင်နေတဲ့ ဆေးဆရာတွေရှေ့မှာ ကိုယ်ရောင်ကိုယ်ဝါ မှေးမှိန်သွားကြရရှာပါတယ်။ အချိန်ငါးမိနစ်လောက်ကလေး နားထောင် ပေးပါလို့ တောင်းပန်ရင် မကြိုက်ချင်။ (လူနာတစ်ယောက်ကို ဒေါ်လာ ငါးဆယ်ယူပြီး အချိန်ပေး နားထောင် တတ်တဲ့ဆရာတွေ မပါပါ။)

အဓိကအလုပ်ကတော့ အကျဉ်းနည်းနဲ့နားထောင်၊ အကျဉ်းနည်းနဲ့စစ်ဆေးပြီးတာနဲ့ ဓာတ်ခွဲခန်းကို လွှဲတော့တာပါပဲ။ ဒီမှာတော့ ဓာတ်ခွဲခန်းကလူတွေ အလုပ်ဖြစ်ကြပါတယ်။ စစ်ဆေးပေးသူနဲ့ လွှဲပေးသူတို့ကြားမှာလဲ အပြန်အလှန် အပေးအယူ တူညီမှုကြပါတယ်။

ကိုယ့်ပြည်မှာ ဒီလိုရှိနေပေမယ့် ကမ္ဘာမှာတော့ တစ်မျိုးပြောင်းနေတာ အံ့ဩစရာပါပဲ။ ဘာမှမတတ်နိုင်လို့ စိတ်ပျက် စိတ်ဓာတ်ကျပြီး (Burmt Out) ဖြစ်နေရတဲ့သူတွေထဲမှာ ဓာတ်ခွဲခန်းက ပညာရှင်တွေ ထိပ်ဆုံးရောက်နေတယ် လို့ဆိုပါတယ်။

အရွယ်ပေါင်းစုံကို ဓာတ်ခွဲစစ်ဆေးပေးရတာမို့ ကလေးတွေ၊ ဆယ်ကျော်သက်တွေ၊ လူငယ်တွေရဲ့ သွေးထဲမှာ မရှိသင့်သေးတဲ့ ဓာတ်ပစ္စည်းတွေ (ဥပမာ - ကင်ဆာ၊ နှလုံး၊ သွေးတိုး စတဲ့ ရောဂါ အမျိုးမျိုးရဲ့ အထောက်အထားတွေ) ကို မထင်မှတ်ဘဲ တွေ့နေကြရပြီး အရွယ်မတိုင်ခင် ဖြစ်လာတော့မယ့် ဆီးချို၊ နှလုံး၊ သွေးတိုး၊ အသည်းရောဂါတွေကအစ ခန့်မှန်းသိမြင်နေကြပေမယ့် ဆေးကုတဲ့ကိစ္စက ဓာတ်ခွဲခန်းက လူတွေရဲ့အလုပ်မဟုတ်လို့တာရယ်၊ ကလေးတွေ၊ လူငယ်တွေရဲ့ နေထိုင်စားသောက်မှုဘဝဟန် (Life Style) တွေကို ပြုပြင်ပေးဖို့၊ ကာကွယ်ပေးဖို့ လက်လှမ်းမမှီတာ ရယ်ကြောင့် စိတ်ထိခိုက်ကြရပါတယ်။ "A report published in the Lancet found that eleven million deaths worldwide in 2017 could be attributed to the diet deficient in vegetables, seeds and nuts but laden with salt, fat and sugar" လို့ ဒေါက်တာမက်တေးရဲ့ "The Myth of Normal" ဆိုတဲ့စာအုပ်မှာ ဖော်ပြထားတာတွေ့ရပါ တယ်။ 

“လင်းဆက်သုတေသနစာစောင်ထဲမှာ ၂၀၁၇ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးမှာ သေဆုံးသူပေါင်း(၁၁) သန်းရှိခဲ့ပြီး အဓိကအကြောင်းရင်းက အစားအသောက်တွေထဲမှာ ဟင်းသီးဟင်းရွက်နဲ့ အစေ့ အဆံတွေ ချို့တဲ့ကာ အဆီ၊ ဆားနဲ့ သကြားတွေ များနေတဲ့အတွက် ရောဂါတိုးပြီး သေကြရတယ်။” လို့ ဆိုပါတယ်။

"According to another study presented to the American Heart Association, sugary drinks alone maybe responsible for up to (180,000) deaths around the world."

