အမိနိုင်ငံအတွက် မှန်ကန်သော ဆုံးဖြတ်ချက်

Posted_Date

Image

 အမိနိုင်ငံအတွက် မှန်ကန်သော ဆုံးဖြတ်ချက်

Body

ဆင်ခြင်တတ်လျှင် မြင်မြင်သမျှ သင်ခန်းစာ

       လောက၌ ကြည့်တတ်လျှင်မြင်သည်။ ရှာတတ်လျှင်တွေ့သည်။ စဉ်းစားတတ်လျှင် အဖြေပေါ် သည်ဟု အဆိုရှိသည်။ ဤအဆိုအရ ယနေ့ကမ္ဘာ့နိုင်ငံအသီးသီး၏အခြေအနေများကို ကြည့်တတ်၊ မြင်တတ်၊ စဉ်းစားတတ်ပါက ကျွန်ုပ်တို့နှင့်အမိနိုင်ငံအတွက် အဖိုးတန်သင်ခန်းစာများရှိနေသည်။ ကျွန်ုပ်တို့ထုတ်ယူရန်သာလိုသည်။ ယနေ့ကမ္ဘာတွင် တိုးတက်အောင်မြင်နေသော နိုင်ငံများရှိသည်။ တိုးတက်အောင်မြင်သော နိုင်ငံအဖြစ်သို့ရောက်ရှိရသည့် အကြောင်းတရားများတွင် နိုင်ငံသားများသည် မိမိတို့နိုင်ငံအတွက် မှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်ဆောင်ရွက်နေခြင်းဟူသော အချက်လည်းပါဝင်သည်။ ထို့အတူ နိမ့်ကျနေသော နိုင်ငံများလည်းရှိသည်။ နိမ့်ကျသော နိုင်ငံအဖြစ်သို့ရောက်ရှိရသည့်  အကြောင်းတရားများထဲတွင် နိုင်ငံသားများသည် မိမိတို့နိုင်ငံအတွက် မှားယွင်းသော ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်နေခြင်းဟူသော အချက်လည်း ပါဝင်သည်။  တိုးတက်အောင်မြင်နေသောနိုင်ငံများက   ကျွန်ုပ်တို့အား    သင်ခန်းစာတစ်ပုဒ်ပေးသည်။ ယင်းသင်ခန်းစာမှာ နိုင်ငံသားများသည် မှန်ကန်သောဆုံးဖြတ်ချက်များကို ချမှတ်ဆောင်ရွက်နေပါက နိုင်ငံတိုးတက်အောင်မြင်သည်ဟူ၍ဖြစ်သည်။  ထို့အတူ  နိမ့်ကျနေသော နိုင်ငံများကလည်း ကျွန်ုပ်တို့အား သင်ခန်းစာပေးပြန်သည်။ ယင်းသင်ခန်းစာမှာ နိုင်ငံသားများသည် မှားယွင်းသောဆုံးဖြတ်ချက်များကို ချမှတ်ဆောင်ရွက်နေပါက   နိုင်ငံနိမ့်ကျသည်ဟူ၍ဖြစ်သည်။ ဤသင်ခန်းစာကို    အမြဲနှလုံးသွင်းဆင်ခြင်ပြီး   ကျွန်ုပ်တို့အမိနိုင်ငံအတွက်   မှန်ကန်သောဆုံးဖြတ်ချက်များကို  ချမှတ်ဆောင်ရွက်နေကြရမည်။

