အမှန်တရားကို မျက်ကွယ်ပြုပြီး အကြမ်းဖက်မှုကို အားပေးနေတဲ့  Christian Solidarity  Worldwide (CSW) ဥက္ကဋ္ဌ မစ္စတာမာဗင်သောမတ်စ်ထံသို့ အိတ်ဖွင့်ပေးစာ

Posted_Date

Image

အမှန်တရားကို မျက်ကွယ်ပြုပြီး အကြမ်းဖက်မှုကို အားပေးနေတဲ့  Christian Solidarity  Worldwide (CSW) ဥက္ကဋ္ဌ မစ္စတာမာဗင်သောမတ်စ်ထံသို့ အိတ်ဖွင့်ပေးစာ

Body

ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်ညီညွတ်ရေးအဖွဲ့ (Christian Solidarity Worldwide  CSW) ၏ဥက္ကဋ္ဌဖြစ်သူ မစ္စတာမာဗင်သောမတ်စ်ဆီ ဒီအိတ်ဖွင့်ပေးစာကို ရေးသားတာဟာ  ဘယ်သူများလဲလို့  စိတ်ဝင်စားနေပါလိမ့်မယ်။

 ကျွန်တော်ဟာ ကိုယ့်နိုင်ငံ၊  ကိုယ့်လူမျိုးကို ချစ်မြတ်နိုးတဲ့ သာမန်ပြည်သူတစ်ယောက်သာဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေက ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ပျက်စီးရာပျက်စီးကြောင်း၊ တစ်ဖက်သတ်စွပ်စွဲချက်တွေ၊ ဖိအားပေးမှုတွေကို လက်မခံနိုင်တဲ့ သာမန်ပြည်သူတစ်ဦးဖြစ်ပါတယ်။

ခင်ဗျားတို့ CSW အဖွဲ့ရဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းပြန်ကြားချက်ကို ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ မြင်တွေ့ခဲ့ရပါတယ်။ ဒီပြန်ကြားချက်ဟာ အချက်အလက်ခိုင်မာမှု၊ မျှတမှုလုံးဝမရှိဘဲ၊ မြန်မာနိုင်ငံအစိုးရနဲ့ တပ်မတော်အပေါ် အခြေအမြစ်မရှိ ပရမ်းပတာစွပ်စွဲထားတဲ့ ဝါဒဖြန့်စာရွက်တစ်စောင်မျှသာ ဖြစ်တယ်လို့ ကျွန်တော်တို့ ပြတ်ပြတ်သားသား ပြောကြားလိုပါတယ်။

ခင်ဗျားဟာ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ မြေပြင်ပကတိအခြေအနေမှန်တွေကို တိတိကျကျ သိရှိနားလည်ခြင်းမရှိဘဲ၊ ပြည်တွင်း/ပြည်ပက ပြည်ဖျက်မီဒီယာတွေနဲ့ အကြမ်းဖက်အုပ်စုတွေက   လိုသလိုပုံဖော်ထားတဲ့ သတင်းအချက်အလက်အမှားတွေကိုသာအခြေခံပြီး သံယောင်လိုက်ပြောဆိုနေခြင်း ဖြစ်ပါတယ်။ ခင်ဗျားရဲ့ ဒီလိုစည်းကမ်းမဲ့တဲ့   ထုတ်ဖော်ပြောဆိုချက်တွေဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေကို မခန့်လေးစားပြုမူပြောဆိုရာ ရောက်သလို၊ တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်ဖျက်ဆီးလိုတဲ့ အကြမ်းဖက်သမားတွေရဲ့လုပ်ရပ်ကို  အားပေးအားမြှောက်ပြုရာရောက်တဲ့ စော်ကားမှုတစ်ခုလည်းဖြစ်ပါတယ်။

