နွားနို့နှင့် ကျန်းမာရေး

Posted_Date

Image

နွားနို့နှင့် ကျန်းမာရေး

Body

နွားနို့သောက်သုံးမှု

      ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)  က အရွယ်ရောက်ပြီးသူတစ်ယောက်အတွက် တစ်နှစ်လျှင် အနည်းဆုံး နွားနို့လီတာ ၂၀၀ သောက်သုံးရန် လမ်းညွှန်ထားသည်။ ဥပမာဆိုသော်   သောက်ရေသန့်ဘူးကြီး တစ်ဘူးသည် ၂၀ လီတာ  ဝင်ဆံ့သဖြင့် အရွယ်ရောက်ပြီးသူတစ်ဦးသည် တစ်နှစ်လျှင် ရေသန့်ဘူးကြီး ၁၀ ဘူးစာပမာဏ ရှိသော   နွားနို့သောက်သုံးသင့်ပေသည်။

နွားနို့ကို ကျိုချက်သောက်ပါ

     လူတချို့က   နွားနို့ကို  အစိမ်းအတိုင်း ဆားအနည်းငယ်ထည့်၍    သောက်ကြသည်။ ထိုသို့သောက်သုံးခြင်းက ဘေးဖြစ်စေတတ်သည်။  အဘယ်ကြောင့်ဆိုသော် နွားမတွင်  ရောဂါဝေဒနာရှိခြင်း၊   နွားနို့ ညှစ်သူတွင် ရောဂါရှိခြင်း၊    နွားနို့ညှစ်သူ၏လက်များ    မသန့်ရှင်းခြင်း၊  နို့ညှစ်ရာတွင်  အသုံးပြုသောပစ္စည်းများ မသန့်ရှင်းခြင်း    စသည်တို့ကြောင့်     နွားနို့မှတစ်ဆင့်  သောက်သုံးသူထံ    ကူးစက်ရောဂါများ ပြန့်ပွားစေနိုင်သည်။

ဥပမာအနေဖြင့်

- တီဘီရောဂါပိုးပါသော     နွားနို့ကို မိနစ် ၂၀ ခန့်    အပူပေးမှသာ    ယင်းပိုး သေစေနိုင်သည်။

- သားလျှောရောဂါပိုးပါသော   နွားနို့ကို  ၁၅ မိနစ် အပူပေးမှသာ   ယင်းပိုး သေစေနိုင်သည်။

- ခွာနာ၊   လျှာနာရောဂါပိုးပါသော နွားနို့ကို မိနစ် ၂၀ ခန့်    အပူပေးမှသာ ယင်းပိုး သေစေနိုင်သည်။

- နို့အုံရောင်ရောဂါ ဖြစ်စေတတ်သော ပိုးအများစုက လူကို  မကူးစက်နိုင်သော်လည်း၊   နို့အုံရောင်ရောဂါဖြစ်နေသော နွားမ၏ နို့ကိုသောက်သုံးမိပါက  လူတွင် ယင်းပိုးမွှားရောဂါများ    ကူးစက်ခံရပြီး အာသီးရောင်ခြင်း၊   လည်ပင်းနာခြင်း၊     အင်ပျဉ်ထခြင်း၊    အနီရောင်အဖုထွက်ခြင်း၊  ဖျားနာခြင်းများ  ဖြစ်စေနိုင်သည်။

- သန့်ရှင်းသော  နွားနို့ထဲတွင်လည်း ဗက်တီးရီးယားပိုးများ ပါဝင်နေတတ်သည်။ သန့်ရှင်းသော  နွားနို့ ၁ စီစီတွင် ဗက်တီးရီးယားပိုးအကောင်ရေ ၄၀၀၀ ကျော်ခန့်ပါဝင်နေပြီး    မသန့်ရှင်းသော နွားနို့တွင် ဗက်တီးရီးယားပိုးအကောင်ရေ  တစ်သိန်းကျော်အထိ ပါဝင်နိုင်သည်။

