ကွမ်းရွက် ဘာအစွမ်းထက်သလဲ

Posted_Date

Image

ကွမ်းရွက် ဘာအစွမ်းထက်သလဲ

Body

စာကြည့်၊ စာကျက်၊ စာဖတ်သူများသည် မျက်လုံး၊ မျက်ရိုးကိုက်သည့်ဝေဒနာ ခံစားရတတ်သည်။ နာရီ ဝက်၊ တစ်နာရီခန့် စာကြည့်လိုက်လျှင် နားထင်ကြော၊ ဇက်ကြောများ  ကိုက်လာတတ်သည်။ ကွန်ပျူတာ ကြည့်သူဆိုလျှင်       ကွန်ပျူတာမှ ထွက်လာသည့် အလင်းတန်းက  အမြင်အာရုံကြောကို   ပိုပြီးထိခိုက် နိုင်ကြောင်း ပညာရှင်များက ဆိုထားသည်။

စာရေးသူ၏သမီးငယ်တစ်ယောက်သည်    ကွန်ပျူတာတက္ကသိုလ် တက်ခွင့်ရပြီးမှ    မျက်စိပြဿနာကြောင့်  ထွက်လိုက်ရပြီး  အဝေးသင်စီးပွားရေးသို့ ပြောင်းလိုက်ရသည်။ သမီး၏သူငယ်ချင်း ကွန်ပျူတာ ကျောင်းသူတစ်ဦးမှာလည်း မျက်လုံးအိမ်နှင့် မျက်ရိုး ကိုက်သောဝေဒနာ အတော်ခံစားရသဖြင့် စာရေးသူ ကိုယ်တိုင်ပင် မျက်စိဆရာဝန်ကြီးတစ်ဦးထံ ပြသပြီး မျက်မှန်တပ်ပေးလိုက်ရသည်။

သူတို့နှစ်ဦးစလုံးပင် မျက်မှန်တပ်ချင်၍ တပ်ရသူများမဟုတ်။ ချွတ်လိုက်တပ်လိုက်နှင့် အလုပ်ရှုပ်နေ ကြသည်။ လှချင်သော သမီးတစ်ဦးမှာ မျက်ကပ်မှန် လုပ်ချင်သည်ဆိုသဖြင့်     နာမည်ကြီးမျက်မှန်ဆိုင် တစ်ခုသို့ လိုက်ပို့ပြီး မျက်ကပ်မှန် လုပ်ပေးလိုက်ရသည်။ သို့သော် မျက်ကပ်မှန်၏ပြဿနာမှာ အကျင့် မရသေးမီ ထည့်ရခက်ခြင်း၊ ဆေးရည်ဖြင့် ဆေးကြော ရခြင်း၊   မကြာခဏထွက်ကျခြင်း၊    တစ်ခါတစ်ရံ ဝမ်းနည်း၍ငိုလျှင် မျက်ကပ်မှန်ထွက်ကျခြင်းပြဿနာများ တွေ့ကြုံရသည်။

ဤသို့ဖြင့်နေလာရာမှ တစ်ရက် သမီးအိပ်ရာထချိန် တွင်   မျက်လုံးထောင့်နှစ်ဖက်၌   ရှေးကတစ်မတ်စေ့ခန့်ရှိ အရွက်စိမ်းစိမ်းနှစ်ခု ကပ်ထားသည်ကို တွေ့ရသဖြင့် မေးကြည့်ရာ ကွမ်းရွက်ကပ်ထားကြောင်း ပြောသည်။

ကွမ်းရွက်ကို  မျက်လုံးအတွင်း၊  အပြင်ထောင့်များ တွင်ကပ်လျှင်   မျက်လုံးနှစ်ဖက်အတွက်   ကွမ်းရွက်ဝိုင်းလေးခု  ယူရမည်ဖြစ်သည်။   ကွမ်းရွက်ကြီးလျှင် တစ်ရွက်တည်းနှင့် အဝိုင်းငယ်လေးခုရနိုင်သည်။

တခြားနည်းမှာ  ကွမ်းရွက်တစ်ရွက်ကို   မျက်လုံးအရွယ်ခန့် အဝိုင်းပေါက်ဖောက်ပြီး မျက်လုံးတစ်ခုလုံးကို အုပ်ပြီးကပ်သည့်နည်းဖြစ်သည်။ မျက်လုံးနှစ်ဖက် အတွက် ကွမ်းရွက်နှစ်ရွက် လိုအပ်မည်ဖြစ်သည်။