ဒါကြောင့် ဒီအိတ်ဖွင့်ပေးစာကို မြန်မာ နိုင်ငံအတွင်းမှာ အမှန်တကယ်နေထိုင်နေပြီး NUG၊ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ    အကြမ်းဖက်အဖွဲ့တွေကြောင့် ဖြစ်ပေါ်နေတဲ့အကြမ်းဖက်လုပ်ရပ်တွေကိုမြင်တွေ့ခံစားနေရတဲ့ သာမန်ပြည်သူတစ်ဦးရဲ့ အသံအဖြစ်၊ ခင်ဗျားရဲ့မဟုတ်မမှန် စွပ်စွဲချက်တွေကို ပြန်လည်တုံ့ပြန် ရှင်းပြလိုပါတယ်။

ပထမဆုံးအနေနဲ့ ခင်ဗျားနားလည်ထားရမှာက မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေ၊ ပျက်စီးဆုံးရှုံးမှုတွေဟာ ခင်ဗျားစွပ်စွဲသလို တပ်မတော်ကအရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေလို့ ဖြစ်နေတာမဟုတ်ပါဘူး။ တကယ့်အဖြစ်မှန်က NLD ပါတီရဲ့ အစွန်းရောက်အုပ်စုတွေကနေ မွေးဖွားလာတဲ့ NUG၊ CRPH၊ PDF လို့ အမည်ခံထားတဲ့ အကြမ်း ဖက်အဖွဲ့တွေရဲ့ “အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်” (all-out destruction path) ကြောင့်သာဖြစ်ပါတယ်။ သူတို့ဟာ ကိုယ်ကျိုးရှာနိုင်ငံရေးရည်မှန်းချက်ကို အကြမ်းဖက်

နည်းလမ်းနဲ့ရယူဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။  သူတို့ကို မထောက်ခံတဲ့ ပြည်သူတိုင်းကို    ဒလန်လို့စွပ်စွဲပြီး အကြောင်းမဲ့သတ်ဖြတ်နေကြတာဟာ ကမ္ဘာကအသိပါ။

ခင်ဗျားရဲ့ CSW အဖွဲ့ဟာ ကိုးကွယ်မှု ဘာသာအယူအဆခွဲခြားမှုရှိနေပြီး မျှတမှုမရှိ အသည်းအသန်စိုးရိမ်ပြနေချိန်မှာ ဒီအကြမ်းဖက်အဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့်  သေဆုံးခဲ့ရတဲ့  ပြည်သူတွေ အကြောင်းကိုတော့ ဘာကြောင့်တစ်ခွန်းမှမပြောတာပါလဲ။

ခင်ဗျားတို့ရဲ့ သုတေသနထဲမှာ NUG၊PDF အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ လက်နက်မဲ့အပြစ်မဲ့ပြည်သူ (၅၇၆၇) ဦးအကြောင်း ဘာလို့မပါတာလဲ။

သူတို့ရဲ့ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ ဗုဒ္ဓဘာသာရဟန်း၊ သံဃာတော် (၈၈) ပါးနဲ့ သီလရှင် (၂) ပါးအကြောင်းကိုရော ခင်ဗျားဘာကြောင့် လျစ်လျူရှုထားတာလဲ။

အနာဂတ်မျိုးဆက်သစ်တွေကို ပညာသင်ပေးနေတဲ့ ဆရာ/ဆရာမ (၇၈) ဦး အပါအဝင်၊ ပြည်သူ့ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေထောင်နဲ့ချီပြီး  လုပ်ကြံသတ်ဖြတ် ခံခဲ့ရတာကိုရော ခင်ဗျားရဲ့ ခရစ်ယာန်ညီညွတ်ရေး အဖွဲ့က  မသိလေအောင် မျက်စိပိတ်၊ နားပိတ်နေခဲ့တာလား။

ပြည်သူပိုင် စာသင်ကျောင်းနဲ့ ပညာရေးအဆောက်အအုံ (၅၆၀) ခုကို ဗုံးခွဲမီးရှို့ဖျက်ဆီးခဲ့တာ၊ တံတားတွေ၊ ဆေးရုံတွေ၊ အုပ်ချုပ်ရေးရုံးတွေကို မိုင်းခွဲခဲ့တာတွေကရော ခင်ဗျားတို့ရဲ့ ဘာသာရေးလွတ်လပ်ခွင့်စံနှုန်းတွေနဲ့ ကိုက်ညီနေလို့လား။