ထို့ကြောင့်    နောက်ဆက်တွဲဆိုးကျိုးများ ကင်းဝေးစေရေး နွားနို့ကို အနည်းဆုံး မိနစ် ၂၀ ကြာသည်အထိ  ပွက်ပွက်ဆူအောင် ကျိုချက်ပြီးမှသာ သောက်သုံးသင့်ပေသည်။

နွားနို့စားဖွယ်စုံ

    နွားနို့ကို ပွက်ပွက်ဆူအောင် ကျိုချက်ပြီးနောက်  ဆား သို့မဟုတ် သကြား အနည်းငယ်ထည့်၍  သောက်သုံးနိုင်ပြီး နို့အေးအဖြစ်လည်း  သောက်သုံးကြသည်။ နွားနို့ သို့မဟုတ်   နို့မှုန့်ကို   ကော်ဖီ၊ လက်ဖက်ရည်၊ ဟောလစ်၊ မိုင်လို၊ အိုဗာ တင်း၊ ကိုကိုး စသည်တို့နှင့် ရောဖျော်၍ လည်းကောင်း၊ ဖာလူဒါ၊ ရေခဲမုန့်၊ နို့အေး ချောင်း၊ သစ်သီးဖျော်ရည်တို့တွင်ရောထည့် ၍လည်းကောင်း   မိမိနှစ်သက်သလို  အပူ၊ အအေးသောက်သုံးနိုင်သည်။ နွားနို့ကို ပြုပြင်ဖန်တီး၍ မလိုင်၊  ဒိန်ချဉ်၊ နို့ဓမ်းမလိုင်၊  နို့ဓမ်းဖျော်ရည်၊  နို့ခဲ၊  ထောပတ်၊ ချိစ်  စသည်ဖြင့်လည်း စားသောက်နိုင်သည်။

နွားနို့နှင့် ကျန်းမာရေး

     နွားနို့တစ်ဖန်ခွက်သည်  လူကြီးများအတွက် တစ်နေ့တာဗီတာမင်လိုအပ်ချက်၏  ၈ ရာခိုင်နှုန်း၊   ကလေးများအတွက် တစ်နေ့တာ ဗီတာမင်လိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်းကို   ဖြည့်ဆည်းပေးနိုင်သည်။

နွားနို့သည် ကလေးများအဖို့   မိခင်နို့ပြီးလျှင် အာဟာရဓာတ်အကြွယ်ဝဆုံးသော အစာအာဟာရဖြစ်သည်။   ဗီတာမင်နှင့် သတ္တုဓာတ်သည် လူသားတို့ကျန်းမာရေးအတွက်    မရှိမဖြစ်လိုအပ်သော  သက်စောင့်ဓာတ်များဖြစ်ကြပြီး     ယင်းဓာတ်အားလုံးကို နွားနို့တစ်ခွက်မှ ရရှိနိုင်သည်။ အထူးသဖြင့် ကလေးများ၏ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုအတွက်    လိုအပ်လျက်ရှိသော ထုံးဓာတ်၊ အသားဓာတ်၊ ဗီတာမင်- Aနှင့် ဗီတာမင်- D တို့ကို    နွားနို့မှ ပြည့်စုံလုံလောက်စွာရရှိနိုင်သည်။ နွားနို့သည် လူမျိုးဘာသာမရွေး၊ ကျားမ မရွေး၊ အသက်အရွယ်မရွေး၊ လူမမာနှင့် အားကစားသမားများပါ     သောက်သုံးနေ ကြသော  စားသောက်ကုန်တစ်မျိုးဖြစ်ပေ သည်။

