နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့
Posted_Date
Image
Body
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဓိကမောင်းနှင်အားသည် စီးပွားရေးကောင်းမွန်ခြင်း ဖြစ်သည်။ နိုင်ငံအတွင်းတွင် ဈေးကွက်ဝင်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်မှသာ နိုင်ငံ့ဝင်ငွေ မြင့်မားပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတို့ကို အခြေခံသောနိုင်ငံဖြစ်သည်။ ` စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို ခေတ်မီနည်းစနစ်များဖြင့် ပြုပြင်ပြောင်းလဲဆောင်ရွက်လျက် အခြားစီးပွားရေးကဏ္ဍများအား ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် ဖော်ဆောင်လျက်ရှိသည်။
ပြည်တွင်းထုတ်လုပ်မှု တိုးတက်၍ ပြည်ပပို့ကုန်ထုတ်လုပ်မှုကို နှစ်ဆတိုးမြှင့်နိုင်မှသာ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုနိုင်မည် ဖြစ်သည်။ သို့ပါ၍ မိမိတို့ နိုင်ငံတော်ကြီးရွှေသီး၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာအဆင့်မီ ထုတ်ကုန်ထုတ်လုပ်မှုများကို တိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်သည်။
မြန်မာနိုင်ငံသည် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးတိုးတက်စေမည့် အရင်းအမြစ်ကောင်းများကို ပိုင်ဆိုင်ထားပြီးဖြစ်သည်ကို တွေ့ရသည်။ အောင်မြင်အောင် လုပ်ဆောင်နိုင်ရန် ဒေသအတွင်းဈေးကွက် လိုအပ်ချက်ရှိသည့် ထုတ်ကုန်ပစ္စည်းများ(ဥပမာအားဖြင့် ရော်ဘာနှင့်ရော်ဘာထုတ်ကုန်ပစ္စည်းများ)ကို ပြည်တွင်းမှထွက်ရှိသည့် ရော်ဘာအခြေခံကုန်ကြမ်းများ အသုံးပြုပြီး အဆင့်မြင့်ကုန်ချောထုတ်လုပ် တင်ပို့ပါက နိုင်ငံအတွက်များစွာ အကျိုးပြု ဖြစ်ထွန်းစေနိုင်မည် ဖြစ်သည်။ မိမိတို့နိုင်ငံ၏ ပတ်ဝန်းကျင်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် လူဦးရေထူထပ်သော နိုင်ငံများဖြစ်ကြသည်။ ၎င်းနိုင်ငံများတွင် ဖိနပ်အဖြစ် အသုံးပြုရသည့် ရော်ဘာ၊ သားရေလိုအပ်ချက်များ မည်မျှကြီးသည်ကို တွက်ကြည့်ပါက သိမြင်နိုင်သည်။ အလားတူ ၎င်းနိုင်ငံများ၏ မော်တော်ကားမျိုးစုံ၊ ဆိုင်ကယ်မျိုးစုံအတွက် ရော်ဘာမှထွက်ရှိသည့် တာယာနှင့်ကျွတ်လိုအပ်ချက်ကို သိရှိကာ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံအတွက် စီးပွားရေးအခွင့်အလမ်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်သည်။ နိုင်ငံတော် အနေဖြင့်လည်း အဆိုပါ လုပ်ငန်းများ အောင်မြင်စေရေးအတွက် လိုအပ်သည့် ပံ့ပိုးကူညီ ဆောင်ရွက်ပေးမှုများကို အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
အဝတ်အထည်၊ ချည်မျှင်နှင့်ပတ်သက်၍လည်း မိမိတို့နိုင်ငံအတွင်း ဝါစိုက်ပျိုးနိုင်သည့်အတွက် ဈေးကွက်လိုအပ်ချက်ရှိသော ချည်မျှင်နှင့်အဝတ်အထည်များကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် စိုက်ပျိုးသီးနှံများအတွက် အထွက်နှုန်းပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေးနှင့် သီးထပ်စွမ်းအားပြည့်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်မှ အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။
