ဆီးမကြာခဏသွားစေသော အစားအစာများ
Posted_Date
Image
Body
ဆီးမထိန်းနိုင်တဲ့ဝေဒနာကို အမျိုးသမီးရော အမျိုးသားတွေမှာပါ တွေ့ရပေမယ့် အမျိုးသမီးတွေမှာ ပိုခံစားရတတ်ပါတယ်။
အရည်ပမာဏများလွန်းခြင်း၊ နည်းလွန်းခြင်း
တစ်နေ့တာသောက်သုံးတဲ့ အရည်ပမာဏက ဆီးသွားတဲ့အပေါ်မှာ သက်ရောက်မှုရှိပါတယ်။ အချိန်တိုအတွင်းမှာ အရည်ပမာဏများစွာ သောက်သုံးတာက ဆီးမကြာခဏ သွားချင်စိတ်ဖြစ်စေပါတယ်။ ဒါပေမဲ့ ရေသောက်နည်းရင်လည်း ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ စွန့်ပစ်ပစ္စည်းတွေ စုပုံလာနိုင်တယ်။ ဆီးရဲ့ပြင်းအားကို မြင့်တက်စေပြီး ဆီးအိမ်လှုံ့ဆော်တာက ဆီးမကြာခဏ သွားစေတယ်။ ပြင်းအားမြင့်တဲ့ ဆီးရဲ့အရောင်က အဝါရင့်ရောင်ရှိပြီး အနံ့ပြင်းတာကြောင့် ဆီးရောင်ရင့်နေရင် ရေများများ သောက်ဖို့လိုပါတယ်။
အရက်၊ ဘီယာ
အရက်၊ ဘီယာက ခန္ဓာကိုယ်အတွင်း ရေဓာတ်ကို အလျင်မြန်ဆုံး ညစ်နွမ်းစေလို့ ရေများများသောက်သင့်ပါတယ်။ ဆီးသွားတာနဲ့ပတ် သက်လို့ ပြဿနာရှိသူတိုင်း အရက်သောက်သုံးတဲ့ပမာဏကို သုံးသပ် သင့်ပါတယ်။ ဘီယာ၊ ဝိုင်၊ အရက်နဲ့ တခြားအဖျော်ယမကာတွေက ဆီးရွှင်စေတဲ့အပြင် ဦးနှောက်ကနေ ဆီးအိမ်ကိုပေးပို့တဲ့ ဆီးသွားချိန်နဲ့ ပတ်သက်တဲ့ သတင်းပေးပို့ချက်တွေကို လွဲမှားစေတာကြောင့် ဆီး ခဏခဏသွားတာဖြစ်ပါတယ်။
ကဖင်းဓာတ်ပါတဲ့အရည်များ
ကဖင်းဓာတ်က ဆီးအိမ်ကိုလှုံ့ဆော်တာကြောင့် ဆီးရွှင်စေရုံသာမက ဆီးမထိန်းနိုင်တာကိုပါ ဖြစ်စေပါတယ်။ ဒါ့ပြင် ဆီးအိမ်ရောင်ရမ်း တာကိုဖြစ်စေတာကြောင့် ဆီးသွားလိုစိတ်ပြင်းပြစေတာမျိုးဖြစ်နိုင်ပါတယ်။ ဆီးမထိန်းနိုင်တဲ့လက္ခဏာတွေ သက်သာလာတဲ့အထိ ကဖင်းဓာတ်ဖြတ်သင့်ပါတယ်။ အဲဒီလက္ခဏာတွေ သက်သာလာရင် ကဖင်းဓာတ်ပါဝင်တဲ့အစားအစာတွေကို နည်းနည်းချင်းစီစားသုံးပေးတာက ကဖင်း ဓာတ်ပမာဏဘယ်လောက်က ဆီးပြဿနာတွေ့စေသလဲဆိုတာ သိနိုင်ပါတယ်။
အက်စစ်ဂုဏ်သတ္တိရှိတဲ့သစ်သီးများ
လူကြိုက်များတဲ့ နာနတ်သီး၊ လိမ္မော်သီး၊ သံပရာသီး၊ ရှောက်သီး၊ ခရမ်းချဉ်သီး စတဲ့အသီးတွေက ဗီတာမင်-C ဓာတ်ကြွယ်ဝပေမယ့် ဆီးမထိန်းနိုင်တဲ့ သူတွေအတွက်တော့ ပြဿနာတစ်ခုဖြစ်ပါတယ်။ အက်စစ် ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက ဆီးအိမ်မှာရှိတဲ့အာရုံကြောတွေကို လှုံ့ဆော်တာကြောင့် ဆီးမထိန်းနိုင်တဲ့ လက္ခဏာတွေကို ပိုဆိုးစေပါတယ်။
ပူစပ်တဲ့အစားအစာ
ဆီးမထိန်းနိုင်တဲ့သူတွေအတွက် ပူစပ်ပူလောင်အရသာရှိတဲ့ ငရုတ်သီးကို ရှောင်သင့်ပါတယ်။
ပြုပြင်ထားတဲ့အစားအစာများ