- ဥတုဘောဇနသင်္ဂဟကျမ်းတွင် နို့မျိုးဟူသမျှသည်  အဆီသြဇာရှိ၏။ ချိုဆိမ့်၏။ လေ၊ သည်းခြေကို နိုင်၏။ ပျံ့နှံ့လွယ်၏။ သလိပ်ကို ပွားစေတတ်၏။ လူအားလုံး နှင့်သင့်၏။  အသားကိုပွားစေတတ်၏။ အရွယ်ကို   တည်စေနိုင်၏။ အရိုးကျိုးခြင်းကို   ဆက်နိုင်၏။   အိုခြင်း၊  နာခြင်းကိုပျောက်၍ အသက်ကိုရှည်စေနိုင်၏။ ဝမ်းသက်သောသူ၊ အော့အန်သောသူ၊ ဝမ်းချုပ် သောသူတို့၏သြဇာကို ပွားစေတတ်၏။ သလိပ်မရှိသော  အဖျားဟောင်း၌လည်းကောင်း၊ မူးဝေခြင်း၊ စိတ်ပျံ့လွယ်ခြင်းတို့၌လည်းကောင်း၊ ဝမ်းကိုက်နာ၊ ဘေးထိုးရင်ကျပ်နာ၊  ဆီး၊ ဝမ်း၊ လေလမ်းမှား၍ အောက်သို့မသက် အထက်သို့ဆန်တက်သောအနာ၊    ဆီးအိမ်၌ဖြစ်သောအနာ၊ မြင်းသရိုက်နာ၊    ဝမ်းပျက်၊    မောပန်းခြင်း၊ နုံးခြင်း၊  နွမ်းနယ်ခြင်းတို့၌သင့်၏။ လူငယ်၊   လူအို၊   ထိခိုက်ရှနာသောသူ၊ ခွန်အားကုန်ခန်းသောသူ၊     လေပူဆာ၍ ချည့်သောသူ၊ ပိန်သောသူတို့၌ အမြဲအလွန်သင့်၏ဟုဆိုထားသည်။

- မြန်မာ့ဆေးကျမ်းတွင်  နွားနို့သည် အဆီသြဇာရှိ၍    ချိုဆိမ့်၏။    ပုပ်သောအနာ၊ သွေးနာ၊ လေနာ၊ ချောင်းဆိုးတို့ကို နိုင်၏။ လေ၊ သည်းခြေကိုနိုင်၏။ ခွန်အားတိုးပွားစေ၏။       အသက်ရှည်စေ၏။ အရွယ်၊  အဆင်းတို့ကို   တည်မြဲစေ၏။ အရိုးကျိုးခြင်းကိုဆက်စေနိုင်၏။ အဖျား အို၊ အဖျားဟောင်း၊ သွေးအားနည်းရောဂါ၊ သွေးတိုး၊  ရင်ကျပ်၊  လေမတက်ဘဲ လေထသည့်ရောဂါ၊  သွေးအန်၊  သွေးလျှံနာ၊ အပူရောဂါ၊    မောပန်းအားနည်းသောရောဂါ၊   ကိုယ်ဝန်လျှောစေသောရောဂါ၊ ပိန်ကြုံရောဂါတို့အတွက် အထူးသင့်လျော်၏။  ဓာတ်သဘောအရ  သီဟတေဇော၊ သီဟပထဝီဓာတ်စာဖြစ်၏    ဟုဆိုထားသည်။

- နွားနို့တွင်  ပရိုတင်း၊ ဗီတာမင်- B၊ ဗီတာမင်-D နှင့်  သတ္တုဓာတ်အမျိုးမျိုးတို့အပြင် အော်ဂဲနစ်ဓာတ်ပေါင်းစုများ မြင့်မားစွာပါရှိနေသဖြင့် ကာယအားနှင့် ဉာဏအားကိုဖြစ်စေသည့်အတွက် အရွယ်သုံးပါးမရွေး သောက်သုံးသင့်သော အာဟာရပြည့်ဖြည့်စွက်စာဖြစ်သည်။