သိလည်းသိ ကျင့်လည်းကျင့်ကြရမည်

     လောက၌ သိလည်းသိ၊  ကျင့်လည်းကျင့်ရမည်ဟူသော အဆုံးအမရှိသည်။ သဘောမှာ သင်ခန်းစာများကိုသိနေရုံဖြင့် မလုံလောက်သေးဘဲ သိသည့်အတိုင်း အမှန်တကယ်  လက်တွေ့လိုက်နာကျင့်ကြံကြိုးပမ်းဆောင်ရွက်ရမည်ဟုဆိုလိုခြင်းဖြစ်သည်။ သင်ခန်းစာများကိုသိရုံသာသိပြီး  လက်တွေ့လိုက်နာဆောင်ရွက်ခြင်းမရှိပါက အချည်းနှီးသာဖြစ်သည်။ ယခုအခါ ကမ္ဘာ့နိုင်ငံအသီးသီးက နိုင်ငံသားများ၏ဆုံးဖြတ်ချက်မှန်ကန်မှုနှင့် မှားယွင်းခြင်း၏အကျိုးအာနိသင်ကို ကျွန်ုပ်တို့အား သင်ခန်းစာပေးထားပြီးဖြစ်သည်။ ယင်းသင်ခန်းစာများကို ကျွန်ုပ်တို့သိထားရုံဖြင့် မပြီးသေးဘဲ အမှန်တကယ်လက်တွေ့လိုက်နာဆောင်ရွက်ကြရမည်။ ထို့ကြောင့် အမိနိုင်ငံတိုးတက်အောင်မြင်ရေးအတွက်    မှန်ကန်သောဆုံးဖြတ်ချက်များကို ကျွန်ုပ်တို့အစဉ်ချမှတ်ဆောင်ရွက်ပေးနေကြရမည်ဖြစ်သည်။

ဆုံးဖြတ်ချက်မှန်ကန်ရန် အခြေခံအချက်များ

     ဆုံးဖြတ်ချက်မှန်ကန်စွာ ချမှတ်နိုင်ရန်အတွက် ပြည့်စုံမည့်အခြေခံအချက် ၇ ချက်ရှိသည်။ ယင်းအခြေခံအချက်များကို ကျွန်ုပ်တို့ပိုင်ဆိုင်ထားမှသာ မှန်ကန်သောဆုံးဖြတ်ချက်ကို ချမှတ်နိုင်မည်။ ယင်းအခြေခံအချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -

မှန်ကန်သောယုံကြည်ချက်

     အမိနိုင်ငံအပေါ် မှန်ကန်သော ယုံကြည်ချက်ထားရှိခြင်းသည်   မှန်ကန်သောဆုံးဖြတ်ချက်တစ်ရပ် ချမှတ်နိုင်ရေးအတွက် များစွာအရေးကြီးသည်။ မှန်ကန်သောယုံကြည်ချက်ဆိုသည်မှာ အမိနိုင်ငံ၏မူဝါဒ များ၊ အမိနိုင်ငံ၏စီမံကိန်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရည်မှန်းချက်ပန်းတိုင်များ၊ အထက်မှပေးအပ်သောအမိန့်နှင့် တာဝန်များသည် မှန်ကန်မွန်မြတ်မှု အပြည့်အဝရှိသည်ဟု ခိုင်မာပြတ်သားစွာ ယုံကြည်နေခြင်းဖြစ်သည်။ ဤသို့မှန်ကန်သောယုံကြည်ချက်ကြောင့် မှန်ကန်သောအတွေးအခေါ်၊အယူအဆများဖြစ်ပေါ်လာသည်။ မှန်ကန်သောအတွေးအခေါ်၊ အယူအဆများကြောင့် မှန်ကန်သောစဉ်းစားဆင်ခြင် သုံးသပ်မှုဖြစ်ပေါ်လာသည်။ မှန်ကန်သောစဉ်းစားဆင်ခြင် သုံးသပ်မှုများကြောင့် မှန်ကန်သောဆုံးဖြတ်ချက်ကိုချမှတ်သည်။ အကယ်၍မှားယွင်းသော ယုံကြည်ချက်ရှိနေပါက မှားယွင်းသော စဉ်းစားဆင်ခြင်မှုများကို ပြုလုပ်ပြီး မှားယွင်းသောဆုံးဖြတ်ချက်ကို ချမှတ်မည်ဖြစ်သည်။ ယုံကြည်ချက်မှန်ကန်ခြင်းကြောင့် ဆုံးဖြတ်ချက်မှန်ကန်ပြီး   ယုံကြည်ချက်မှားယွင်းပါက  ဆုံးဖြတ်ချက်မှားယွင်းသည့် သဘောဖြစ်သည်။