တာရှည်ခံအောင်ပြုလုပ်ရာမှာအသုံးပြုတဲ့ အရသာတု၊ အချိုမှုန့်စတာတွေက ဆီးအိမ်ကို မသက်မသာဖြစ်စေပါတယ်။
နေ့စဉ်စားသုံးတဲ့ အစားအစာတွေက ကျန်းမာရေးအပေါ်သက် ရောက်မှုရှိပါတယ်။ နေ့စဉ်စားသုံးလိုက်တဲ့ အစားအစာထဲမှာ ကျန်းမာရေးကို အထောက်အကူပြုတာမျိုးရှိသလို ဆိုးကျိုးလည်းရှိပါတယ်။ တချို့အစားအစာတွေဆိုရင် ကျန်းမာရေးကိုတောင် ထိခိုက်စေနိုင်ပါ တယ်။ ဒါကြောင့် နေ့စဉ် ကိုယ်တိုင်သဘောကျ စားသောက်နေတဲ့ အစား အသောက်တွေမှာ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိနေသလဲဆိုတာကို သိရှိထားဖို့လိုပါတယ်။
ဆီးလမ်းကြောင်းက အမျိုးသားရော အမျိုးသမီးမှာပါ စနစ်တစ်ရပ် ဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ကျောက်ကပ်ရဲ့ ဆီးလမ်းကြောင်းစနစ်မှာ ကျောက်ကပ်၊ ဆီးပို့ပြွန်နှင့် ဆီးစွန့်ပြွန်၊ ဆီးအိမ်၊ ဆီးကျိတ်၊ အမျိုးသားမျိုးပွားအင်္ဂါတို့ ပါဝင်ပါတယ်။ အဲဒီစနစ် တွေ ဟန်ချက်ညီညီလုပ်ဆောင်ပါမှ ကိုယ်တွင်းက အညစ်အကြေးတွေကို ဆီးအဖြစ် ခန္ဓာကိုယ်အပြင်ဘက် စွန့်ထုတ်နိုင်ပါတယ်။
လူတစ်ယောက်ကျန်းမာစေဖို့အတွက် ကျောက်ကပ်နဲ့ဆီးလမ်း ကြောင်းကျန်းမာဖို့ အတော်လေးအရေးပါပါတယ်။ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဆီးစွန့် ထုတ်မှုကနေတစ်ဆင့် ဖယ်ရှားပေးတဲ့ ရေဆိုးထုတ် စနစ်ဖြစ်ပါတယ်။ စားသုံးလိုက်တဲ့အစားအစာတွေ၊ သောက်သုံးလိုက်တဲ့ ဆေးဝါးတွေ၊ အရက် စတာတွေကြောင့် ကိုယ်တွင်းမှာဖြစ်ပေါ်လာတဲ့အညစ်အကြေးတွေကိုစစ်ထုတ်ပြီး ဆီးအနေနဲ့ ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပစ်ပါတယ်။
ဆီးဆိုတာ ကိုယ်တွင်းကပိုလျှံတဲ့အရည်တွေနဲ့ အညစ်အကြေးတွေ ဖြစ်ပါတယ်။ ဒါတွေကို ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပစ်တဲ့တာဝန်ကို ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းစနစ်က လုပ်ဆောင်ပေးပါတယ်။
ကိုယ်တွင်းမှာ မလိုအပ်တဲ့အရည်တွေ၊ အဆိပ်အတောက်တွေနဲ့ အညစ်အကြေးတွေကို စွန့်ထုတ်ပစ်ပါတယ်။
နေ့စဉ်စားသုံးမှုကို အရသာပြည့်ပြည့်စုံစုံစားသုံးလိုက်တဲ့အခါ ကိုယ် တွင်းကို အချို၊ အဖန်၊ အငန်၊ အစပ်၊ အခါး၊ အချဉ်၊ အဆိမ့်ဆိုပြီး အရသာ အမျိုးမျိုးဝင်ရောက်သွားပါတယ်။ ဒီလိုဝင်ရောက်သွားတဲ့ အာဟာရ တစ်ခုချင်းစီက အလွန်အကျွံဖြစ်လာမယ်ဆိုရင်တော့ ကျောက်ကပ်နဲ့ဆီးလမ်းကြောင်းကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
အငန်များရင်(ဆိုဒီယမ်အစားများရင်)