မြန်မာ့တပ်မတော်ဟာ မြန်မာနိုင်ငံရဲ့ တရားဝင်ကာကွယ်ရေး တပ်ဖွဲ့ဖြစ်ပြီး ဒီလိုမျိုးအကြမ်းဖက်လုပ်ရပ်တွေကို တုံ့ပြန်ဖို့နဲ့ နိုင်ငံသားအားလုံးရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ တာဝန်ရှိပါတယ်။ တပ်မတော်ရဲ့ လုပ်ဆောင်ချက်

အားလုံးဟာ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation)ကို Rules of Engagement (ROE) နဲ့အညီ စနစ်တကျ  ဆောင်ရွက်နေတာဖြစ်ပြီး ခင်ဗျားစွပ်စွဲသလို ဘာသာရေးကိုအခြေခံပြီး ခွဲခြားဆက်ဆံခြင်း၊   ပစ်မှတ်ထားတိုက်ခိုက်ခြင်းမျိုး လုံးဝ(လုံးဝ) မရှိပါဘူး။

ခင်ဗျားရဲ့ နိုဝင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်စွပ်စွဲချက်တွေကို ကျွန်တော်တို့ပြည်သူတွေက အချက်အလက်အမှန်တွေနဲ့ရှင်းပါဦးမယ်။ ခင်ဗျားက FORB Network ဆိုတာကို ကိုးကားပြီး ခရစ်ယာန်ဘုရားကျောင်း ၂၂၀ ကျော် ဖျက်ဆီးခံရတယ်၊ ဘုန်းတော်ကြီး (၈၅) ပါး သတ်ဖြတ်ခံရတယ်ဆိုတဲ့ စွပ်စွဲချက်ဟာ အကြီးစားလိမ်လည်မှုမြောက်ပါတယ်။

ခင်ဗျားဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ (International Humanitarian Law-IHL) ကို  ကိုးကားခဲ့တယ်။  ဒါပေမဲ့ IHL က “ဝတ်ပြုကိုးကွယ်ရာနေရာများကို စစ်ရေးအတွက် အသုံးမပြုရဘူးလို့” အတိအလင်းတားမြစ်ထားတာကိုတော့ ခင်ဗျားက တမင်ချန်လှပ်ထားခဲ့ပါတယ်။ အဖြစ်မှန်ကတော့ ချင်းပြည်နယ်အပါအဝင် ပဋိပက္ခဖြစ်ပွားရာ ဒေသအများအပြားမှာ NUG က မွေးထုတ်လိုက်တဲ့ CNF ၊ CNA ၊ PDF အမည်ခံ  အကြမ်းဖက်အဖွဲ့တွေဟာ “ဘာသာရေးအဆောက်အအုံများအား ခံစစ်စခန်းများအဖြစ် အလွဲသုံးစားပြုခြင်း” (Abusing Religious Buildings as Defensive Posts)၊ “ယာယီစစ်တန်းလျားအဖြစ်အသုံးပြုခြင်း” (Using as Temporary Barracks) နဲ့ “အဆိုပါ ဝတ်ပြုဆုတောင်းရာနေရာများအနီး၌ မြေမြှုပ်မိုင်းများထောင်ခြင်း”  (Planting Landmines Near Places of Worship) တို့ကို ရည်ရွယ်ချက်ရှိရှိ  ကျူးလွန်နေပါတယ်။