"အမေရိကန် နှလုံးရောဂါအသင်းရဲ့ သုတေသနစာတမ်းတစ်စောင်မှာ အချိုရည်တွေ သောက်သုံးတာကြောင့် ကမ္ဘာပေါ်မှာ လူပေါင်းတစ်သိန်းရှစ်သောင်း (၁၈၀,၀၀၀) သေဆုံးမှု ရှိ ခဲ့တယ်” လို့ ဖော်ပြထားပါတယ်။

ဒါကိုပဲ "Coca-colonization" ကိုကာကိုလာ ကိုလိုနီချဲ့ထွင်ခြင်းရဲ့ရလဒ်လို့ ယိုးစွပ်သူတွေ ရှိလာပါတယ်။ မြန်မာပြည်မှာတော့ ကိုကာကိုလာတွေ မရောက်ခင်ကတည်းက အချိုရည် အမျိုးမျိုး ကို ကလေး၊ လူကြီး အားလုံးက နှစ်ခြိုက်ကြတယ်။ ကြော်ငြာတွေအမျိုးမျိုးနဲ့ အချိုရည်အမျိုးမျိုးကို သောက်လိုက်ရင် အမောပြေရုံမက အားရှိလွန်းလို့ “အချိုရည် အခြေပြု အောင်ပွဲခံကြပုံ" တွေကို ဆယ်လီတွေရဲ့ကြော်ငြာတွေဟာ အလျှံပယ်ရှိနေပါတယ်။ အလွန်အကျွံတင်စား ကြော်ငြာနေကြတာ ကို ကန့်သတ်ထိန်းချုပ်ဖို့တော့ လိုနေတာအမှန်ပါပဲ။

စာရေးဆရာ ဒေါက်တာမက်တေးက “ကမ္ဘာပေါ်မှာ ဖြစ်ပွားနေတဲ့စစ်ပွဲတွေထဲက အကြီးမား ဆုံးဟာ သူဋ္ဌေးတွေနဲ့ ဆင်းရဲသားတွေကြားမှာ အတောမသတ် ဖြစ်ပွားနေကြောင်း သမိုင်း အထောက်အထားနဲ့ ဖော်ပြခဲ့ပါတယ်။ အကျိုးအမြတ်ရယူဖို့ ရည်ရွယ်ချက် တစ်ခုတည်းဖြစ်နဲ့ဖြစ်ပွား နေတာကြာပြီလို့ ဆိုပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်း နိုင်ငံခြားဆေးကုမ္ပဏီတစ်ခုက ပိုင်ရှင်နဲ့ စကားလက်ဆုံကျခဲ့ ဖူးပါတယ်။ “အားဆေးလို့ခေါ်တဲ့ ဆေးတွေထဲမှာပါတဲ့ သက်စောင့်ဓာတ် ဗီတာမင်က နည်းနည်းရယ်၊ ဆေးရည်ထဲမှာ သကြားရည်ရယ်၊ အရက်ကလေးပါလေကာ ထည့်ပေးထားတာကို သောက်သူ တွေက ကြိုက်ကြတာပါ။ လူတွေဟာ အသိပညာနည်းလေလေ ငါတို့ရောင်းတဲ့ဆေးတွေကို သောက်ကြလေလေပဲ။ အသိပညာအခြေခံနည်းတဲ့ လူသန်းပေါင်းတစ်ထောင်လောက် အားပေး နေတဲ့တိုင်းပြည်မှာ အလုပ်ဖြစ်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။ ကိုယ်တိုင်အတွေ့အကြုံပါ။