- နွားနို့ထဲတွင် ကယ်လ်စီယမ်၊ ပရိုတင်း တို့အပြင် ဗီတာမင်-E ၊ ဆီလီနီယမ်၊ ဇင့် ကဲ့သို့သော ခန္ဓာကိုယ်အကျိုးပြုဓာတ်တိုး ဆန့်ကျင်ပစ္စည်းများစွာပါရှိနေ၍  ကိုယ်ခံစွမ်းအား အထူးကောင်းမွန်စေသည့်အပြင် ခန္ဓာကိုယ်ဆိုးကျိုးဖြစ်စေတတ်သော Free Radical များအန္တရာယ်မှ   ခုခံကာကွယ် ပေးနိုင်သည်။

- အရိုးနှင့် သွားများ၏ သိပ်သည်းဆကို ခိုင်ခံ့စေရန်   ကယ်လ်စီယမ်၊  သတ္တု ဓာတ်များနှင့် ပရိုတင်းတို့  မရှိမဖြစ် လိုအပ်သည်။ ယင်းဓာတ်အားလုံးကို နွားနို့တစ်ခွက်မှ လုံလောက်စွာရရှိနိုင်သည်။

- သဘာဝမြက်စားနွားမ၏ နို့ထဲတွင်ရှိသောOmega-3 Fatty acid များက နှလုံးရောဂါအမျိုးမျိုးနှင့် နှလုံးသွေးကြော ရောဂါကြောင့်ဖြစ်စေတတ်သော လေငန်းရောဂါဖြစ်ခြင်းတို့မှလည်း   ထိထိရောက်ရောက် ကာကွယ်ပေးနိုင်သည်။

- သိပ္ပံနည်းကျ  ဓာတ်ခွဲစမ်းသပ်ချက်များအရ   နွားနို့ထဲရှိ   ဗီတာမင်-B  နှင့် တန်ဖိုးမြင့်သတ္တုဓာတ်များက ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်ကို   ကောင်းစွာစွမ်းဆောင်နိုင်ပြီး  ခန္ဓာကိုယ်တွင်းရှိ  သကြား၊  အင်ဆူလင်နှင့်  ဂလူးကို့စ်ပမာဏကို ထိန်းညှိပေးနိုင်သည်။    ထို့ကြောင့် ဆီးချို၊ သွေးချိုရောဂါမပြင်းထန်အောင်  နွားနို့က ထိန်းထားနိုင်ကြောင်း  လေ့လာသိရှိရ သည်။

- နွားနို့တစ်ခွက်   သောက်ပြီးနောက် ဆာလောင်မွတ်သိပ်မှုကို ပြေပျောက်စေသဖြင့်    နောက်ထပ်အစာစားလိုစိတ်ကို ချိုးနှိမ်ပေးထားနိုင်သည်။ ထို့ကြောင့် ကိုယ်အလေးချိန်    လျှော့ချလိုသူများ အနေဖြင့်     ဆာလောင်မွတ်သိပ်မှုကို ဖြေရှင်းရာတွင်   တခြားသောဆီကြော်မုန့် များကိုမစားဘဲ  နွားနို့ကိုသာ သောက် ပေးသင့်သည်။

- အပူအစပ်စားပြီးနောက်  အအေးခံထားသော   နွားနို့သောက်ပေးခြင်းဖြင့် အစာအိမ်နာရောဂါ     မဖြစ်စေတော့ပေ။    (နို့အေး မဟုတ်ပါ)

-ခန္ဓာကိုယ်တွင်း အဆိပ်အတောက်ပြေစေရန်  ကညွတ်ဥ(ကညွတ်ပင်၏ အမြစ်)ကို  နွားနို့ဖြင့်  ကျိုချက်သောက်ပါ။