မှန်ကန်သောခံယူချက်

      အမိနိုင်ငံအတွက်   မှန်ကန်သော ခံယူချက်ထားရှိခြင်းသည်   မှန်ကန်သော ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်နိုင်ရေးအတွက် များစွာအရေးကြီးသည်။ မှန်ကန်သော ခံယူချက်ဆိုသည်မှာ နိုင်ငံသားတိုင်းသည် အမိနိုင်ငံ၏ ကောင်းကျိုးမှန်သမျှကိုဆောင်ရွက်ပြီး အနစ်နာခံပေးဆပ်မှုမှန်သမျှကို ပြုလုပ်ပေးရမည့်သူ များဖြစ်သည်ဟု သဘောထားနေခြင်းသည် အမိနိုင်ငံအပေါ်မှန်ကန်သော ခံယူချက်ထားရှိခြင်းသဘောဖြစ်သည်။ ဤသို့ခံယူချက်ထားရှိသည့်အတွက် အမိနိုင်ငံအပေါ်ပေးဆပ် အနစ်နာခံရန်၊ အမိနိုင်ငံ၏ လိုအပ်ချက်အမျိုးမျိုးကို မည်သို့ဖြည့်ဆည်းပေးရမည်ကိုသာ   နှလုံးသွင်းဆင်ခြင်သည်။  ဤသို့မှန်ကန်သော အတွေးအခေါ်အယူအဆများကိုသာ   နှလုံးသွင်းဆင်ခြင်နေမှုကြောင့်     မှန်ကန်သောစဉ်းစားဆင်ခြင်သုံးသပ်မှုဖြစ်ပေါ်လာသည်။ မှန်ကန်သောစဉ်းစား ဆင်ခြင်သုံးသပ်မှုကြောင့်  မှန်ကန်သောဆုံးဖြတ်ချက်ကို ချမှတ်သည်။ အကယ်၍ မှားယွင်းသောခံယူချက်ထားရှိပါက မှားယွင်းသော စဉ်းစားဆင်ခြင်မှုများကိုပြုလုပ်ပြီး မှားယွင်းသောဆုံးဖြတ်ချက်များကို ချမှတ်မည်။ ခံယူချက်မှန်ကန်မှုကြောင့် ဆုံးဖြတ်ချက်မှန်ကန်ပြီး ခံယူချက်မှားယွင်းပါက ဆုံးဖြတ်ချက် မှားယွင်းသည့်သဘောဖြစ်သည်။

သတိ၊ ပညာ၊ ဝီရိယကြီးမားမှု

     အမိနိုင်ငံအပေါ် သတိ၊ ပညာ၊ ဝီရိယကြီးမားမှုသည် မှန်ကန်သော ဆုံးဖြတ်ချက်ချမှတ်နိုင်ရေးအတွက် များစွာအရေးကြီးသည်။ သတိကြီးမားခြင်းဆိုသည်မှာ လောကနှင့် ပတ်ဝန်းကျင်ကြီးက မပြတ်ပေးပို့နေသော သတင်းအချက်အလက်မှန်သမျှကို မလွတ်တမ်းဖမ်းယူနေခြင်းဖြစ်သည်။ ပညာကြီးမားခြင်းဆိုသည်မှာ ပစ္စုပ္ပန်အခြေအနေအရပ်ရပ် မည်သို့ပင်ရှုပ်ထွေးနေစေကာမူ လောကနှင့်ပတ်ဝန်းကျင်ကြီးက မည်သို့ပင်ရှုပ်ထွေးနေစေကာမူ ပစ္စုပ္ပန်အခြေအနေ အရပ်ရပ်ကို အမှန်အတိုင်း ထိုးထွင်းသိမြင်ပြီး အနာဂတ် အခြေအနေများကို  မှန်ကန်စွာထိုးထွင်းသိမြင်ခြင်းဖြစ်သည်။ ဝီရိယကြီးမားခြင်းဆိုသည်မှာ မေ့လျော့ပေါ့ဆခြင်းမရှိဘဲ ပစ္စုပ္ပန်အခြေအနေများကို သတိပညာဖြင့် အစဉ်အမြဲဆင်ခြင်သုံးသပ်နေခြင်းဖြစ်သည်။ ဤသို့ သတိ၊ ပညာ၊ ဝီရိယတို့ အချိန်တိုင်းကြီးမားနေမှုကြောင့် အချိန်တိုင်းအသိနှင့် သတိကြီးမားနေသည်။ အချိန်တိုင်း  သတိနှင့်အသိကြီးမားနေမှုကြောင့် စဉ်းစားဆင်ခြင်သုံးသပ်မှုကိုလည်း အသိ၊ သတိကြီးစွာ   ပြုလုပ်သည်။  ထိုသို့  အသိ၊ သတိကြီးစွာစဉ်းစားဆင်ခြင်သုံးသပ်မှုကိုပြုလုပ်သောကြောင့်  မှန်ကန်သောဆုံးဖြတ်ချက်ကို ချမှတ်သည်။ အကယ်၍ အချိန်တိုင်း သတိ၊ ပညာ၊  ဝီရိယနိမ့်ကျနေပါက အချိန်တိုင်း အသိနှင့်သတိနိမ့်ကျနေပြီး မှားယွင်းသောဆုံးဖြတ်ချက်ကိုချမှတ်သည်။  သတိ၊ ပညာ၊ ဝီရိယကြီးမားမှုကြောင့်  ဆုံးဖြတ်ချက်မှန်ကန်ပြီး သတိ၊ ပညာ၊ ဝီရိယနိမ့်ကျမှုကြောင့် ဆုံးဖြတ်ချက် မှားယွင်းသည့်သဘောဖြစ်သည်။

