သိမှတ်ဖွယ်ရာ လူ့ခန္ဓာကိုယ်၏အစိတ်အပိုင်းများ
Posted_Date
Image
Body
မိမိတို့ပိုင်ဆိုင်ထားသော ခန္ဓာကိုယ်၏ အစိတ်အပိုင်းများအကြောင်းကို ကျန်းမာသုတတစ်ရပ်အနေဖြင့် လေ့လာ သိရှိနိုင်ရန် အောက်ပါအတိုင်း ရေးသား ဖော်ပြလိုက်ရပါသည်။
စိတ်၀င်စားဖွယ်ကောင်းသောဆဲလ်များ
လူ့အရေပြားကို ဆဲလ်များစွာဖြင့် ဖွဲ့စည်းထားပြီး တစ်နာရီလျှင် ဆဲလ် လေးသောင်းခန့်ပွားများသည်။ တစ်လခန့်အကြာတွင် အရေပြားအသစ်ဖြစ် နေသည်။ လူတို့၏အူတွင် လေးရက်တစ် ကြိမ် အူအတွင်းသား ဆဲလ်များကို အသစ်လဲပေးသည်။ အသည်းတစ်ခြမ်းပျက်စီးပါက မိမိကိုယ်ကို မသိရခင်မှာပင် သူ့ အလိုအလျောက် အသစ်ပြန်ပြည့်လာ သည်။ လူတို့၏ သွေးတွင် ဆဲလ်အမျိုးမျိုးပါ၀င်ပြီး သွေးနီဥဆဲလ်က အောက်ဆီဂျင် သယ်ဆောင်ပေးသည်။ ပယ်လက်တီးလက် (ခေါ် )သေးငယ်သော သွေးနီဥဆဲလ်လေးများက လူတို့ထိခိုက်ဒဏ်ရာရလျှင် သွေးတိတ်စေရန် ကူညီပေးသည်။ သွေးဖြူဥဆဲလ်တွင် Lymphocytes၊ Mono-cytes၊ Neutrophils စသည်တို့ပါ၀င်ပြီး ယင်းတို့က ခန္ဓာကိုယ်အတွက် ခုခံအားကိုဖြစ်စေသည်။
ဦးနှောက်
ဦးနှောက်က လူ့ခန္ဓာကိုယ်၏ နာ့ဗ် အာရုံကြောစနစ်ကို ထိန်းချုပ်ပေးသည့် ဗဟိုဌာနဖြစ်သည့်အားလျော်စွာ စက္ကန့် တိုင်းတွင် သတင်းပို့ချက် ရာပေါင်းများစွာကို ထုတ်လွှင့်ပေးနေသကဲ့သို့ သတင်းပြန်ကြားချက်များကိုလည်း ပြန်လည်ရယူ ပေးနိုင်သည်။ ကြွက်သားများလှုပ်ရှားခြင်း၊ အသက်ရှူခြင်း စသည့် လှုပ်ရှားမှုတိုင်းကို ဦးနှောက်က ထိန်းချုပ်ပေးသည့်အပြင် စဉ်းစားတွေးခေါ်ခြင်းနှင့် အမှတ်သညာ တို့ကိုပါ ထိန်းချုပ်ပေးသည်။
မျက်စိ
မျက်စိသည် အလွန်နုနယ်သည်။ မျက်စိသည် မြင်သမျှ အရာ၀တ္ထုများထံ သို့ အလင်းလှိုင်းတန်ပြန် သက်ရောက်မှုရှိစေကာ ထိုအလင်းရောင်က မျက်လုံး သူငယ်အိမ်မှတစ်ဆင့် အမြင်လွှာသို့ရောက်ရှိလာသည်။ အမြင်လွှာက ထိုအလင်းရောင်လှိုင်းများကို နာ့ဗ်အာရုံကြော အချက်ပြများအဖြစ် ပြောင်းလဲ ပေးပြီး ထိုအချက်ပြချက်များက ဦးနှောက်ဆီသို့ ရောက်ရှိသွားသည်။
လျှာ
