လေကြောင်းနှင့်အာကာသစွမ်းအားဖြင့် နိုင်ငံတော်နှင့်ပြည်သူ့အကျိုးသယ်ပိုးနေသော တပ်မတော်(လေ)

Posted_Date

Image

လေကြောင်းနှင့်အာကာသစွမ်းအားဖြင့် နိုင်ငံတော်နှင့်ပြည်သူ့အကျိုးသယ်ပိုးနေသော တပ်မတော်(လေ)

Body

တပ်မတော်သည် နိုင်ငံတော်၏အစိတ်အပိုင်းဖြစ်သကဲ့သို့ တပ်မတော်(ရေ)နှင့်  တပ်မတော်(လေ)တို့သည်လည်း တပ်မတော်၏ အဓိကအစိတ်အပိုင်းများဖြစ်သည်။ တပ်မတော်(ကြည်း၊ ရေ၊ လေ)ညီနောင်သုံးဖော်တို့သည်  နိုင်ငံတော်ကာကွယ်ရေးတွင် ကျရာတာဝန် ထမ်းဆောင်နေကြရသည်။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဖြစ်သည့်အတွက် တပ်မတော် အင်အားရှိအောင် စွမ်းဆောင်ကြိုးပမ်းနေရသည်။ မိမိနိုင်ငံနှင့် မိမိလူမျိုးကိုချစ်မြတ်နိုးသူတိုင်းက မိမိနိုင်ငံ၏ ကာကွယ်ရေးအင်အားတောင့်တင်းခိုင်မာနေမှုကို   အလွန်နှစ်သက်သဘောကျသည်။ အကောင်းမြင်စိတ်ဖြင့် အမြဲအားပေးလျက်ရှိသည်။ တပ်မတော်(ကြည်း၊ ရေ၊ လေ) တစ်ပြေးညီအင်အားတောင့်တင်းခိုင်မာနေမှသာ ပေါ်ပေါက်လာမည့်ရန်မှန်သမျှကို    အောင်မြင်စွာ ချေမှုန်းနိုင်မည်ဖြစ်သည်။

နိုင်ငံတကာမျက်နှာစာလေ့လာကြည့်သည့်အခါ စစ်ရေးပဋိပက္ခမှာ အများဆုံးဖြစ်ကြောင်း တွေ့ရသည်။ နိုင်ငံတိုင်းက မိမိနိုင်ငံကို အမြင့်မားဆုံးကာကွယ်နိုင်ရေးကို ကြိုးပမ်းလုပ်ဆောင်နေကြပြီဖြစ်သည်။ မိမိတစ်ဦးတည်းမတတ်နိုင်လျှင် အစုအဖွဲ့ဖွဲ့စည်းကာ မိမိနိုင်ငံကိုကာကွယ်လျက်ရှိကြသည်။ ခေတ်မီနည်းပညာများ လျင်မြန်စွာ တိုးတက်လာခြင်းနှင့်အတူ ခေတ်မီလက်နက် အသစ်အဆန်းများကလည်း ပေါများလာသည်။ မြန်မာနိုင်ငံသည်လည်း မိမိနိုင်ငံကို အပြည့်အဝကာကွယ် စောင့်ရှောက်နိုင်ရေးအတွက် တပ်မတော်ကို အင်အားခိုင်မာတောင့်တင်းအောင် တည်ဆောက်လျက်ရှိသည်။ ထိုသို့တည်ဆောက်လျက်ရှိရာတွင် တပ်မတော်(ရေ)ဆိုလျှင် မိမိတို့အသုံးပြုနေသည့် ရေတပ်ဆိုင်ရာ သင်္ဘောများကို ကိုယ်တိုင်တီထွင်ဆောက်လုပ်ခြင်း၊ တပ်မတော်(လေ)ဆိုလျှင်လည်း   မိမိတို့အသုံးပြုနေသည့် လေယာဉ်၊ ရဟတ်ယာဉ်များကို ကိုယ်တိုင်ဒီဇိုင်းတီထွင်ဆောက်လုပ်ခြင်းတို့ ဆောင်ရွက်လျက်ရှိနေသည်မှာ  နိုင်ငံနှင့်လူမျိုးအတွက် ဂုဏ်ယူဖွယ်ကောင်းလှသည့် စွမ်းဆောင်ချက်များဖြစ်သည်။