အသိ၊ ပညာ၊  ဗဟုသုတကြွယ်ဝမှု

     အသိ၊ ပညာ၊ ဗဟုသုတကြွယ်ဝမှုသည် မှန်ကန်သော ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်နိုင်ရေးအတွက်  များစွာအရေးကြီးသည်။ အသိ၊ ပညာ၊  ဗဟုသုတကြွယ်ဝသည့်အခါ  အသိတရားကြီးမားလာသည်။ အသိတရားကြီးမားလာမှုကြောင့် အရာရာကိုဘက်စုံထောင့်စုံ ပြည့်စုံစွာသိမြင်လာသည်။ အခြေအနေ၊ အကြောင်းအရာ အမျိုးမျိုးတို့၏ မြင်ရသောအပိုင်းနှင့်မမြင်ရသော လျှို့ဝှက်အပိုင်းတို့ကိုပါ ထိုးထွင်းသိမြင်သည်။ အသိတရားကြီးမားလာမှုကြောင့် တစ်ဆက်တစ်စပ်တည်း သတိတရားကြီးမားလာသည်။ သတိတရားကြီးမားလာမှုကြောင့် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်သည့် ဆင်ခြင်တုံတရားဖြစ်ပေါ်လာသည်။

ဤသို့အသိတရားနှင့်ဆင်ခြင်တုံတရား ဟန်ချက်ညီညီကြီးမားနေမှုကြောင့် စဉ်းစားဆင်ခြင်သုံးသပ်မှုများ မှန်ကန်လာသည်။   စဉ်းစားဆင်ခြင်သုံးသပ်မှုများ မှန်ကန်ခြင်းကြောင့် မှန်ကန်သော ဆုံးဖြတ်ချက်ကိုချမှတ်သည်။ အကယ်၍ အသိ၊ ပညာ၊ ဗဟုသုတနိမ့်ကျနေပါက စဉ်းစားဆင်ခြင်သုံးသပ်မှုများ မှားယွင်းပြီး   မှားယွင်းသော ဆုံးဖြတ်ချက်ကို ချမှတ်မည်။ အသိ၊ ပညာ၊ ဗဟုသုတကြွယ်ဝမှုကြောင့်   မှန်ကန်သောဆုံးဖြတ်ချက်ကိုချမှတ်ပြီး   အသိ၊   ပညာ၊ ဗဟုသုတနိမ့်ကျမှုကြောင့် မှားယွင်းသောဆုံးဖြတ်ချက်ကို ချမှတ်ခြင်းသဘောဖြစ်သည်။