အဲဒီ CNF၊ CNA၊ PDF  အဖွဲ့တွေဟာ ချင်းပြည်နယ်မှာ အစိုးရရဲ့အုပ်ချုပ်ရေးယန္တရားကို နှောင့်ယှက်တိုက်ခိုက်နေပြီး တည်ငြိမ်အေးချမ်းစွာ   နေထိုင်လိုတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးနေလို့ ခေတ်အဆက်ဆက်သူပုန် မရှိခဲ့တဲ့ချင်းပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် နိုင်ငံရေးရည်မှန်းချက်ကို အကြမ်းဖက်လက်နက်ကိုင် နည်းလမ်းနဲ့ရယူဖို့ ကြိုးစားနေတဲ့  NUG  အဖွဲ့ရဲ့  လွဲမှားတဲ့နိုင်ငံရေးအတ္တကြောင့်  ဖြစ်ပေါ်လာရတဲ့တိုက်ပွဲတွေဖြစ်ပါတယ်။  ဒါတွေက တပ်မတော်ရဲ့စစ်ဆင်ရေးတွေကြောင့် ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေမဟုတ်ပါဘူး။ တပ်မတော်ဟာ အကြမ်းဖက်သမားတွေရဲ့ အပြစ်မဲ့ပြည်သူ တွေအပေါ်  ကျူးလွန်နေတဲ့အဖျက်လုပ်ရပ်တွေကို ဟန့်တားပြီး တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးအတွက် အကြမ်းဖက်သူပုန်တွေကို ဦးတည်တိုက်ခိုက် နေရုံမျှသာဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ ဘယ်ဘာသာရေး အဆောက်အအုံကိုမှ အကြောင်းမဲ့ပစ်မှတ်ထား တိုက်ခိုက်တာမျိုးလုံးဝမရှိပါ။ ပျက်စီးမှုတွေဟာ တိုက်ပွဲဇုန်အတွင်းဖြစ်ပွားနိုင်တဲ့ မလွှဲမရှောင်သာတဲ့  အခြေအနေတွေ (Unavoidable Collateral Damage)၊ အထူးသဖြင့် အကြမ်းဖက်အဖွဲ့တွေက ဘုရားကျောင်း၊ စေတီပုထိုးတွေကို အကာအကွယ်ယူအသုံးချ  တိုက်ခိုက်နေတာကြောင့် ဖြစ်ပါတယ်။

cbbu

IHL အရ ကာကွယ်ထားတဲ့  နေရာတစ်ခုကို စစ်ရေးခံစစ်စခန်းအဖြစ် အသုံးပြုလိုက်တဲ့အချိန်မှာ၊ အဲ့ဒီနေရာဟာ သူ့ရဲ့ အကာအကွယ် (Protected Status) ကို ဆုံးရှုံးသွားပြီး တရားဝင်စစ်ရေးပစ်မှတ် (Legitimate Military Target) ဖြစ်သွား တယ်ဆိုတာ IHL ကို ကိုးကားထားတဲ့ ခင်ဗျားအနေနဲ့ သိထားသင့်ပါတယ်။ ဒါကြောင့် ဘုရားကျောင်းတွေ ပျက်စီးရခြင်းရဲ့တရားခံအစစ်ဟာ အကြမ်းဖက်သမားတွေ ကိုယ်တိုင်ပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ရဲ့ ပုဒ်မ(၃၄)မှာ ဘာသာရေး လွတ်လပ်ခွင့်ကို အာမခံထားပြီးသားဖြစ်လို့ မြန်မာနိုင်ငံအတွင်းမှာ အဓိကကိုးကွယ်တဲ့ ဗုဒ္ဓဘာသာမဟုတ်တဲ့   အခြားသော  ဘာသာရေး အဆောက်အအုံများ စာရင်းကို ခင်ဗျားသိအောင် ဖော်ပြပေးလိုက်ပါတယ်။

list

လူတိုင်းလူတိုင်းဟာ မိမိယုံကြည်ရာအတိုင်း ဗုဒ္ဓဘာသာအပါအဝင် အခြားဘာသာပေါင်းစုံကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ရဲ့ပေးထားချက်အရ လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသလို လက်ရှိယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်တဲ့ အစိုးရကလည်း   မြန်မာနိုင်ငံအတွင်း  ဘာသာအသီးသီးရဲ့ ဘာသာရေးပွဲတော်တွေကို  လုပ်ငန်းအားလပ်မှုအပေါ် မူတည်၍ ကိုယ်တိုင်တက်ရောက် ချီးမြှင့်အားပေးလျက်ရှိပါတယ်။

cr

ဒါပေမဲ့ အကြမ်းဖက်သမားတွေက မြို့ပြတွေမှာပါ ဘာသာရေးပွဲတော်ကိုအသုံးချပြီး  အကြမ်းဖက်မှုပြုလုပ်ရန် ရည်ရွယ်ချက်အတွက် လူစုလူဝေးပွဲတွေ၊ လူနေရပ်ကွက်တွေ၊   ဘုရားကျောင်းလို နေရာမျိုးတွေကို အကာအကွယ်ယူပြီး အကြမ်းဖက်မှုတွေ၊ ဗုံးခွဲမှုတွေလုပ်ဆောင်ဖို့ စိမ့်ဝင်ကြိုးပမ်းနေတာတွေ ရှိနေပါတယ်။