အားဆေး၊ အားရှိတဲ့အစားအသောက်၊ အားရှိတဲ့အချိုရည် ဒါတွေဟာ မြန်မာ့အခြေခံ လူတန်းစားတွေကနေ အထက်တန်းစားတွေထိ ကြားထဲမှာ “မရှိမဖြစ်ဆေး” ဖြစ်နေတာကြာပေါ့။ အံ့စရာတစ်ခုက သူများနိုင်ငံက ချမ်းသာသူတွေနဲ့ ကိုယ့်နိုင်ငံက သူဌေးဆိုသူတွေရဲ့ အကြိုက်တွေ ကွာတော့ ရောဂါထူကြရာမှာ အတူတူပါပဲ။

“ဓမ္မိယလဒ္ဓခေါ်တဲ့ ဖြူစင်စွာ ရှာဖွေသော အကျိုးစီးပွား” ဆိုတာကို ဘယ်လိုပေတံနဲ့ တိုင်းကြမှာလဲ။ လူတွေရဲ့ အသက်တွေနဲ့ အရင်းအနှီးလုပ်ပြီးဖြစ်နေတဲ့ စစ်ပွဲကြီးတွေမှာလဲ လက်နက်ရောင်းလို့ရတဲ့ အမြတ်တွေ၊ မတရားအခွင့်အရေးယူပြီး သိမ်းပိုက်လုပ်စားထားကြတဲ့သယံဇာတ၊ ရေနံတွေကအစ မူးယစ်ဆေးဝါးထုတ်လုပ် ကုန်ကူးမှုတွေအထိ လက်ဝါးကြီးအုပ် ထားရုံမက လောဘဇော မသတ်နိုင်ဘဲ ကျားဖြန့် စတဲ့ အင်တာနက်လိမ်လည်မှု၊ ဆိုင်ဘာပြစ်မှု (Cyber Crimes) တွေနဲ့ပါ "နယ်စည်းမထား" ဘဲ ရယူထားတဲ့ အကျိုးအမြတ်တွေဟာ ရိုးရိုးသားသား လက်လုပ်လက်စားတွေအတွက် ဘဝပျက်စေတဲ့ အကြောင်းတရားတွေပါပဲ။

ဒီလိုအဖိစီးခံနေရတဲ့ လူ့အဖွဲ့အစည်းကြီးကို “Toxic Society" "အဆိပ်သင့်နေသော လူ့အဖွဲ့အစည်း” လို့ ဒေါက်တာမက်တေးက ရေးဖွဲ့ခဲ့ပါတယ်။ "Traumas, Illness and Healing in a Toxic Culture" လို့ ခေါင်းစဉ်တပ်ထားတဲ့စာအုပ်မှာ Traumas ဆိုတာကို ရုပ်ခန္ဓာကိုယ် ထိခိုက်မှု ထက် စိတ်ထိခိုက်မှုကို ဇောင်းပေးရေးထားတာတွေ့ရပါတယ်။ ကမ္ဘာကြီးရဲ့ လူမှုဆက်ဆံရေးဟာလည်း “အဆိပ်သင့်နေတဲ့ ယဉ်ကျေးမှုတစ်ရပ်” “Toxic Culture" ဖြစ်နေပုံကို ရှင်းလင်းတင်ပြထားတာ တွေ့ရပါတယ်။ Dr. Gabor Mate ရဲ့ "The Myth of Normal" "ပုံမှန်ဟု ဆိုသော ဒဏ္ဍာရီ" စာအုပ်ဟာ New York Times ရဲ့ အရောင်းကောင်းဆုံးစာအုပ် ဖြစ်လာခဲ့ပါတယ်။