တပ်မတော်(လေ)သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် တပ်မတော်(လေ)ဖွဲ့စည်းတည်ထောင်မှု(၇၈)နှစ်သို့ရောက်ရှိ ခဲ့ပြီဖြစ်သည်။ တပ်မတော်(လေ)ကို ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ တပ်မတော်(လေ)သည် လွတ်လပ်ရေးနှင့်အတူပေါက်ဖွားလာခဲ့ပြီး ယခုအခါ စွမ်းရည်ထက်မြက်သောလေတပ်အဖြစ် နိုင်ငံအတွက်ခိုင်မာစွာရပ်တည်လျက်ရှိသည်။ တပ်မတော်(လေ)ကို စတင်ဖွဲ့စည်းစဉ်အချိန်က Tiger Moth နှင့် Gipsy Moth လေယာဉ်အနည်းငယ်သာရှိခဲ့သည်။

တပ်မတော်(လေ)အနေဖြင့် ၁၉၅၄ ခုနှစ် မတ်လအတွင်း ဘုရင့်နောင်စစ်ဆင်ရေး၊ ၁၉၅၅ ခုနှစ်တွင် ရန်ကြီးအောင်စစ်ဆင်ရေး၊ ၁၉၆၀ ပြည့်နှစ်တွင်မဲခေါင်စစ်ဆင်ရေးစသည်ဖြင့်  လေကြောင်းမှစစ်ဆင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့သည်။ မဲခေါင်စစ်ဆင်ရေးတွင် ရန်သူ၏ရိက္ခာပို့လေယာဉ်အင်ဂျင်လေးလုံးတပ်လေယာဉ်ကြီးနှင့် မြန်မာ့တပ်မတော်(လေ)၏ Seafury တိုက်လေယာဉ်သုံးစင်းတို့  ဝေဟင်၌တိုက်ပွဲဖြစ်ပွားကြသည်။ ဤဝေဟင်တွင် ဖြစ်ပွားခဲ့သော ဤတိုက်ပွဲသည် ကမ္ဘာပေါ်တွင် ပထမဆုံးတိုက်ပွဲဟုဆိုကြသည်။ အဆိုပါတိုက်ပွဲတွင်    ရန်သူ၏လေယာဉ်သည် မီးလောင်ပျက်စီးကျဆုံးသွားခဲ့သည်။

တပ်မတော်(လေ)မှ ဗိုလ်ပီတာ၏ လေယာဉ် ပျက်ကျပြီး လေသူရဲပါကျဆုံးခဲ့ရသည်။ မြန်မာ့တပ်မတော်၊ တပ်မတော်(လေ)၏ အောင်ပွဲအဖြစ် မမေ့နိုင်သောတိုက်ပွဲများဖြစ်ခဲ့သည်။ ကူမင်တန်ကျူးကျော်စစ်မှာလည်း မဲခေါင်စစ်ဆင်ရေးတွင် အဆုံးသတ်ပြီး ကျူးကျော်သူများကိုမြန်မာ့မြေပေါ်မှ အပြီးအပိုင်မောင်းထုတ်နိုင်ခဲ့သည်။

ယနေ့မျက်မှောက်ကာလစစ်ပွဲများတွင် လေကြောင်းနှင့် အာကာသစွမ်းအားသည် စစ်ပွဲအောင်နိုင်ရေးအတွက် များစွာ အရေးပါလှသည်။ စစ်ပွဲတစ်ပွဲ၏ အနိုင်အရှုံးက အဆုံးအဖြတ်ပေးနိုင်သည့် အနေအထားဖြစ်သည်။ ထို့ကြောင့် တပ်မတော်ကို အင်အားတောင့်တင်း ခိုင်မာကျစ်လျစ်နေအောင် ဆောင်ရွက်ရာတွင် တပ်မတော်(လေ)ကိုလည်း စွမ်းရည်စွမ်းအား မြင့်မားသောတပ်မတော်(လေ)အဖြစ်  တည်ဆောက်နေခြင်းဖြစ်သည်။   