ဒါကြောင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ပြည်သူလူထုရဲ့ အသက်အန္တရာယ်ကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့လုံခြုံရေးဆိုင်ရာ စိစစ်မှုတွေ၊ ယာယီထိန်းညှိမှုတွေ  လုပ်ဆောင်ရတာဖြစ်ပါတယ်။  ဒါဟာ  ခရစ်ယာန်ဘာသာကို ပစ်မှတ်ထားတာမဟုတ်ဘဲ အကြမ်းဖက်သမားတွေရဲ့လှုပ်ရှားမှုကို တားဆီးဖို့သာဖြစ်ပြီး ဝတ်ပြုကိုးကွယ်သူ ပြည်သူတွေရဲ့လုံခြုံရေးကို ကာကွယ်ပေးခြင်းသာဖြစ်ပါတယ်။ ခင်ဗျားတို့စွပ်စွဲသလို ခရစ်ယာန်နဲ့ အစ္စလာမ်တွေကို ရန်သူအဖြစ် သတ်မှတ်နေတာမဟုတ်ဘဲ၊ အကြမ်းဖက်သမားတွေကိုသာ ရန်သူအဖြစ် သတ်မှတ်တိုက်ခိုက်နေတာဖြစ်ပါတယ်။

ခင်ဗျားရဲ့  စွပ်စွဲချက်တွေထဲမှာ အလွယ်တကူအမှား/အမှန်စစ်ဆေးနိုင်တဲ့ လိမ်ညာမှုကတော့ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က မန္တလေးငလျင်ကြီးနဲ့ပတ်သက်တဲ့ စွပ်စွဲချက်ဖြစ်ပါတယ်။ ခင်ဗျားက “ပြိုကျပျက်စီးသွားသော ခရစ်ယာန်ဘုရားကျောင်းများနှင့် ဗလီများအား မူလပုံစံအတိုင်းသာ ပြန်လည်တည်ဆောက်ခွင့်ပြုသည်”ဆိုတဲ့ မိန့်ဟာခွဲခြား ဆက်ဆံမှုဖြစ်ပြီး ဒီကန့်သတ်ချက်ကြောင့် သက်တမ်းရင့်ခရစ်ယာန်ဘုရားကျောင်းတွေ ပြိုကျပျက်စီးသွားရသလို     ပုံဖော်စွပ်စွဲရေးသားထားပါတယ်။

ခင်ဗျားရဲ့ ဒီစွပ်စွဲချက်ဟာ လုံးဝလွဲမှားနေကြောင်း ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။ ငလျင်ဘေးဟာ ဘာသာပေါင်းစုံကို ထိခိုက်ခဲ့ပါတယ်။ မတ်လ ၂၈ ရက်နေ့ကဖြစ်ပေါ်ခဲ့တဲ့ မန္တလေးငလျင်ကြီးဟာ ဘာသာတရားကိုရွေးပြီး ခွဲခြားလှုပ်ခတ်ခဲ့တာ မဟုတ်ပါဘူး။ ခင်ဗျားရဲ့ သုတေသနဟာ မန္တလေးမြို့က ကမ္ဘာကျော် ဗုဒ္ဓဘာသာအမွေအနှစ်တွေရဲ့ ပျက်စီးမှုကို တမင်ချန်လှပ်ထားခဲ့ပါတယ်။ ယူနက်စကို (UNESCO) ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင် ကုသိုလ်တော်ဘုရားဟာ  ပြင်းထန်စွာပျက်စီးမှုကို ခံစားခဲ့ရပါတယ်။ အလားတူပဲ ရွှေဂူကြီးကျောင်းတိုက်၊    မယ်နုအုတ်ကျောင်းနဲ့ မင်းကွန်းပုထိုးတော်ကြီးအစရှိတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ အထင်ကရနေရာ ပေါင်းများစွာလည်း   အကြီးအကျယ်ပျက်စီးခဲ့ပါတယ်။