"Health is inextricably tied to climate change" လူသားတွေရဲ့ ကျန်းမာရေးနဲ့ ရာသီဆိုး တွေဟာ ခွဲထုတ်လို့ မရပါဘူး” လို့ အမေရိကန်ဆေးပညာအဖွဲ့အစည်း (JAMA) စာစောင်ထဲမှာ ရေးထားပါတယ်။ ရာသီဥတုပြောင်းလဲ ဆိုးဝါးလာခြင်းဟာ လူထုကျန်းမာရေးအတွက် အကြီးမားဆုံး အန္တရာယ် "The greatest threat to global public health" ဖြစ်တဲ့ အတွက် ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်တွေမှာ တာဝန်အကြီးဆုံးဖြစ်တယ်လို့ ဆေးပညာရှင်ဂျာနယ်ပေါင်း နှစ်ရာကျော်က ထောက်ပြထားကြပါတယ်။

*ရေနံကုမ္ပဏီကြီးတွေဟာ ဒေါ်လာငွေ ဘီလီယံပေါင်းများစွာ သုံးပြီး အစိုးရတွေကို လွှမ်းမိုးခဲ့တယ်။

* အကြံပေး Think Tank အဖွဲ့တွေ၊ အငြိမ်းစားသိပ္ပံပညာရှင်ကြီးတွေသာမက လူထု အခြေပြုအဖွဲ့အစည်း အတုအယောင်တွေထံကနေ ဆန့်ကျင်ဘက်အသံတွေ၊ အကြံ တွေ ထွက်စေခဲ့တယ်။

* အမေရိကန်ကွန်ဂယက်က နိုင်ငံရေးသမားတွေကို နိုင်ငံတကာရဲ့ ကြိုးစား အားထုတ်မှုနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေ လျှော့ချဖို့ကိစ္စတွေ ဆန့်ကျင်ပိတ်ဆို့စေခဲ့ တယ်။

ဒီအပြုအမူတွေဟာ အဆိပ်သင့်နေတဲ့ယဉ်ကျေးမှု (Toxic Culture) အဖြစ် ပြောင်းလဲပြီး ကမ္ဘာကြီးကို အဆိပ်သင့်စေခဲ့တယ်လို့ ၂၀၁၉ ခုနှစ်ထုတ် The Guardian မှာ ရေးခဲ့တယ်။

"The harms of climate change include acute and chronic physical illness along with mental health challenges" ရာသီဆိုးကြောင့် ရောဂါတွေမှာ နာတာရှည်ဖြစ်လာမှုအပြင် စိတ်ကျန်းမာရေးအတွက်ပါ အန္တရာယ်ရှိလာတယ်လို့ ဒေါက်တာမက်တေးက ရေးသားဖော်ပြခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ ကမ္ဘာကြီးမှာ အသက် (၄၅) နှစ်အထက် လူသားများရဲ့ သုံးပုံတစ်ပုံဟာ လူမှုရေးအရ ဘေးဖယ်ခံနေရပြီး အသက် (၆၅) နှစ်အထက် လူတွေရဲ့ လေးပုံတစ်ပုံဟာလည်း လူ့အဖွဲ့အစည်းကနေ ပစ်ပယ်ခံနေရတယ်လို့ ဖော်ပြထားပြီး အထီးကျန်ဖြစ်နေ တဲ့သူတွေရဲ့ကျန်းမာရေးကို ဂရုစိုက်ကြဖို့ ဖော်ပြခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်က "WHO declares lonliness a global health concern" လို့ ကြေညာခဲ့ပါတယ်။

ရာသီဥတုဖောက်ပြန်မှု၊ ဆင်းရဲမွဲတေမှု၊ လူ့အဖွဲ့အစည်း အဆိပ်သင့်လာမှုနဲ့အတူ လူရာမဝင်မှု၊ခွဲခြားဆက်ဆံမှု၊ ပစ်ပယ်ခံရမှုတွေကနေတစ်ဆင့် လူသားတွေဟာ အထီးကျန်ရတဲ့ ခံစားမှုတွေနဲ့အတူ “သေမထူး၊ နေမထူး” စိတ်တွေနဲ့ ပြုမူလာကြတာတွေကိုလည်း မတားဆီးနိုင်တော့တဲ့ကမ္ဘာကြီး ဖြစ်နေပါတယ်။