အတွေ့အကြုံကြွယ်ဝမှု

     အတွေ့အကြုံကြွယ်ဝမှုသည် မှန်ကန်သောဆုံးဖြတ်ချက်တစ်ရပ်ချမှတ်နိုင်ရေးအတွက်  များစွာအရေးကြီးသည်။ အတွေ့အကြုံသုံးမျိုးရှိသည်။ ကိုယ်တွေ့အတွေ့အကြုံ၊ စာတွေ့အတွေ့အကြုံ၊ ကြားသိအတွေ့အကြုံဟူ၍ဖြစ်သည်။ မည်သည့်အတွေ့အကြုံမျိုးတွင်မဆို အဖိုးတန်သဘောတရား နိယာမ သင်ခန်းစာများရှိနေစမြဲဖြစ်သည်။ အတွေ့အကြုံကြွယ်ဝခြင်းဆိုသည်မှာ   ယင်းအတွေ့အကြုံ သုံးမျိုးစလုံးနှင့် စဉ်ဆက်မပြတ် ထိတွေ့နေခြင်းဖြစ်သည်။ အတွေ့အကြုံဆိုသည်မှာ အကောင်းဆုံးသော ဆရာဟူ၍ အဆိုရှိပြန်သည်။ အတွေ့အကြုံအမျိုးမျိုးနှင့်   အစဉ်အမြဲထိတွေ့နေခြင်းသည်  အကောင်းဆုံးသောဆရာ များထံမှ သဘောတရား၊ နိယာမ၊ သင်ခန်းစာအမျိုးမျိုးကို စဉ်ဆက်မပြတ်သင်ယူနေခြင်း သဘောဖြစ်သည်။ ဤသို့အသိပညာများကို အကောင်းဆုံးသောဆရာများထံမှ  စဉ်ဆက်မပြတ်သင်ယူနေမှုကြောင့် မှန်ကန်သောအတွေးအခေါ်၊ အယူအဆများဖြစ်ပေါ်လာသည်။

မှန်ကန်သောအတွေးအခေါ်၊ အယူအဆများကြောင့် မှန်ကန်သောစဉ်းစားဆင်ခြင် သုံးသပ်မှုများဖြစ်ပေါ်လာသည်။ မှန်ကန်သောစဉ်းစားဆင်ခြင် သုံးသပ်မှုများကြောင့် မှန်ကန်သောဆုံးဖြတ်ချက်ကို ချမှတ်သည်။ အကယ်၍ အတွေ့အကြုံကြွယ်ဝမှုမရှိဘဲ အတွေ့အကြုံနိမ့်ကျနေပါက  စဉ်းစားဆင်ခြင် သုံးသပ်မှုများမှားယွင်းပြီး  မှားယွင်းသော ဆုံးဖြတ်ချက်ကို ချမှတ်မည်။ အတွေ့အကြုံကြွယ်ဝမှုကြောင့် မှန်ကန်သောဆုံးဖြတ်ချက်ကို ချမှတ်ပြီး အတွေ့အကြုံနိမ့်ကျ မှုကြောင့် မှားယွင်းသောဆုံးဖြတ်ချက်ကို ချမှတ်ခြင်းသဘောဖြစ်သည်။

စိတ်ဓာတ်ကြံ့ခိုင်မြင့်မားမှု

     စိတ်ဓာတ်ကြံ့ခိုင်မြင့်မားမှုသည်  မှန်ကန်သောဆုံးဖြတ်ချက် တစ်ရပ်ချမှတ်နိုင်ရေး အတွက် များစွာ အရေးကြီးသည်။ စိတ်ဓာတ်ကြံ့ခိုင် မြင့်မားမှုဆိုသည်မှာ လောကပတ်ဝန်းကျင်က မည်သို့ပင်အကျပ်ကိုင် ခြိမ်းခြောက်နေစေကာမူ၊   မည်သို့ပင်ဖိအားပေးနေစေကာမူ၊ မည်သို့ပင်စည်းရုံးသိမ်းသွင်း နေစေကာမူအညံ့ခံအရှုံးပေး လိုက်လျောသဘောတူ လက်ခံခြင်းမပြုဘဲ စောင့်သိရမည့်သစ္စာ၊ ထိန်းသိမ်းရမည့် ကျင့်ဝတ်၊ လိုက်နာရမည့်စည်းကမ်း၊ ထမ်းဆောင်ရမည့်တာဝန်ဝတ္တရားများ ကျေပွန်ရေးကိုသာ စူးစူးစိုက်စိုက်နှလုံး သွင်းဆင်ခြင်သည်။ မိမိချမှတ်ထားသည့် ရည်မှန်းချက်ပန်းတိုင်ကိုသာ အမြဲနှလုံးသွင်းဆင်ခြင်သည်။ ဤသို့မွန်မြတ်မှန်ကန်သော အကြောင်းအရာများကိုသာ အမြဲနှလုံးသွင်းဆင်ခြင်နေမှုကြောင့် မွန်မြတ်မှန်ကန်သော အတွေးအခေါ်အယူအဆများဖြစ်ပေါ်လာသည်။