ကွမ်းရွက်ကပ်ခြင်းကြောင့် တစ်နေ့တခြား မျက်လုံးအိမ်အတွင်းမှကိုက်ခြင်း၊ မျက်ရိုးကိုက်ခြင်းများ သက်သာလာကြောင်း ပြောကြသည်။ ကွမ်းရွက်သည် အခိုးစုပ်ယူနိုင်သော သတ္တိရှိသည်သာမက မြန်မာတို့ သည် အနာ၊ သွေးစုနာ၊ မွေးကျွတ်နာ စသည်များတွင်လည်း  ကွမ်းရွက်ကပ်လေ့ရှိကြောင်း  တွေ့ရသည်။ ပြည်မပေါက်သော အနာကို ကွမ်းရွက်ကပ်ပေးလျှင် အမြန်ပေါက်လွယ်သည်။

၁၉၈၈ ခုနှစ်ခန့်က မဂ္ဂဇင်းတစ်စောင်တွင် ယခု ကွယ်လွန်သွားပြီဖြစ်သော   ဆရာကြီးသာဂဒိုးက 'ကွမ်းရွက်ကပ်နည်း အလကားရစေသတည်း' ဟူ သောခေါင်းစဉ်ဖြင့် ဆောင်းပါးရေးဖူးသည်ကို ဖတ်ရ ဖူးသည်။ ယင်းဆောင်းပါးတွင် ဆရာကြီးသည် မျက်မှန်ဒီဂရီတိုးတိုးလာသဖြင့်   အရစ်များထနေသော မျက်မှန်အထူကြီး တပ်နေရာမှ ကွမ်းရွက်ကပ်နည်း ကိုသိရသဖြင့် ကပ်ကြည့်ရာ တစ်ပတ်ခန့်အကြာတွင် မျက်လုံးကိုက်လာသည့်အတွက် မျက်စိဒီဂရီသွားချိန် ကြည့်ရာ   ဒီဂရီလျော့သွားသောကြောင့်   မျက်မှန် လဲလိုက်ရကြောင်း၊  ထပ်မံ၍ ဂရုတစိုက်ကပ်ပေးရာ တွင် နောက်ဆုံး မျက်မှန်လွတ်သွားကြောင်း ရေးသားထားသည်။

ကွမ်းရွက်အသုံးပြုပုံ

-   ကွမ်းရွက်ညှစ်ရည်ကို     ပျားရည်နှင့်တိုက်ပါက ကလေးများလေပွခြင်း၊   အစာမကြေဖြစ်ခြင်း၊ ဝမ်းသွားခြင်း၊ ဖျားနာခြင်းပျောက်၏။

- ကွမ်းရွက်ညှစ်ရည်ကို   နွားနို့နှင့်သောက်ပါက မီးယပ်ကြောင့်ဖြစ်သော စိတ္တဇရောဂါ ပျောက်၏။

-  ကွမ်းရွက်ညှစ်ရည်တွင် ချင်းပြုတ်ရည်နှင့် သိန္ဓော ဆားအနည်းငယ်ထည့်သောက်ပါက ပန်းနာရင် ကျပ်၊  ရင်အောင့်ရင်ကယ်၊  ကြက်ညှာချောင်းဆိုး ရောဂါများပျောက်၏။

-   ကွမ်းရွက်ညှစ်ရည်ကို  မျက်စဉ်းခတ်ပေးခြင်းဖြင့် ကြက်မျက်သင့်နာ၊ မျက်စိရောင်ခြင်း၊ ကိုက်ခြင်း စသည့်မျက်စိနှင့် ဆိုင်သောရောဂါများ ပျောက် ကင်း၏။

-   ကွမ်းရွက်ကို နနွင်းနှင့်ကျိုပြီး ဆားအနည်းငယ် ခတ်သောက်ပါက ဖျားနာရောဂါပျောက်၏။

-   ကွမ်းရွက်ကိုမီးကင်၍ ကလေးများငယ်ထိပ်တွင် အုန်းဆီနှင့်ဆွတ်ပြီး ကပ်ပေးထားပါက   နှာစေး ရောဂါပျောက်ကင်း၏။

-   ကွမ်းရွက်ကို  ထန်းလျက်၊  ချင်း၊   ဆားထည့်၍ သောက်ပါက အပူလွန်၍ဖျားသော အဖျားရောဂါ ပျောက်၏။

MWD