ဒီလိုအဆိပ်သင့်နေတဲ့ကမ္ဘာကြီးထဲမှာ မြန်မာတွေ ဘာဖြစ်နေသလဲ။ အထူးသဖြင့် မြန်မာ လူငယ်တွေရဲ့ဘဝကို ပွင့်ပွင့်လင်းလင်း ဖော်ပြထားတဲ့ စာရေးဆရာ ဦးခင်မောင်ညွန့်ရဲ့ "The Lingering Echoes of Pain: How early wounds shape a Lifetime" ဆောင်းပါးကို The Global Newlight of Myanmar သတင်းစာ (၁၁-၇-၂ဝ၂၅) ထုတ်မှာ ဖတ်လိုက်ရပါတယ်။

"A generation of young people has been shaped not by "Peace" but by the "Traumas" of an unnecessary war. They carry invisible scars of lost safety, broken trust, and interrupted futures. These wounds may not bleed, but they foster silently, threatening to poison nation's future. To rebuild a country while ignoring the emotional damage to its people is like planting new crops in scorched earth"

"True national building cannot come through infrastructure alone.... Myanmar’s future cannot rise in broken hearts and buried pain" 

“လူငယ်မျိုးဆက်တစ်ဆက်ဟာ သွေးမထွက်တဲ့ စိတ်ဒဏ်ရာတွေ ခံစားနေကြရပါတယ်။ ငြိမ်းချမ်းစွာ ကြီးပြင်းခွင့်မရရှာဘဲ မလိုလားအပ်တဲ့စစ်ပွဲတွေကြောင့် စိတ်ဒဏ်ရာ (Trauma) တွေ ရနေရတယ်။ လုံခြုံမှုမရှိ၊ ယုံကြည်မှုပျက်ပြားပြီး အနာဂတ်ဘဝ အမှောင်ကျနေတဲ့ ခံစားချက်တွေဟာနိုင်ငံရဲ့အနာဂတ်ကိုပါ အဆိပ်သင့်စေမဲ့ မမြင်နိုင်တဲ့ဒဏ်ရာတွေပဲဖြစ်ပါတယ်။ ဒီစိတ်ဒဏ်ရာတွေကို မသိကျိုးကြံ့ပြုပြီး နိုင်ငံကို ပြန်လည်တည်ဆောက်မယ်ဆိုရင် မီးလောင်မြေမှာ ပျိုးပင်တွေ စိုက်သလို ဖြစ်သွားမှာပဲ” ။

“စစ်မှန်တဲ့ နိုင်ငံတော်တည်ဆောက်ရေးဟာ အခြေခံအဆောက်အဦတွေချည်းနဲ့ မပြီးဘူး။ မြန်မာ့အနာဂတ်ကို ကြေကွဲနေတဲ့နှလုံးသားတွေ၊ မြုံနေတဲ့ရင်ကွဲနာတွေနဲ့ တည်ဆောက်လို့ မရနိုင်ဘူး" လို့ ဆရာခင်မောင်ညွန့်က ထင်ရှားစွာ ဖော်ပြခဲ့တာကို ကျွန်တော် အလွန်ပဲ နှစ်သက် သဘောကျပါတယ်။