လျှာသည် ကြွက်သားများဖြင့်ပြုလုပ် ထားသော ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပြီးပါးစပ်နောက်ပိုင်းကို တွယ်ဆက်ထား သည်။ လျှာကို စိုစွတ်သောအရေပြား နှင့် ဖုံးအုပ်ထားသည်။ ထို့ပြင် လျှာပေါ် တွင် ထောင်သောင်းမကသော အရသာဖုများပါရှိကာ ယင်းအဖုလေးများက လျှာပေါ်တင်သမျှအရည်၊ အဖတ်များ၏ အရသာအားလုံးကို ခံစားရယူနိုင်သည်။
နား
မိမိပတ်၀န်းကျင်နှင့် ဟန်ချက်ညီစေ ရန်အတွက် နားတစ်စုံက အကြားအာရုံ ဖြင့် ကူညီပေးသည်။ အပြင်နားကအသံ များကို ဖမ်းယူကာ နားစည်ကိုဖြတ်သန်းပြီး အလယ်နားဆီသို့ ထိုအသံများကို အရောက်ပို့ပေးသည်။ အလယ်နားထဲရှိ သေးငယ်သည့် အရိုးသုံးခုက အသံနှင့် အတူ တုန်ခါစေပြီး ယင်းအလယ်နားထဲရှိ ခရုပတ်ထံသို့ရောက်သွားသောအခါ အသံတုန်ခါမှု ပိုလာသည်။ ထို့နောက် လျှပ်စစ် အချက်ပြလှိုင်းများက နာဗ့်အာရုံကြော များအတိုင်း ဦးနှောက်ဆီသို့ ရွေ့လျားသွားသည်။
သွား
သွားတစ်ချောင်းစီကို ကြွေသွားလွှာ ဖြင့် ဖုံးအုပ်ထားပြီး ယင်းကြွေသွားလွှာက သွားသားပေါ်တွင်တည်ရှိသည်။ ငယ်သွား အချောင်း ၂၀ ရှိပြီး ယင်းငယ်သွားများ လဲလှယ်ပြီးနောက် လူကြီးသွား ၃၂ ချောင်းပေါက်လာသည်။
အရိုးစု
ခန္ဓာကိုယ်၏ အရိုးများအားလုံးသည် အဖြူရောင်ဖြစ်ပြီး အရွယ်ရောက်ပြီးသူ တစ်ယောက်၏ အရိုးစုတွင် အရိုးပေါင်း ၂၀၀ ကျော်ရှိသည်။ ယင်းအရိုးများကို အရိုးဆက်များနှင့် ဆက်သွယ်ထားပြီး အရိုးစုများ နေသားတကျရှိအောင် အဆက်ရွတ်များက ပြုလုပ်ပေးသည်။ ထို့ပြင် ကြွက်သားအလွှာများကို အရိုး များနှင့် ဆက်ပေးထားကာ ကြွက်သားများက အရိုးစု၏ လှုပ်ရှားနေသောအပိုင်းများကို ထိန်းချုပ်ပေးထားသည်။ ယင်း အရိုးစုများက ခန္ဓာကိုယ်၏ ကိုယ်တွင်းအင်္ဂါအားလုံးကို ကာကွယ်ပေးသည်။
နှလုံး
အဆုတ်နှစ်ခုကြားရှိ လက်သီးဆုပ် အရွယ်အစားရှိသောနှလုံးကို ကြွက်သား ဖြင့်ပြုလုပ်ထားသည်။ နှလုံးကို ဘယ်ဘက် အက်တရီယမ်၊ ညာဘက် အက်တရီယမ်၊ ဘယ်ဘက် ဗင်တရီကယ်၊ ညာဘက် ဗင်တရီကယ်ဟူ၍ အခန်းလေးခန်း ခွဲခြား ထားသည်။ သွေးများကို သွေးလှည့်ပတ် စီးဆင်းသောစနစ်အတွင်း ရောက်ရှိအောင် နှလုံးက တွန်းညှစ်ပေးသည်။ အကယ်၍ နှလုံးသည် လုံး၀အလုပ်မလုပ်တော့ဘဲ ရပ်ဆိုင်းသွားပါက ခန္ဓာကိုယ်သည် ငါးမိနစ်ထက်ပိုပြီး အသက်မရှင်နိုင်တော့ပေ။ လူကြီးတစ်ယောက်၏ နှလုံးခုန်နှုန်း သည် တစ်မိနစ်လျှင် အကြိမ် ၇၀ ခန့်ဖြစ်သည်။