ပြန်လည်တည်ဆောက်ရေးဟာ အားလုံးအတွက်ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပျက်စီးသွားတဲ့ ရှေးဟောင်းအဆောက်အအုံ ၁၇၀၀ ကျော်ကို ပြန်လည်ထိန်းသိမ်း၊ ပြုပြင်၊ တည်ဆောက်ပေးလျက်ရှိနေပါတယ်။ မူလပုံစံအတိုင်းဆိုတာ နိုင်ငံတကာစံနှုန်းဖြစ်ပါတယ်။ ခင်ဗျားကခွဲခြားဆက်ဆံတဲ့ ကန့်သတ်ချက်လို့စွပ်စွဲတဲ့ မူလပုံစံအတိုင်းသာဆိုတဲ့ မူဝါဒဟာ တကယ်တော့ ခွဲခြားဆက်ဆံမှုမဟုတ်ပါဘူး။ ဒါဟာ ယူနက်စကို (UNESCO)နဲ့ နိုင်ငံတကာအထိမ်းအမှတ်အဆောက်အအုံနှင့် နေရာ ဒေသများကောင်စီ  (International Council on Monuments and Sites-ICOMOS) လို နိုင်ငံတကာအမွေအနှစ် ထိန်းသိမ်းရေး ကျွမ်းကျင်သူတွေရဲ့ လမ်းညွှန်ချက်နဲ့အညီ၊ ရှေးဟောင်းအမွေအနှစ်တန်ဖိုး မပျက်စီးစေဖို့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်ဘာသာမခွဲဘဲ တန်းတူညီမျှကျင့်သုံးရတဲ့ နိုင်ငံတကာစံနှုန်း (Interna-tional Standard for Historical Preservation) တစ်ခုသာဖြစ်ပါတယ်။

ဒီအချက်ကိုတောင် ခင်ဗျားကတမင်လိမ်ညာပြီး ဘာသာရေးပဋိပက္ခဖြစ်အောင် လှုံ့ဆော်ခဲ့တာဆိုတော့ CSW အဖွဲ့ရဲ့ ရည်ရွယ်ချက်ဟာ ညီညွတ်ရေးမဟုတ်ဘဲ ဖြိုခွဲရေးဖြစ်နေတယ်ဆိုတာကို သက်သေပြနေပါတယ်။

ခင်ဗျားဟာ  စွပ်စွဲချက်တွေအပြင် တောင်းဆိုချက်လို့   ခေါင်းစဉ်တပ်ပြီး ပြောခဲ့တဲ့ အချက်တွေဟာဆိုရင်လည်း အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို အဝေးကနေလက်ညှိုးထိုးအမိန့်ပေးချင်နေတဲ့ ကိုလိုနီစရိုက်ကို ထင်ဟပ်စေပါတယ်။

ခင်ဗျားရဲ့  တောင်းဆိုချက်တွေထဲမှာ အသိအမှတ်မပြုနိုင်လောက်အောင် စော်ကားမှုမြောက်တာကတော့ ၂၀၂၄  ခုနှစ်  စစ်မှုထမ်းဥပဒေအား   ချက်ချင်းရုပ်သိမ်းရမယ်ဆိုတဲ့အချက်ပါပဲ။