ကလေးတွေ၊ လူငယ်တွေမှာ တွေ့ကြုံခံစားလိုက်ရတဲ့ စိတ်ဒဏ်ရာတွေဟာ မသိရင်၊ မကုရင် သေရာပါတတ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒုက္ခသည်တွေကြားမှာ ဝန်ဆောင်မှုတွေပေးခဲ့စဉ်က အတွေ့အကြုံတွေကို ပြန်သတိရပါတယ်။ ထိုင်းဘုရင်ကစေလွှတ်တဲ့ကျန်းမာရေးအဖွဲ့ကို ဦးဆောင်ပြီး မြောင်းမြနဲ့ လပွတ္တာမြို့က မုန်တိုင်းဒဏ်ခံဒုက္ခသည်တွေထဲမှာ စိတ်ဒဏ်ရာ (Trauma) ခံစားနေရတဲ့ကလေးတွေကို ဖော်ထုတ်ပြီး စောင့်ရှောက်မှုပေးခဲ့တဲ့ ထိုင်းနိုင်ငံက စိတ်ပညာရှင် တွေဟာ ဆေးဆရာတွေထက်ကို ပိုပြီး အလုပ်များပါတယ်။ သာမန်အားဖြင့်ကြည့်ရင် အပေါ်ယံကြော အတူတူပဲလို့ ထင်ရပေမယ့် ကျွမ်းကျင်ပညာရှင်တွေရဲ့ လေ့လာဖော်ထုတ်စောင့်ရှောက်မှုတွေကို သတိပြုမိပါတယ်။ (ကိုယ်တိုင်လည်း ကိုယ်ချင်းစာပြီး စိတ်ဒဏ်ရာတွေရခဲ့တာ အမှန်ပါပဲ။)

ယခုနောက်ဆုံး မန္တလေးငလျင်ကြီးအပြီးမှာ ဒုက္ခသည်တွေရဲ့စိတ်ဒဏ်ရာတွေကို ပညာရှင် တွေက ချက်ခြင်းအုပ်စုလိုက် စောင့်ရှောက်မှုပေးနေကြတာမြင်ရတော့ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ အသက်ဆုံးရှုံးခဲ့ရသူတွေ ရှိခဲ့တယ်။ ကယ်တင်ဖို့ရွှေအချိန် (Golden Time) ကို အရယူ ကယ်တင် ကြတယ်။ ခြေတွေ၊ လက်တွေ ဆုံးရှုံးသွားတာကိုလည်း အချိန်မှီ ကုပေးနိုင်ခဲ့ကြတယ်။ ဒါ့အပြင် မမြင်နိုင်တဲ့စိတ်ဒဏ်ရာတွေကိုပါ ဖော်ထုတ်ပြုပြင် စောင့်ရှောက်ပေးခဲ့တဲ့ အတွေ့အကြုံကို သင်ခန်းစာယူပြီး ကျန်းမာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရပါမယ်။

"As the weather becomes more and more erratic, it is necessary that we understand how fluctuatios in weather are affecting our health" လို့ ၁၄-၇-၂၀၂၅ ရက်ထုတ်Indian Times မှာ ဖော်ပြထားတာကိုလည်း သတိပြုစေချင်ပါတယ်။

“ရာသီဥတုဖောက်ပြန်မှုတွေ များလာတာနဲ့အမျှ လူသားတို့ရဲ့ကျန်းမာရေးကို ဖိစီးနှိပ်စက် နေတယ်ဆိုတာကို နားလည်ထားမှဖြစ်မယ်" လို့ ပညာရှင်တွေက သတိပေးနေကြပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ရာသီဥတုဖောက်ပြန်မှုဒဏ်ကို အဆိုးဝါးဆုံးခံနေရတဲ့ နိုင်ငံ တစ်နိုင်ငံပဲဖြစ်ပါတယ်။ နာဂစ်မုန်တိုင်း၊ မိုခါမုန်တိုင်းသာမက ရာဂီမုန်တိုင်းရဲ့အဖျားခတ်မှု၊ အင်ဒိုနီးရှား အာချဲဒေသ ငလျင်ကြီးကြောင့်ဖြစ်တဲ့ ဆူနာမီနဲ့ ဖူကူရှီးမားငလျင်တွေရဲ့ အဖျားခတ်မှု တွေကိုခံခဲ့ရပြီး အခုတော့ အလွန်ပြင်းထန်တဲ့ မန္တလေးငလျင်ကြီးရဲ့ဒဏ်ကိုပါ ခံနေရပါတယ်။ ဒါဟာလည်း စစ်ကိုင်းပြတ်ရွေ့ကြော (Sagaing Fault) ကြီးရှိခဲ့၊ ငလျင်ကြီးလှုပ်ခဲ့တဲ့ ရာဇဝင်ကြီး ရှိလျက်နဲ့ ပညာစွမ်းဖြင့် ချွန်းကဲ့သို့အုပ်ခွင့်တွေ လက်လွတ်ဆုံးရှုံးခဲ့ရတာလည်းရှိပါတယ်။ အပူဒဏ် အပြင်းထန်ဆုံးခံခဲ့ရတဲ့နိုင်ငံထဲမှာလည်း မြန်မာပါပါတယ်။ မြန်မာပြည်အလယ်ပိုင်းဟာ ကန္တာရ သဖွယ် ပြောင်းလဲနိုင်ချေရှိတယ်ဆိုတာလည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးစုကတည်းက သိခဲ့တယ်။ လုပ်နိုင်သလောက် လုပ်ခဲ့ကြပါတယ်။