အရေပြား
အရေပြားကို မာကျောသည့် တစ်သျှူး ဖြင့်ပြုလုပ်ထားသည်။ ခန္ဓာကိုယ်၏ အကြီးမားဆုံးသော အစိတ်အပိုင်းသည် အရေပြားဖြစ်သည့်အလျောက် ကိုယ် တွင်းသို့ ပြင်ပရောဂါပိုးမွှားများ မ၀င် ရောက်ရန်နှင့် ထိခိုက်မှုမဖြစ်အောင် အရေပြားက ကာကွယ်ဖုံးအုပ်ပေးထား သည်။ အရေပြားအောက်တွင် အဆီပြင်ရှိ ပြီး အရေပြားမှာ အမွေးအမျှင်၊ အဆီ ဂလင်း၊ သွေးကြောများပါရှိနေကြပြီး ယင်းပစ္စည်းများက ခန္ဓာကိုယ်ကို ပုံမှန် ကိုယ်အပူချိန်ရှိအောင် ထိန်းညှိပေးသည်။ ထို့ပြင် အရေပြားမှာ နာ့ဗ်ကလာပ်စည်း များပါရှိရာ ယင်းကလာပ်စည်းများက ပူခြင်း၊ အေးခြင်းနှင့် နာကျင်ခြင်း စသည့် ခံစားချက်များကို ဦးနှောက်ထံသို့ သတင်းပို့ပေးသည်။
သွေးလှည့်ပတ်မှု
သွေးသည် နီရဲသောအရည်အဖြစ် သွေးကြောများအတွင်း အဆက်မပြတ် လှည့်ပတ်စီးဆင်းနေသည်။ ထိုသို့ သွေးများ ခန္ဓာကိုယ်အနှံ့လှည့်ပတ်နိုင်အောင် နှလုံးက ညှစ်ထုတ်ပေးသည်။ သွေးသည် ခန္ဓာကိုယ်တစ်ခုလုံးရှိ သက်ရှိ ဆဲလ်များအတွက် လိုအပ်သော အစာအာဟာရများဖြင့် အောက်ဆီဂျင်တို့ကို ပို့ဆောင်ပေးပြီး သက်ရှိဆဲလ်များမှ အညစ်အကြေး စွန့်ထုတ်ပစ္စည်းများကို ပြန်လည် သယ်ဆောင်ပေးသည်။
အစာခြေအင်္ဂါများ
အစာခြေဖျက်ခြင်းဆိုသည်မှာ ခန္ဓာ ကိုယ်၏ အစားအစာဖြစ်စဉ်တစ်ခုဟု ဆိုနိုင်သည်။ အစာများသည် ပါးစပ် ထဲသို့ ရောက်ရောက်ချင်းမှာပင် အစာခြေဖျက်ခြင်းကို စတင်ခံရသည်။ ယင်း အစားအစာများ အစာခြေစနစ်ထဲ ဖြတ်သန်းစဉ် သေးငယ်သော အစိတ်အပိုင်းလေးများအဖြစ် ဖြိုခွဲခြင်းခံရသည်။ အစာအိမ်၊ အူမကြီးနှင့် အူသိမ်အူငယ် တို့သည် ခန္ဓာကိုယ်တွင်းရှိ အစာခြေ အင်္ဂါများဖြစ်ကြသည်။
ကျောက်ကပ်
ခန္ဓာကိုယ်တွင် အစုံလိုက်ရှိသော ကိုယ်တွင်းအင်္ဂါများအနက် ကျောက်ကပ် လည်း တစ်ခုအပါအ၀င်ဖြစ်သည်။ ထို ကျောက်ကပ်တစ်စုံသည် ၁၀ စင်တီမီတာ ရှည်ပြီး ကျောရိုး၏တစ်ဖက်တစ်ချက်စီ တွင် ကျောက်ကပ်တို့ တည်ရှိနေကြသည်။ ကျောက်ကပ်၏ လုပ်ငန်းတာ၀န်များမှာ သွေးကိုစစ်ထုတ်ပြီး သန့်စင်အောင်ပြုလုပ် ပေးခြင်း၊ ခန္ဓာကိုယ်က မလိုအပ်သောရေ(အရည်)တို့ကို စုဆောင်းပေးခြင်း၊ ကျောက်ကပ်က စစ်ထုတ်ပေးသော ရေ(အရည်)နှင့် စွန့်ထုတ်ပစ္စည်းများကို အဝါရောင်အရည်(ဆီး)အဖြစ် ပြုလုပ်ပေး ခြင်း စသည်တို့ဖြစ်သည်။