- မျက်စိအားကောင်းစေရန်  နေ့စဉ် နွားနို့သောက်ပေးသင့်သည်။

- သွေးနီဥနည်းသောသူများလည်း နို့နှင့် နို့ထွက်ပစ္စည်းများ စားသောက်ပေး သင့်သည်။

- နာလန်ထစ      ခံတွင်းပျက်သူများအတွက် လက်တစ်ဆုပ်စာပမာဏရှိသော မြင်းခွာရွက်ကို  အမြစ်ပါအောင်နုတ်၍   ရေစင်စင်ဆေးပြီးနောက်    နွားနို့   ၂၅ ကျပ်သားနှင့်ရောပြုတ်ပြီး    ရလာသောဆေးရည်ကို တစ်ဝက်တိတိခွဲ၍   နံနက်တစ်ကြိမ်၊ ညတစ်ကြိမ်သောက်ခြင်းဖြင့် လျင်မြန်စွာအင်အားဖြစ်လာပြီး  စားဝင်အိပ်ပျော်လာပါလိမ့်မည်။   (နာတာရှည် အိပ်မပျော်သူများအနေဖြင့်လည်း    ထိုဆေးရည်ကို  တစ်နေ့နှစ်ကြိမ်  သောက်ပေးခြင်းဖြင့် အိပ်ဆေးမလိုအပ်ဘဲ  နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်သည်)

- မြင်းခွာရွက်မှုန့်ကို  နွားနို့၊ သကြားတို့နှင့်ရောသောက်ပေးခြင်းဖြင့် ဦးနှောက်ကြည်လင်၍ မှတ်ဉာဏ်အားကောင်းစေသည်။

- အရွယ်မတိုင်ခင်   ဆံပင်မဖြူစေရန်ချိစ်၊  ဆိတ်နို့၊  နွားနို့၊  ဒိန်ချဉ် စသည့် နို့နှင့်နို့ထွက်ပစ္စည်းများ စားသောက်ပေး သင့်သည်။

လှပမှုရေးရာများအတွက် နွားနို့

- နွားနို့တွင်ပါရှိသော    လက်တစ် အက်စစ်က အရေပြားပေါ်ရှိအမည်းရောင် များကို    တဖြည်းဖြည်းလျော့ပါး သက်သာစေသည့်     အစွမ်းသတ္တိပါရှိနေသဖြင့် တင်းတိပ်နှင့်   မှဲ့ခြောက်များကို လျော့ ပါးစေသည့်အပြင် အသားအရေကို ဝင်းမွတ်လာစေသည်။ ဝါဂွမ်းလုံးလေးအပေါ် နွားနို့အစက်ချပြီးနောက်  မျက်နှာပေါ်      အသာအယာတို့ပေးပါ။ အချိန် ၁၀ မိနစ် အကြာတွင်  ရေသန့်ဖြင့်  မျက်နှာသစ်ပါ။ ဤနည်းအတိုင်း တစ်နေ့နှစ်ကြိမ်လုပ် ပေးရုံမျှဖြင့် တစ်လခန့်အကြာတွင် တင်းတိပ်နှင့်  မှဲ့ခြောက်များပြေပျောက် သွားစေသည်။ (နောက်တစ်နည်း) နွားနို့ နှင့်  ပျားရည်တို့ကို   ရောစပ်လိမ်းပေး ပြီးနောက် အချိန် ၁၀ မိနစ်ခန့်အကြာတွင် မျက်နှာသစ်ပေးပါ။

- ဆောင်းရာသီ အသားပပ်၊ အသား ခြောက်ခြင်းအတွက်  ရက်သတ္တပတ်လျှင် တစ်ကြိမ်  နွားနို့(အစိမ်း)ဖြင့် မျက်နှာသစ်ပေးပါ။  နွားနို့က အသားအရေကို ဖြူစင်ဝင်းမွတ်ရုံသာမက အစိုဓာတ်ကိုပါ ထိန်းပေးနိုင်သည်။