စိုက်ပျိုးထုတ်လုပ်နိုင်မှုအနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် မိုးစပါးလျာထားစိုက်ဧက ၁၅ သန်း ရှိသည့်အနက် ၁၄ ဒသမ ၈၁ သန်း စိုက်ပျိုးနိုင်ခဲ့၍ နွေစပါးလျာထားစိုက်ဧကအနေဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ စိုက်ဧက ၂ ဒသမ ၉၉ သန်းလျာထားခဲ့ရာ စိုက်ပျိုးပြီးဧကမှာ ၁ ဒသမ ၄၀ သန်းရှိသည်။ ဆီထွက်သီးနှံစိုက်ပျိုးဧက ၈ ဒသမ ၁၂ သန်း၊ ပဲမျိုးစုံ စုစုပေါင်းစိုက်ဧက ၁ဝ ဒသမ ၆၂ သန်း၊ ချည်မျှင်ရှည်ဝါစိုက်ပျိုးဧက သုည ဒသမ ၅၂ သန်းနှင့် ချက်ကြံရင့်ဧက သုည ဒသမ ၄၂ သန်းတို့ကို စိုက်ပျိုးနိုင်ခဲ့သည်။ ဆီထွက်သီးနှံနှင့် အခြားသီးနှံများ စိုက်ပျိုးရရှိရေးအတွက် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ ကျေးရွာပေါင်း ၆၅ ရွာတွင် လုပ်ငန်းပေါင်း ၆၈ ခုအား ရန်ပုံငွေကျပ် ၁၃၉၃ ဒသမ ၄၈၄ သန်းဖြင့် ဆောင်ရွက်နိုင်ခဲ့ပြီး စိုက်ပျိုးဧက ၄၅၃၂ ဒသမ ၄၃ ဧကနှင့် တောင်သူပေါင်း ၁၃၆၆ ဦးကို အကျိုးပြုနိုင်ခဲ့သည်။
ထို့ပြင် ဆီထွက်သီးနှံမှတစ်ဆင့် ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပမှစားသုံးဆီတင်သွင်းမှုကို လျှော့ချပြီး ပြည်တွင်းမှ ထွက်ရှိသည့် ပဲဆီ၊ နှမ်းဆီတို့ဖြင့် အစားထိုးဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ တိုင်းဒေသကြီး/ပြည်နယ်များ ဖြစ်သည့် နေပြည်တော်၊ ကချင်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရှမ်း၊ ဧရာဝတီတို့ရှိ မြို့နယ် ၁၃ မြို့နယ်တွင် သမဝါယမအသင်းပိုင်ဆီစက် ၁၅ လုံးကို တည်ထောင်ပြီး လုပ်ငန်းများ ပုံမှန်လည်ပတ်လျက်ရှိသည်။
မွေးမြူရေးကဏ္ဍတွင်လည်း ပြည်ပပို့ကုန်အနေဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်၌ မြန်မာနိုင်ငံမှ ဆိတ်ကောင်ရေအရှင် ၁၄၅၀ ကောင်ကို လုပ်ထုံးလုပ်နည်းနှင့်အညီ မလေးရှားနိုင်ငံသို့ တရားဝင် တင်ပို့နိုင်ခဲ့သည်။ နို့စားနွားမွေးမြူထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်တွင်းနို့နှင့် နို့ထွက်ပစ္စည်း မြင့်မားလာစေရေးနှင့် ပြည်ပမှနို့ထွက်ပစ္စည်းတင်ပို့မှု လျော့ကျစေရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နို့စားနွားကောင်ရေ ၄၀၅၁၀ ကောင်ကို မေထုန်မဲ့စနစ်ဖြင့် သားစပ် ဆောင်ရွက်နိုင်ခဲ့သည်။
ထို့ပြင် ရေထွက်သယံဇာတပစ္စည်းများနှင့် ပတ်သက်၍လည်း ဈေးကွက် လိုအပ်ချက်ကြီးမားစွာ ရှိနေသည့်အတွက် တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေး နိုင်ငံတော်မှ တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။