ဒါပေမယ့် ကမ္ဘာ့ရာသီဖောက်ပြန်မှုကြီး ဖြစ်လာအောင်လုပ်ခဲ့တဲ့တရားခံတွေထဲမှာ ကျွန်တော်တို့ မြန်မာ မပါပါဘူး။ ဒဏ်ခံနေရရုံသက်သက်ပဲဖြစ်ပါတယ်။ ရာစုနှစ်ပေါင်းများစွာ ကမ္ဘာဖျက်ပြီး ကမ္ဘာပျက်သူဋ္ဌေးကြီးတွေ လုပ်နေတဲ့နိုင်ငံတွေဟာ ခုထက်ထိ လောဘတက်ဆဲပါပဲ။ ဇွဲကောင်းကောင်းနဲ့ ဖျက်ဆဲ၊ ဖျက်လတ္တံ့၊ တားမရ ဆီးမနိုင်ဖြစ်ဆဲပါ။ 

ကျွန်တော့မိတ်ဆွေကြီး Joseph E. Stiglitz ကတော့ သူ ၂၀၁၂ ခုနှစ်က ရေးခဲ့တဲ့ “The Price of Inequality" စာအုပ်ထဲမှာ -

"The political system seems to be failing as much as the economic system."

“စီးပွားရေးစနစ်လိုပဲ နိုင်ငံရေးစနစ်ဟာလည်း ပျက်စီးနေပါပြီ” လို့ ရေးခဲ့တယ်။

"Capitalism is failing to produce what was promised, but is delivering on what was not promised inequality, pollution, unemployment, and most important of all, the degradation of values to the point where everything is acceptable and no one is accountable” လို့ နိုဘယ်ဆုရ စာရေးဆရာကြီး စတစ်ဂလစ်ဇ် က ဖွင့်ချခဲ့ပါတယ်။ 

“အရင်းရှင်စနစ်ဟာ ကတိပေးတဲ့အတိုင်း ဘာမှ မဆောင်ရွက်နိုင်ဘဲ ကတိထားတဲ့အထဲမှာ မပါတဲ့ မတူညီမှုတွေ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေ၊ အလုပ်လက်မဲ့တွေအပြင် အရေးကြီးဆုံး အပျက်အစီးကတော့ တန်ဖိုးထားမှုတွေ ပျက်သုဉ်းသွားခြင်းပဲဖြစ်ပါတယ်။ ဘာပဲလုပ်လုပ် လုပ်လို့ ရတယ်။ ဒါပေမယ့် ဘယ်သူမှ တာဝန်ခံမှု၊ တာဝန်ယူမှု မရှိကြဘူး” ဆိုတာပါပဲ။