တပ်မတော်(လေ)တွင်   အဓိကသင်ကြားပို့ချပေးလျက်ရှိသည့်  လေယာဉ်မောင်းသင်ကျောင်း၊  လေကြောင်းစစ်ဆင်ရေး သင်တန်းကျောင်း၊ စက်မှုလက်မှု အတတ်သင်ကျောင်း၊ အီလက်ထရွန်နစ်အတတ်သင်ကျောင်းနှင့် အုပ်ချုပ်ရေး အတတ်သင်ကျောင်းစသည့် သင်တန်းကျောင်းကြီးများမှ အရည်အချင်း၊  အရည်အသွေးထက်မြက်သည့် အရာရှိ/စစ်သည်များကို မွေးထုတ်ပေးလျက်ရှိသည်။ ခေတ်မီပြောင်းလဲတိုးတက်နေသည့် နည်းပညာများနှင့်အတူ လိုက်လျောညီထွေဖြစ်မည့် စစ်မဟာဗျူဟာ၊ စစ်နည်းဗျူဟာများအား လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဟူသည့်လုပ်ငန်းစဉ်အတိုင်း   ဆောင်ရွက်လျက်ရှိသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်သည် တပ်မတော်(လေ)၏ (၇၈)နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်(လေ) ဖွဲ့စည်းတည်ထောင်မှု  (၇၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ဒီဇင်ဘာလ ၁၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်လေတပ်စခန်းဌာနချုပ်၌ ကျင်းပပြုလုပ်ရာ  နိုင်ငံတော်လုံခြုံရေးနှင့်  အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး အမှာစကားပြောကြားစဉ် “တပ်မတော်(လေ) ကိုလည်း ခေတ်အဆက်ဆက်ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအပေါ် သင်ခန်းစာဖော်ထုတ်ကာ   ခေတ်မီပြီးစွမ်းရည်ထက်မြက် အင်အားတောင့်တင်းခိုင်မာသည့် လေတပ်တစ်ခုအဖြစ် အဆင့်ဆင့် တည်ဆောက် ပေးလျက်ရှိကြောင်း၊ စတင်ဖွဲ့စည်းတည်ထောင်ချိန်က အခြေစိုက်စခန်း ၁ ခုနှင့် ပျံသန်းရေးအုပ် အနည်းငယ်သာရှိခဲ့ရာမှ  ယခုဆိုပါက မြန်မာ့ဝေဟင်ပိုင်နက်တစ်ခုလုံးကို အလှမ်းမီစိုးမိုးနိုင်ရန် ဖြန့်ကြက်ချထားနိုင်ပြီဖြစ်ကြောင်း၊ စွမ်းဆောင်ရည်ပိုင်းတွင်လည်း သောင်းကျန်းမှုနှိမ်နင်းရေး   လေတပ်အဆင့်မှ နည်းဗျူဟာမြောက် လေတပ်တစ်ခုအဖြစ် တိုးတက်တည်ဆောက်နိုင်ခဲ့ကြောင်း၊ လက်ရှိဆင်နွှဲနေသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ဆင်မှုများတွင် တပ်မတော်(လေ)အနေဖြင့် နိုင်ငံအနှံ့ပျံသန်းစစ်ဆင်မှုများ ထိထိရောက်ရောက်ဆောင်ရွက်ကာ အထောက်အကူပြုနေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်းထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိရာ အကြမ်းဖက်များပပျောက်ရေးကို ဆောင်ရွက်နေခြင်းမှာ လွန်စွာမှန်ကန်သည့် ဆောင်ရွက်ချက်ဖြစ်သည်။  ပြည်သူလူထု၏ လူမှုစီးပွားဘဝ တည်ငြိမ် အေးချမ်းရေးအတွက် အကြမ်းဖက်မှုမှန်သမျှ  ကင်းစင်နေရမည်ဖြစ်သည်။  လူတိုင်းသည် မိမိတို့အသက်ရှင်သန်နိုင်ရေးအတွက် တည်ငြိမ်အေးချမ်း၍  စိတ်ချလုံခြုံစွာနေထိုင်ရခြင်းကို နှစ်ခြိုက်ကြသည်။ တပ်မတော်၏ဆောင်ရွက်ချက်များမှာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည့်အတွက် ပြည်သူလူထုအနေဖြင့် တပ်မတော်အင်အား တောင့်တင်းခိုင်မာစွာရှိနေမှုကို  သဘောကျပေရာ တပ်မတော်(လေ)အနေဖြင့် ထိရောက်အစွမ်းထက်မြက်သည့်  လေကြောင်းစွမ်းအားကို   ပိုင်ဆိုင်အသုံးချနိုင်ရေးလေတပ်၏တိုက်စွမ်းအားနှင့် တိုက်စွမ်းရည်နှစ်မျိုးလုံး မြင့်မားပြည့်စုံအောင် တည်ဆောက် ထားရမည်ဖြစ်သည်။ တိုက်စွမ်းအားတိုးတက် ကောင်းမွန်စေရေးအတွက် နိုင်ငံတော်အနေဖြင့် လေယာဉ်/ရဟတ်ယာဉ်နှင့် စစ်ဆင်ရေး အထောက်အကူပြုစနစ်များကို အခါအားလျော်စွာ ကြိုးပမ်းဖြည့်တင်းနေခြင်းဖြစ်သည်။