ငါးမွေးမြူရေးကဏ္ဍတွင် ငါးသားပေါက် ၉၈၈ ဒသမ ၈၄၉ သိန်း ထုတ်လုပ်နိုင်ခဲ့ကာ ကောင်ရေ ၃၈၂ ဒသမ ၅၈၉ သိန်း မျိုးစိုက်ထည့်နိုင်ခဲ့ပြီး ကောင်ရေ ၆၀၆ ဒသမ ၂၆ သိန်းကို ဖြန့်ဖြူးရောင်းချနိုင်ခဲ့သည်။ နိုင်ငံတော်အနေဖြင့် ဒေသအလိုက်ထွက်ရှိသော အလားအလာရှိသည့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို ရွေးချယ်၍ ပြည်ပသို့တင်ပို့ခြင်း၊ လိုအပ်သည့် နည်းပညာများ ပံ့ပိုးခြင်း၊ ချေးငွေများ ထုတ်ချေးပေးခြင်း၊ ဈေးကွက်ရရှိစေရန် ဆောင်ရွက်ပေးခြင်းနှင့် အသိပညာပေး ဆွေးနွေးပွဲများ ကျင်းပပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံအတွင်း နိုင်ငံသားတစ်ဦးချင်းစီ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု ရှိမှသာလျှင် တိုင်းပြည်သာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်မည် ဖြစ်သည့်အတွက် ပို့ကုန်တိုးမြှင့်ရေးနှင့် သွင်းကုန်အစားထိုးလုပ်ငန်းများအတွက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးမှုနှင့် Agro-based Industry ကို အဓိကထား၍ အသေးစား၊ အငယ်စား၊ အလတ်စားကုန် ထုတ်လုပ်ငန်း (MSME)များ ဖွံ့ဖြိုးတိုးတက်မှုကို တွဲဖက်ဖော်ဆောင်ပေးလျက်ရှိသည်။ နိုင်ငံ့စီးပွားရေး လုပ်ငန်းများ၏ ၉၅ ရာခိုင်နှုန်းသည် MSME လုပ်ငန်းများဖြစ်ပြီး နိုင်ငံအတွင်းရှိ တိုင်းရင်းသား ပြည်သူများကို ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်နိုင်သည့် MSME လုပ်ငန်းများ၏ ကုန်ထုတ်အရည်အသွေး မြှင့်တင်ဆောင်ရွက်ခြင်းနှင့် အရည်အသွေးကောင်းမွန်သည့် ပို့ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် MSME လုပ်ငန်းများကို အိမ်တွင်းစက်မှုလုပ်ငန်း အဆင့်သာမကဘဲ ဒေသအဆင့်၊ နိုင်ငံအဆင့်ထုတ်လုပ်သည့် ထုတ်ကုန်များ ဖြစ်အောင် ထုတ်လုပ်ခြင်းနှင့် ထုပ်ပိုးခြင်းများကို အရည်အသွေးမြှင့်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားကို မြှင့်တင်နိုင်မည်ဖြစ်သည်။
နိုင်ငံတော်မှ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းအနှီးများ ထုတ်ချေးပေးခဲ့၍ ထပ်မံပြီးထုတ်ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်နိုင်စေရန် အလားအလာကောင်းသည့် နယ်ပယ်နှင့်ဒေသများတွင် အရင်းအနှီးများလိုအပ်ပါက အရင်းအနှီးများ ထုတ်ချေးပေးခြင်းဖြင့် လုပ်ငန်းများအား အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ နိုင်ငံတော်မှ အရင်းအနှီးဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်းများရှိသည့်အတွက် တစ်ဦးချင်းမဟုတ်ဘဲ စုပေါင်းသမဝါယမစနစ်ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့နိုင်ငံတော်မှ နိုင်ငံ့စီးပွားတိုးတက်စေရေးနှင့် အခြေခံပြည်သူလူထု၏ သက်သာချောင်ချိရေး အတွက် မဖြစ်မနေကြိုးပမ်း ဆောင်ရွက်နေချိန်တွင် ပြည်သူအားလုံးကလည်း လိုက်ပါဆောင်ရွက်ရန် လိုအပ်သည်။ နိုင်ငံ့စီးပွားအားကောင်းမှသာလျှင် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ကာကွယ်ရေး စသည့်ကဏ္ဍ အသီးသီးကောင်းမည်ဖြစ်သည်။ သို့ပါ၍ နိုင်ငံ့စီးပွားတိုးတက် ကောင်းမွန်စေရန် တစ်နည်းအားဖြင့် နိုင်ငံတော်ရွှေသီးစေရန် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူအားလုံးက နိုင်ငံတော်နှင့်အတူ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်သွားကြရမည် ဖြစ်သည်။ ။
MWD