- နှုတ်ခမ်းသား   မည်းခြင်းအတွက် ငှက်ပျောသီးမှည့်ကို   နွားနို့၊   ပျားရည် တို့ဖြင့်    သမအောင်ရောနယ်ပြီး နေ့စဉ် လိမ်းပေးပါ။ ရက်အနည်းအတွင်းမှာပင် ထူးခြားသည့် အာနိသင်ကို    လက်တွေ့ခံစားရနိုင်ပါသည်။   (နောက်တစ်နည်း) နှင်းဆီပွင့်ချပ်လေးများကို ထောပတ်နှင့့်ရောထောင်းပြီး ရလာသောအနှစ်များကို နှုတ်ခမ်းပေါ် အုံတင်ထားပေးပါ။

-  ခြောက်သွေ့အဖတ်လန်သော   နှုတ် ခမ်းသားများအတွက်   နွားနို့ကို   ပျစ်ပျစ် ကျို၍    အဆီတက်လာသော  နို့ခရင်မ် အဆီကို လိမ်းပေးပါ။

- နွားနို့စစ်စစ်က  အရေပြားချိုင်း မည်းခြင်းကို    သက်သာစေနိုင်သည်။သို့မဟုတ်     နွားနို့   လက်ဖက်ရည် ဇွန်း နှစ်ဇွန်း၊   ဒိန်ခဲလက်ဖက်ရည်ဇွန်း တစ်ဇွန်း၊     ဂျုံမှုန့်လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ကိုရောထည့်၍  ရလာသောအနှစ်ကိုလိမ်းပါ။  ၁၅ မိနစ်ခန့်အကြာတွင် ရေအေးဖြင့် ဆေးကြောပါ။

နွားနို့မသောက်သင့်သူများ

- နွားနို့၊  ဆိတ်နို့၊ ကျွဲနို့   စသည့် တိရစ္ဆာန်ထွက်နို့များသည်   လူ့ခန္ဓာကိုယ်၏ အစာအိမ်နှင့်အူလမ်းကြောင်းမှ  အကျိ အချွဲများ  ပုံမှန်ထက်ပို၍ ထွက်လာစေသည်။ ထိုအကျိအချွဲများကို ကင်ဆာဆဲလ်များက စားသုံးပစ်သောကြောင့် ကင်ဆာဆဲလ်များအား ကောင်းလာအောင်    တွန်းအားပေးရာရောက်နေသည်။ ထို့ကြောင့် ကင်ဆာရောဂါသည်များ     အနေဖြင့် တိရစ္ဆာန်ထွက်နို့များအစား သကြားမပါသော ပဲနို့ရည်ကို သောက်ပေးသင့်သည်။ ပဲနို့ရည်က  ကင်ဆာဆဲလ်များကို ယုတ်လျော့စေရုံသာမက   လူကိုခွန်အားဖြစ်စေသည်။

- ဆံသားနှင့် ဦးရေပြား အဆီပြန်တတ်သူများက အဆီအအိမ့်လျှော့စားပါ။ အဆီထုတ်ထားသော   နွားနို့နှင့် ဒိန်ချဉ်အမျိုးအစားကိုသာ သောက်ပါ။

- ခန္ဓာကိုယ်တွင်း    ယူရစ်အက်စစ်များသူ၊ ဂေါက်ရောဂါရှိသူများနှင့် အဆစ်အမျက်   ရောင်ရမ်းနာရှိသူများအတွက် အဆီထုတ်ထားသော  နွားနို့ကိုသောက် ပါ။

- နွားနို့သည် ဘက်စုံကျန်းမာရေးအတွက် အကျိုးပြုသည်မှန်သော်လည်း ဆီးကျိတ်ကင်ဆာနှင့် ပါကင်ဆန် (ခေါ်) ဇရာအကြို ခြေတုန်လက်တုန်ရောဂါရှိသူများ နွားနို့ကို လိုအပ်သည်ထက်ပို၍ မသောက်သင့်ပေ။

MWD