နေ့စဉ်စားသုံးမှုမှာ ဆိုဒီယမ်လို့ခေါ်တဲ့ဆားဓာတ်တွေ အများအပြား စားသုံးတာက ကျောက်ကပ်ရဲ့ ရေဓာတ်၊ ဆားဓာတ်၊ သတ္တုဓာတ်တွေဟန်ချက်ညီအောင် ထိန်းသိမ်းထားနိုင်မှုကို အနှောင့်အယှက်ဖြစ်စေနိုင် ပါတယ်။ ဆိုဒီယမ်ကို လိုအပ်သလောက်ပဲစားတာက အကောင်းဆုံးဖြစ်ပါတယ်။ ဒါ့ပြင် ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ အချိုမှုန့်၊ အသားမှုန့်တွေကိုလည်း အများကြီးမစားသင့်ပါဘူး။ အငန်အစားများတာက သွေးတိုးစေပြီး ရေရှည်မှာ ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ အငန်အစား များတာက ကျောက်ကပ်ကျောက်တည်တာဖြစ်စေနိုင်ပါတယ်။
ကယ်လ်စီယမ်အစားများရင်
ကယ်လ်စီယမ်က အရိုးနဲ့သွားတွေကို ကျန်းမာကြံ့ခိုင်စေတယ်ဆိုပေမယ့် ကယ်လ်စီယမ်အလွန်အကျွံ စားသုံးတာကလည်း ကျောက်ကပ် ကျောက်တည်စေနိုင်ပါတယ်။ ကယ်လ်စီယမ်ကို လိုသလောက်သာစားသုံးဖို့ လိုအပ်ပါတယ်။ ဒါမှ အရိုးပွတာ၊ အရိုးပါးတာတွေကို ကာကွယ် ရာရောက်ပါတယ်။ ကယ်လ်စီယမ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ထိုက်သင့်တဲ့ ပမာဏလောက်သာ စားပေးသင့်ပါတယ်။ နောက်တစ်ချက်က အသင့်စား၊ အမြန်စားနဲ့ပြုပြင်ထားတဲ့ အစားအစာတွေဖြစ်ပါတယ်။ အဲဒီအစားအစာတွေက အငန်ကဲသလိုပြုပြင်ထားတာကြောင့် ရေရှည်မှာ ကျောက်ကပ်ကို ထိခိုက်နိုင်ပါတယ်။
ပရိုတင်း
ပရိုတင်းက ကိုယ်ခံအားကောင်းစေပြီး အရိုးတွေသန်မာစေတယ်။ ကြွက်သားတွေဖြစ်ပေါ်စေသလို ပရိုတင်းက တစ်သျှူးအသစ်တွေ ဖြစ်ပေါ်စေနိုင်တယ်ဆိုပေမယ့် ပရိုတင်းတွေကို အလွန်အကျွံစားသုံးတာက ကျောက်ကပ်ကိုဝန်ပိစေပြီး ရေရှည်မှာ ကျောက်ကပ်ကိုထိခိုက်စေနိုင် ပါတယ်။ ကျောက်ကပ်ပျက်စီးတာမျိုးဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် အနီရောင်အသားတွေ၊ ဥအမျိုးမျိုး၊ နို့နဲ့နို့ထွက်ပစ္စည်း စတာတွေကို အလွန်အကျွံမစားသုံးသင့်ပါဘူး။
ရေသောက်နည်းခြင်း
ရေသောက်နည်းတာက ရေဓာတ်ခန်းခြောက်မှုဖြစ်စေနိုင်ပြီး ရေရှည်မှာ ကျောက်ကပ်ထိခိုက်တာမျိုးဖြစ်စေနိုင်ပါတယ်။ ရေများများသောက်မှ ကျောက်ကပ်က အဆိပ်အတောက်တွေ ဖယ်ရှားပေးပြီး ကျောက်ကပ် ကျန်းမာစေဖို့ အထောက်အကူပေးနိုင်ပါတယ်။ရေများများသောက်တာက ကျောက်ကပ်နဲ့ဆီးလမ်းကြောင်း ပိုးဝင်တာမျိုးမဖြစ်စေဖို့ ကာကွယ်ပေးသလို ကိုယ်ခံအားကောင်းစေပြီး အသားအရေကို ကြည်လင်စေပါတယ်။ နေ့စဉ်စားသုံးလိုက်တာတွေက ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းအပေါ် အခုလိုသက်ရောက်မှုတွေရှိနေတယ်ဆိုတာ သတိပြုစေချင်ပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးမှုမှာ အသီးအရွက်များများ ပါဝင်အောင် စားသုံးသင့်ပါတယ်။ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ အသီးအနှံတွေကို ရှောင်ဖို့တော့လိုအပ်ပါတယ်။