ကြွက်သားများ
ကြွက်သားဆိုသည်မှာ သန်မာ၍ ဆွဲဆန့်နိုင်သော တစ်သျှူးများဖြစ်ကြပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများ ရွေ့လျား နိုင်အောင် ကြွက်သားများက ကျုံ့ခြင်း၊ တင်းခြင်း စသည်ဖြင့် တိုပြီးဖောင်းကား သော ပုံသဏ္ဌာန်အမျိုးမျိုးအဖြစ် ဆောင်ရွက်ပေးသည်။ ဥပမာ- ဦးနှစ်ခွ ကြွက်သား၊ ဦးသုံးခွကြွက်သားတို့ကဲ့သို့ အရိုးများကို ဆက်သွယ်ထားသော ကြွက်သားများက အစုံလိုက် အလုပ်လုပ် လေ့ရှိသည်။ အရိုးစုပတ်လည် အပါအ၀င် ခန္ဓာကိုယ်ကြီးကို ကြွက်သားပေါင်း ၆၀၀ ကျော်ဖြင့် တည်ဆောက်ထားသည်။
နာ့ဗ်အာရုံကြောစနစ်
အာရုံကြောစနစ်ဆိုသည်မှာ နာဗ့်ကလာပ်စည်းတို့၏ ကွန်ရက်ဖြစ်သည်။ ထို့အတူ ဦးနှောက်အခြေနှင့် ကျောရိုးမ နာ့ဗ်ကြောတို့သည် နာ့ဗ်အာရုံကြောစနစ် ၏ ဗဟိုအစိတ်အပိုင်းများ ဖြစ်ကြသည်။ ယင်း၏တာ၀န်မှာ ခန္ဓာကိုယ်အနှံ့မှ သတင်းပို့ချက်များကို ဦးနှောက်ထံသို့ သယ်ယူပို့ဆောင်ပေးရသည့်အပြင်အသက်ရှူခြင်းနှင့် ရွေ့လျားခြင်းတို့ကို နာ့ဗ်အာရုံကြောများက ထိန်းချုပ်ထားသည်။
အမွေးအမျှင်
အမွေးအမျှင်များကလည်း အရေပြားမှပေါက်လာသည့် ခန္ဓာကိုယ်အစိတ် အပိုင်းတစ်ခုပင်ဖြစ်သည်။ အမွေးအမျှင် တစ်ချောင်းသည် ကာရာတင် (ခေါ်) သက်မဲ့ဆဲလ် မာကျောသောပရိုတင်းမျှင် တစ် ချောင်းဖြစ်သည်။ ထိုအမွှေးအမျှင်၏ တာ၀န်မှာ ခန္ဓာကိုယ်ကို ဖုန်မှုန့်နှင့် အညစ်အကြေးများ မကပ်ငြိအောင် ကာကွယ်ပေးသည့်အပြင် ခန္ဓာကိုယ်ပူနွေးအောင် ကူညီပေးသည်။
အသက်ရှူခြင်း
အရွယ်ရောက်ပြီး ပုံမှန်ကျန်းမာရေး ကောင်းသူတစ်ဦးသည် တစ်မိနစ်လျှင် ၁၅ ကြိမ်မှ အကြိမ် ၂၀ အထိ အသက်ရှူလေ့ ရှိသည်။ လေကို အဆုတ်ထဲသို့ ရှူသွင်းလိုက်ရာ အောက်ဆီဂျင်များ သွေးထဲ ရောက်ရှိသွားပြီးနောက် ယင်းအောက် ဆီဂျင်က ခန္ဓာကိုယ်၏ ကလာပ်စည်း တိုင်းကို အားဖြည့်ပေးရန် သွေးထဲတွင် လှည့်ပတ်သွားသည်။ တစ်ဖန် အသက်ရှူထုတ်လိုက်တိုင်း ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များ ခန္ဓာကိုယ်ထဲမှ ထွက်သွားသည်။
MWD