မစ္စတာမာဗင်သောမတ်စ် သိသင့်တာက ပြည်သူ့စစ်မှုထမ်းဥပဒေဟာ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပုဒ်မ (၃၈၅)၊ (၃၈၆) တို့နဲ့အညီ တရားဝင်အတည်ပြုပြဋ္ဌာန်းထားတဲ့ ဥပဒေတစ်ရပ်ဖြစ်ပါတယ်။ ဒါဟာ ခင်ဗျားစွပ်စွဲသလို နှိပ်စက်ညှဉ်းပန်းမှု လက်နက်မဟုတ်ပါဘူး။ ဒါဟာ အိမ်နီးချင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပြင် ကမ္ဘာတစ်ဝန်းလုံးကနိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေလိုမျိုးပဲဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးအတွက်  လိုအပ်ချက်အရ   လက်ရှိအခြေအနေနဲ့ကိုက်ညီစွာအကောင်အထည်ဖော်ထားတာဖြစ်ပါတယ်။

ဒါဆိုခင်ဗျားရဲ့ CSW အဖွဲ့က တောင်ကိုရီးယား၊ စင်ကာပူ၊ ဆွစ်ဇာလန်၊ အစ္စရေးလို နိုင်ငံတွေကိုရော သူတို့ရဲ့ စစ်မှုထမ်းဥပဒေတွေ  ရုပ်သိမ်းဖို့တောင်းဆိုရဲတဲ့ သတ္တိရှိပါသလား။ ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်ချင်လို့ တစ်ဖက်စောင်းနင်းလမ်း ဖော်နေတာလား။ ဘယ်နိုင်ငံတကာ အဖွဲ့အစည်း၊ ဘယ်လူပုဂ္ဂိုလ်ကမှ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းထားတဲ့ ဥပဒေတစ်ရပ်ကိုရုပ်သိမ်းပါလို့   ဝင်ရောက်နှောင့်ယှက်စွက်ဖက်တာမျိုး ခွင့်မပြုနိုင်/ ခွင့်မလွှတ်နိုင်ဘူးဆိုတာ ခင်ဗျားအတိအလင်း သိရှိထားရပါမယ်။

ခင်ဗျားရဲ့  လူသားချင်းစာနာမှုဆိုတဲ့မျက်နှာဖုံးဟာ  ခင်ဗျားရဲ့  နောက်ဆုံးတောင်းဆိုချက်မှာ လုံးဝကွာကျသွားပါတယ်။ ခင်ဗျားက  မြန်မာ့တပ်မတော်အတွက်  လေယာဉ်ဆီထောက်ပံ့နေမှုတွေကို ပစ်မှတ်ထား အရေးယူပိတ်ဆို့ရမယ်လို့ တောင်းဆိုခဲ့တယ်နော်။ ဒါဟာ လူသားချင်းစာနာထောက်ထားမှု တောင်းဆိုချက်  မဟုတ်ပါဘူး။  ဒါဟာ စစ်ရေးတောင်းဆိုချက် (Military  Demand) ဖြစ်ပါတယ်။

ခင်ဗျားရဲ့  ရည်ရွယ်ချက်အမှန်က အကြမ်းဖက်အဖွဲ့တွေကို နှိမ်နင်းနေတဲ့ မြန်မာ့တပ်မတော် လေကြောင်းစွမ်းရည်ကို ပျက်ပြားစေလိုပြီး အကြမ်းဖက်တွေကို အကာအကွယ်ပေးလိုတာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ   ခင်ဗျားက ဒေသတွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းတွေဆီ တိုက်ရိုက်စီးဆင်းစေမယ့် အကူအညီဆိုပြီးကို တောင်းဆိုခဲ့တယ်။ ဒါဟာ တရားဝင်အစိုးရကိုကျော်ပြီး NUG/PDF အကြမ်းဖက်အဖွဲ့တွေရဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေကို တရားမဝင်ငွေကြေးနဲ့ထောက်ပံ့ရေး ပစ္စည်းတွေပေးပို့ဖို့ ကြိုးစားနေတာဖြစ်တယ်လို့  ကိုယ့်ကိုယ်ကိုယ် ဖော်ထုတ်လိုက်တာပါပဲ။