ဒါနဲ့ပတ်သက်ပြီး ကျွန်တော် “မြင်လိုလှသည့် မြန်မာ့ပုံရိပ်” စာတမ်းထဲမှာ ပုံစံဖော်ပြပြီး ရေးသားခဲ့ပါတယ်။ မြန်မာနိုင်ငံထဲမှာ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးအာမခံချက်တွေရှိရုံ သာမကအစိုးရတစ်ရပ်ထဲက တာဝန်ခံမှုရှိရုံနဲ့မပြီးဘဲ “တာဝန်သိလူထု” ၊ “တာဝန်သိနိုင်ငံ ခေါင်းဆောင်များ" ၊ “တာဝန်သိမီဒီယာများ” ၊ “တာဝန်သိလုပ်ငန်းရှင်များ” ၊ “တာဝန်သိပြည်သူ့ ဝန်ထမ်းများ” အားလုံး စုပြီး အနာဂတ်နိုင်ငံတော်ကို ပြုစုပျိုးထောင်မှဖြစ်မယ်လို့ အကြံပြုခဲ့ပါတယ်။

ကမ္ဘာကြီးပေါ်မှာ စုဆုံလာတဲ့ အပျက်အစီးတွေထဲမှာ မြန်မာနိုင်ငံအတွက် အထိခိုက်ဆုံးက ရာသီဆိုးဒဏ်ထက်ပိုတဲ့ ယဉ်ကျေးမှုအဆိပ်သင့်ခြင်း (Toxic Cuture) ပဲ ဖြစ်ပါတယ်။ မြန်မာ့ ယဉ်ကျေးမှုစံနှုန်းတွေကို ချိုးဖဲ့ဖျက်ဆီးပြီး အနောက်တိုင်းစံနှုန်းတွေ (Western Norms) တွေနဲ့ အစားထိုးလာကြပေမယ့် ဘယ်သူမှ တာဝန်ခံမှု၊ တာဝန်ယူမှု မရှိတဲ့အနေအထားဟာ “ဆေးကု၍ မရပါ” လို့ ဆိုရမလိုပါပဲ။

ကျွန်တော်တို့ရဲ့ အဖိုးတန်ရတနာအမွေခံ လူငယ်မျိုးဆက်သစ်တွေရဲ့မျက်နှာကို ငဲ့ကွက် ကြည့်ပြီး

* စုစည်းပတ်သက်ချိတ်ဆက်တဲ့လူ့အဖွဲ့အစည်း (Belongingness)

* ကိုယ့်ဘဝကိုယ်ထူထောင်နိုင်ခွင့် (Autonomy)

* ကျွမ်းကျင်မှုအရည်အသွေး (Competence)

* ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှု (Self-esteem)

* ကိုယ်တိုင်နဲ့ လူ့အဖွဲ့အစည်းရဲ့ယုံကြည်မှု (Trust)

* ရည်ရွယ်ချက်ရှိရှိ အဓိပ္ပာယ်ရှိတဲ့ဘဝကို ရယူနိုင်ခွင့် (Purpose, Meaningful)

ဆိုတဲ့အချက်တွေ လူငယ်တွေမှာ ပိုင်ဆိုင်လာရင် သူတို့ရဲ့စိတ်ဒဏ်ရာတွေ လျော့ပါးကာ ကျန်းမာတဲ့လူ့အဖွဲ့အစည်း၊ စိုးရိမ်ကြောင့်ကြမှုတွေကို ဖယ်ရှားနိုင်မယ့် လူ့အဖွဲ့အစည်း၊ အထီးကျန် သေမထူး နေမထူးဘဝနဲ့ ဝါးအစည်းပြေနေတဲ့ လူ့အဖွဲ့အစည်းမျိုးမဖြစ်ဘဲ တိုင်းပြည်အတွက် အပြုသဘောဆောင်တဲ့ အင်အားတွေအဖြစ်နဲ့ အဆိပ်သင့်နေတဲ့ ကမ္ဘာကြီးကိုလည်း အဆိပ်ဖြေဆေး ပေးနိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒေါက်တာခင်မောင်လွင်

ဝါရင့်အကြံပေးအဖွဲ့ဝင်

မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့

ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်

Photo Crd to toxicworld.studio