ကာဗွန်ဖြည့်စွက်ထားတဲ့အချိုရည်
ကာဗွန်ဖြည့်စွက်ထားတဲ့အချိုရည် အများစုမှာ သကြားနဲ့ကဖင်းဓာတ်လည်း အမျိုးအစားများစွာ ပါဝင်ပါတယ်။ အက်စစ်ဓာတ်၊ အချိုခဲ၊ ကဖင်းထပ်မံဖြည့်စွက်ထားတဲ့ အချိုရည်တွေက မကြာခဏဆီးသွားတဲ့ ဝေဒနာခံစားနေရသူတွေမှာ ဝေဒနာပိုမိုဆိုးစေတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ အက်စစ်ဓာတ်ပါဝင်မှုနည်းတဲ့ သဘာဝလက်ဖက်စိမ်းရည်သောက်တာက ဆီးအိတ်ကိုလှုံ့ဆော်မှုနည်းစေတယ်။
ဟင်းခတ်အမွှေးအကြိုင်များ
ပူဒီနာ၊ ပင်စိမ်း၊ အသားနူးအောင်အချဉ်ဓာတ် ထည့်ချက်တာတွေက ဆီးအိတ်ကို လှုံ့ဆော်မှုဖြစ်စေပါတယ်။ ကြက်သွန်နီ၊ လေးညှင်းပွင့်၊ ပဲပိစပ်ဆော့နဲ့ ငရုတ်သီးတွေကတော့ ဆီးအိတ်ကို သိသိသာသာ လှုံ့ဆော် မှုမရှိပါဘူး။
သကြား
သကြားက ဆီးအိတ်ထဲမှာ အချိုဓာတ်ဖြစ်စေတယ်။ ဒါက ဆီးအိတ် ကိုလှုံ့ဆော်မှုဖြစ်စေတဲ့ အဖြစ်များတဲ့အချက်တစ်ခုဖြစ်ပါတယ်။ သကြား ဓာတ်များစွာရနိုင်တဲ့ ချောကလက် ဒါမှမဟုတ် ဆော်ဒါအချိုရည်ထဲမှာ ကဖင်းပါဝင်တာကြောင့် မကြာခဏ ဆီးသွားအောင် လှုံ့ဆော်ပေးပါ တယ်။
သကြားတု
သကြားစားသုံးတာက ဆီးအိတ်ကိုလှုံ့ဆော်တာကြောင့် သကြားတုကို အစားထိုးအသုံးမပြုသင့်ပါဘူး။ သကြားတုက ကိုယ့်ကိုဒုက္ခပေးနိုင် တယ်။ သကြားတုမှာပါဝင်တဲ့ ဓာတုဒြပ်ပေါင်းက ဆီးအိတ်ကြွက်သားတွ ေတောင့်တင်းစေပါတယ်။ ဒါကြောင့် သကြားအစား သကြားတုကိုအစားထိုး စားသုံးဖို့မသင့်ပါဘူး။
ဟစ်တမင်းပါတဲ့အစားအစာ
ဟစ်တမင်းက ဓာတ်မတည့်မှုဖြစ်စေပြီး နှာစေးတာ ခံစားရနိုင်တဲ့အပြင် ထိခိုက်လွယ်တဲ့ ဆီးအိတ်ကို လှုံ့ဆော်မှုဖြစ်စေပါတယ်။ ဟစ်တမင်းများစွာပါဝင်တဲ့ တိုဟူး၊ ချိစ်၊ နေကြာစေ့၊ တူနာငါး၊ အချဉ်ဖောက်ပြီးပြုလုပ်ထားတဲ့ အစားအစာတွေက ဆီးအိတ်ကို လှုံ့ဆော်မှုဖြစ်စေတာကြောင့် မကြာခဏဆီးသွားတဲ့ ဝေဒနာခံစားနေရသူတွေ အနေနဲ့ရှောင်ကြဉ်သင့်ပါတယ်။
ဗီတာမင်-B အုပ်စု
ဗီတာမင်-B အုပ်စုမှာပါဝင်တဲ့ အဆီမှာမပျော်ဝင်တဲ့ ဗီတာမင်အမျိုးအစားတွေကို ဆီးထဲကစွန့်ထုတ်နိုင်ပါတယ်။ အများစုက ပင်ပန်းနွမ်းနယ်နေတဲ့အခါ ဗီတာမင်မျိုးစုံပါတဲ့အားဆေးကို သောက်သုံးတတ်ကြတယ်။ ခန္ဓာကိုယ်ကမလိုအပ်တဲ့ ပိုလျှံနေတဲ့ဗီတာမင်တွေကို ဆီးထဲကနေ စွန့်ထုတ်သင့်ပါတယ်။ ပိုလျှံနေတဲ့ ဆီးထဲကစွန့်ထုတ်တဲ့ ဗီတာမင်-B အုပ်စုက ဆီးအိတ်ကိုလှုံ့ဆော်လို့ မကြာခဏဆီးသွားတဲ့ဝေဒနာကို ပိုဆိုးစေပါတယ်။ ဆီးမထိန်းနိုင်တာကြာရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။
MWD