တပ်မတော်(လေ)တွင်   ပျံသန်းရေး၊ အုပ်ချုပ်ရေးနှင့် စက်မှုလက်မှုကဏ္ဍကြီးသုံးရပ်လုံးရှိ စစ်မှုထမ်းအားလုံး တက်ညီလက်ညီ ကြိုးပမ်းလုပ်ဆောင်ကြမှသာ တပ်မတော်(လေ)အနေဖြင့် တိုက်စွမ်းရည်၊ တိုက်စွမ်းအားပြည့်ဝကောင်းမွန်ပြီး “တောင်ပံဖြန့်ချီ အောင်ပွဲဆီသို့ ဟူသည့်အတိုင်း အောင်မြင်မှုများရရှိမည်ဖြစ်သည်။ 

တပ်မတော်(လေ)စတင်တည်ထောင်ခဲ့ချိန်ကစပြီး ယနေ့အထိရရှိခဲ့သည့် အောင်မြင်တိုးတက်မှုများနှင့် ရလဒ်ကောင်းများသည် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အရာရှိ/စစ်သည်အားလုံး၏ ရဲစွမ်း သတ္တိပြည့်ဝမှု၊ ကိုယ်ကျိုးစွန့်အနစ်နာခံမှု၊ တာဝန်ကျေပွန်မှုများကြောင့် ဖြစ်သည်။ 

လက်ရှိတာဝန်ထမ်းဆောင်နေကြသည့် စစ်မှုထမ်းများအနေဖြင့် ၎င်းတို့ကို အတုယူ စံနမူနာထားပြီး  နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို   ကျေပွန်အောင်ထမ်းဆောင်ကြရမည့်အပြင် နောင်မျိုးဆက်သစ်များအတွက်ပါ ကောင်းမွေများချန်ထားပေးနိုင်ရေး၊ တပ်မတော်(လေ)၏ စွမ်းဆောင်ရည်အစဉ်တိုးတက်မြင့်မားနေရေး ဝိုင်းဝန်းကြိုးပမ်းလုပ်ဆောင်ကြရမည်ဖြစ်သည်။ မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းခြင်းမှာ စဉ်ဆက်မပြတ်လုပ်ဆောင်နေရမည့် သမိုင်းပေးတာဝန်တစ်ခုလည်းဖြစ်သည်။

တပ်မတော်(လေ)သည် နှစ်ပေါင်း(၇၈)နှစ်အတွင်း နိုင်ငံတော်ကာကွယ်ရေးတာဝန်များ၊ ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။ သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့နေရသည့် ဒေသများရှိပြည်သူများထံ လိုအပ်သည့် ပစ္စည်းများကို လျင်မြန်စွာပေးပို့နိုင်ခြင်းမှာလည်း  ပြည်သူများအတွက်  အထူးဝမ်းသာဖွယ်ဖြစ်သည်။ ထို့အတူစစ်ဆင်ရေးများ  ဆင်နွှဲရာတွင် တပ်မတော်(လေ) စွမ်းဆောင်မှုများက  ရန်သူတို့ကိုအထိနာစေခဲ့သည်။ ထို့ကြောင့်တပ်မတော်(လေ)အနေဖြင့် နောင်နှစ်ပေါင်းများစွာတိုင် နိုင်ငံတော်ကအားထားရသော တပ်မတော်(လေ)အဖြစ် ရပ်တည်နိုင်ပါစေကြောင်းနှင့် လေကြောင်းနှင့် အာကာသစွမ်းအားဖြင့် နိုင်ငံတော်နှင့်ပြည်သူများအတွက် အရာရာကိုအောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်တောင်းအပ်ပါသည်။       ။

MWD