ခင်ဗျားရဲ့ ဒီလုပ်ရပ်တွေဟာ CSW ဆိုတာ ဘာသာရေးအဖွဲ့အစည်း တစ်ခုအသွင်ယူထားပြီး  အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံရဲ့  ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတဲ့ အကြမ်းဖက်အားပေးသူ တစ်ဦးရဲ့ လုပ်ရပ်သာဖြစ်တယ်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ ခင်ဗျားနဲ့ခင်ဗျားတို့လို အနောက်အုပ်စုလက်ဝေခံမီဒီယာတွေ INGO တွေဟာ မြန်မာပြည်သူတွေရဲ့    ဆန္ဒအမှန်နဲ့ အမြဲတမ်းကင်းကွာနေပါတယ်။ မြန်မာနိုင်ငံမှာ တကယ်နေထိုင်နေတဲ့ ပြည်သူအများစုရဲ့ဆန္ဒအမှန်က  ခင်ဗျားတို့ရဲ့ ပိတ်ဆို့အရေးယူမှုတွေ  မဟုတ်ပါဘူး။

ခင်ဗျားတို့ရဲ့စွက်ဖက်မှုတွေ   မဟုတ်ပါဘူး။

ကျွန်တော်တို့  ပြည်သူတွေရဲ့  ဆန္ဒအမှန်က NUG/PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေ၊ အပြစ်မဲ့ပြည်သူတွေကို လုပ်ကြံသတ်ဖြတ်နေတာတွေ၊ စာသင်ကျောင်းတွေကို မီးရှို့နေတာ၊ လမ်း၊  တံတားမိုင်းခွဲနေတာတွေကို အမြန်ဆုံးရပ်တန့်စေချင်တာဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ဒါတွေရပ်တန့်ပြီး တည်ငြိမ်အေးချမ်းသာယာပျော်ရွှင်တဲ့ မိသားစုဘဝတွေကို ပိုင်ဆိုင်ချင်တာဖြစ်ပါတယ်။ ခင်ဗျားရဲ့ CSW အဖွဲ့ဟာ ဘာသာရေးအဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့   ခင်ဗျားတို့ရဲ့လုပ်ရပ်တွေဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်တာ၊ ဘာသာရေးကိုခုတုံးလုပ်ပြီး နိုင်ငံရေးပဋိပက္ခကို   မီးထိုးပေးတာ၊ အကြမ်းဖက်အဖွဲ့တွေကို   သွယ်ဝိုက်ထောက်ခံအားပေးတာတွေသာ ဖြစ်နေတဲ့အတွက် ဒါဟာ CSW အဖွဲ့ရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ်ထိခိုက်စေနိုင်တယ်ဆိုတာကို သတိပေးလိုပါတယ်။

ခင်ဗျားရဲ့လုပ်ရပ်တွေကြောင့် ပြည်သူတစ်ယောက်အနေနဲ့ ခင်ဗျားကိုအကြမ်းဖက် အားပေးသူတစ်ဦးအဖြစ်သာ သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအစိုးရနဲ့ တပ်မတော်အပေါ် မမှန်မကန် စွပ်စွဲပြောဆိုမှုတွေကို ရပ်တန်းကရပ်ဖို့၊ အကြမ်းဖက်ဝါဒကို အားပေးအားမြှောက်ပြုနေမှုတွေကို ရပ်တန့်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့ ကျွန်တော်တို့ သာမန်ပြည်သူတွေက တောင်းဆိုလိုက်ပါတယ်။ “မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစေသည့် မည်သည့်လုပ်ရပ်ကိုမဆိုတုံ့ပြန်ရန် ဥပဒေအရ အခွင့်အာဏာအပြည့်အဝရှိသည်” ဆိုတဲ့အကြောင်းကိုလည်း   ခင်ဗျားနဲ့တကွ နိုင်ငံတကာကသိရှိအောင် ဒီအိတ်ဖွင့်ပေးစာကနေတစ်ဆင့် အသိပေးလိုက်ရပါတယ်။     ။

(ဤဆောင်းပါးသည်   မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့်   တည်ငြိမ်အေးချမ်းမှုကို လိုလားသော   ပြည်သူတစ်ဦး၏  အာဘော်သာဖြစ်ပြီး ဘာသာရေးနှင့် သက်ဆိုင်မှု မရှိကြောင်း ဖော်ပြအပ်ပါသည်။)

MWD