မွန်မြတ်မှန်ကန်သော အတွေးအခေါ်အယူအဆများကြောင့် မွန်မြတ်မှန်ကန်သော စဉ်းစားဆင်ခြင်သုံးသပ်မှုများ ဖြစ်ပေါ်လာသည်။ မွန်မြတ်မှန်ကန်သော စဉ်းစားဆင်ခြင်သုံးသပ်မှုများကြောင့်  မှန်ကန်သောဆုံးဖြတ်ချက်ကိုချမှတ်သည်။ အကယ်၍ စိတ်ဓာတ်နိမ့်ကျနေပါက မှားယွင်းနိမ့်ကျသော စဉ်းစားဆင်ခြင်သုံးသပ်မှုများကို ပြုလုပ်ပြီး  မှားယွင်းသောဆုံးဖြတ်ချက်များကို ချမှတ်မည်။  စိတ်ဓာတ်ကြံ့ခိုင်မြင့်မားမှုသည် မှန်ကန်သော ဆုံးဖြတ်ချက်ကိုချမှတ်ပြီး စိတ်ဓာတ်နိမ့်ကျမှုသည် မှားယွင်းသောဆုံးဖြတ်ချက်ကို ချမှတ်စေသည့် သဘောဖြစ်သည်။

မှန်ကန်သောဘဝရည်မှန်းချက်ပန်းတိုင်ထားရှိမှု

     မှန်ကန်သောဘဝ ရည်မှန်းချက်ပန်းတိုင်ထားရှိမှုသည် မှန်ကန်သော ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်နိုင်ရေးအတွက် များစွာအရေးကြီးသည်။ မှန်ကန်သောဘဝရည်မှန်းချက် ပန်းတိုင်ဆိုသည်မှာ သဘာဝကျ၍ ကြောင်းကျိုးဆီလျော်သော၊ အဆုံးအမတရားများနှင့် ကိုက်ညီသော၊ ကျင့်ဝတ်သိက္ခာများနှင့် ကိုက်ညီသော၊ မိမိကောင်းကျိုးနှင့်လောကကောင်းကျိုးကိုပါ မျှတစွာဖြစ်စေသော ရည်မှန်းချက်ပန်းတိုင်မျိုးဖြစ်သည်။ ဤသို့ဘဝရည်မှန်းချက်ပန်းတိုင် ထားရှိသည့်အတွက် စိတ်နှလုံးအတွင်းမှန်ကန်မွန်မြတ်သော အတွေးအခေါ်၊အယူအဆများသာ  အမြဲဖြစ်ပေါ်နေသည်။ မှန်ကန်မွန်မြတ်သော အတွေးအခေါ်၊ အယူအဆများကြောင့် မှန်ကန်သော စဉ်းစားဆင်ခြင်မှုဖြစ်ပေါ်လာသည်။

မှန်ကန်သောစဉ်းစား ဆင်ခြင်မှုကြောင့် မှန်ကန်သောဆုံးဖြတ်ချက်ကိုချမှတ်သည်။အကယ်၍ မှားယွင်းနိမ့်ကျသောဘဝရည်မှန်းချက် ပန်းတိုင်ထားရှိပါက မှားယွင်းနိမ့်ကျသော စဉ်းစားဆင်ခြင်မှုများကိုပြုလုပ်ပြီး မှားယွင်းသောဆုံးဖြတ်ချက်က ချမှတ်မည်။  မှန်ကန်သောဘဝ ရည်မှန်းချက်ပန်းတိုင်ထားရှိခြင်းသည် မှန်ကန်သောဆုံးဖြတ်ချက်ကို ချမှတ်စေသည်။

ဆုံးဖြတ်ချက်မှန်ကန်ခြင်း၏ အနှစ်သာရ

     ဆုံးဖြတ်ချက်မှန်ကန်စွာ ချမှတ်ခြင်းတွင် အသွင်သဏ္ဌာန်နှင့် အနှစ်သာရဟူ၍ရှိသည်။ အသွင်သဏ္ဌာန်မှာ ဆုံးဖြတ်ချက်တစ်ရပ်ကို ဆင်ခြင်တုံတရားဖြင့် မှန်ကန်စွာချမှတ်ခြင်းဖြစ်သည်။  အနှစ်သာရမှာမူ များစွာလေးနက်လှသည်။ ယင်းအနှစ်သာရများကို ဤကဲ့သို့ဖော်ပြလိုသည်။    ဆုံးဖြတ်ချက်မှန်ကန်စွာ ချမှတ်ဆောင်ရွက်နေခြင်းသည်   အမိနိုင်ငံတော်အပေါ် ဆင်ခြင်တုံတရား အပြည့်အဝဖြင့် ရပ်တည်နေခြင်းဖြစ်သည်။ အမိနိုင်ငံအတွက် ဆိုးကျိုးမှန်သမျှ မဖြစ်ပေါ်စေရန်နှင့်   ကောင်းကျိုးမှန်သမျှဖြစ်ပေါ်စေရန်      ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်သည်။  အမိနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် ဂုဏ်သတင်းကို မြှင့်တင်ပေးနေခြင်းဖြစ်သည်။ အမိနိုင်ငံ၏သမိုင်းကို လှပခံ့ညားအောင် ရေးသားနေခြင်းဖြစ်သည်။ ဤအချက်များသည် ဆုံးဖြတ်ချက်မှန်ကန်စွာ ချမှတ်ခြင်း၏ အနှစ်သာရအဓိပ္ပာယ်များဖြစ်ကြသည်။ အမိနိုင်ငံအပေါ်ဆုံးဖြတ်ချက်မှန်ကန်စွာ ချမှတ်ဆောင်ရွက်ခြင်းသည် အသွင်သဏ္ဌာန်အားဖြင့်လည်း လှပခံ့ညားသကဲ့သို့ အနှစ်သာရအနေဖြင့်လည်း  များစွာလေးနက်လှသည်။

ကျွန်ုပ်တို့ဆုံးဖြတ်ချက်မှန်ကန်မှ နိုင်ငံလှပမည်

     နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ ကျွန်ုပ်တို့နိုင်ငံသားများ မှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်ဆောင်ရွက်နေကြပါက အမိနိုင်ငံ၏ ရည်မှန်းချက်ပန်းတိုင် အမျိုးမျိုးအောင်မြင်မည်။ အမိနိုင်ငံ၏  ဂုဏ်သိက္ခာနှင့် ဂုဏ်သတင်းမြင့်မားမည်။ အမိနိုင်ငံသမိုင်းကြောင်း လှပခံ့ညားမည်။ အကယ်၍မှားယွင်းသောဆုံးဖြတ်ချက်များကို  ကျွန်ုပ်တို့ချမှတ်ဆောင်ရွက်နေကြပါက အမိနိုင်ငံ၏ ရည်မှန်းချက်ပန်းတိုင်များ အောင်မြင်မှုရရှိမည်မဟုတ်။ အမိနိုင်ငံ၏ဂုဏ်သိက္ခာနှင့်  ဂုဏ်သတင်းကျဆင်းမည်။ အမိနိုင်ငံ၏သမိုင်:အရုပ်ဆိုး အကျည်းတန်မည်။

ထို့ကြောင့်   မှန်ကန်သော ဆုံးဖြတ်ချက်များကို  အမိနိုင်ငံအပေါ်     အစဉ်ချမှတ်ပေးနိုင်ရန်အတွက် ကျွန်ုပ်တို့အားလုံး  အခြေခံအချက် ၇ ချက်ဖြစ်သော  အမိနိုင်ငံတော်အပေါ် မှန်ကန်သော ယုံကြည်ချက်ထားရှိခြင်း၊ အမိနိုင်ငံအပေါ် မှန်ကန်သောခံယူချက်ထားရှိခြင်း၊ အမိနိုင်ငံအပေါ် သတိ၊ ပညာ၊ ဝီရိယကြီးမားခြင်း၊  အသိပညာဗဟုသုတ ကြွယ်ဝခြင်း၊ အတွေ့အကြုံကြွယ်ဝခြင်း၊    စိတ်ဓာတ်ကြံ့ခိုင်မှုမြင့်မားခြင်း၊ မှန်ကန်သောဘဝ ရည်မှန်းချက်ပန်းတိုင်ထားရှိခြင်း စသည့်အခြေခံအချက်များကို ကျွန်ုပ်တို့ ပိုင်ဆိုင်ရန် အစဉ်ကြိုးပမ်းနေကြရမည်။  သို့မှသာ  ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်များ မှန်ကန်မည်။ ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်များ မှန်ကန်နေသည်နှင့်အမျှ  အမိနိုင်ငံ၏သမိုင်းလှပ ခံ့ညား၍နေမည်။ ကမ္ဘာ့အလယ်ဂုဏ်ရည်ကြွယ်စွာ  ရပ်တည်နေနိုင်မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။   ။

MWD