တွဲလက်ညီညီရှေ့သို့ချီ အောင်လံလွှင့်ဝေ တပ်မတော်(ရေ)
Posted_Date
Image
Body
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်သည် တပ်မတော်(ရေ)၏ (၇၈)နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်၏။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်လျက် သစ္စာလေးချက်ကို ရင်ဝယ်သံမှိုနှက်ကာ နိုင်ငံတော်၊ နိုင်ငံသားနှင့် တပ်မတော်အတွက် ပေးအပ်သည့် အမိန့်နှင့်တာဝန်မှန်သမျှကို အရိုးကြေကြေ၊ အရေခန်းခန်း ဦးလည်မသုန် ထမ်းရွက်ခဲ့သည်မှာ (၇၈)နှစ်ပြည့်မြောက်ခဲ့လေပြီ။
တပ်မတော်(ရေ)သည် ခေတ်မီအင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် မျိုးချစ်တပ်မတော်တည်ဆောက်ရေး လုပ်ငန်းစဉ်ဖြင့် တစ်ဆင့်ချင်းတိုးတက်အောင် ဆောင်ရွက်လျက်ရှိ၏။ တပ်မတော်(ရေ)အား အနာဂတ်ကာလတွင် ရေပြာရေတပ်အဆင့် (Blue Water Navy Standard) ရောက်ရှိရန် မျှော်မှန်းအကောင်အထည်ဖော် ဆောင်လျက်ရှိရာ နိုင်ငံတော်အား ပင်လယ်ပြင်မှ ရှေ့တန်းကျကျ ကာကွယ်ရေး၊ နိုင်ငံတော်၏ ရေကြောင်းအကျိုးစီးပွားများ (National Maritime Interests) အား ကာကွယ်စောင့်ရှောက်ရေး၊ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်နိုင်စွမ်းရှိရေးဟူသော ရည်မှန်းချက် သုံးရပ်ကိုလည်း ချမှတ်အကောင်အထည်ဖော်လျက်ရှိ၏။ အထက်ပါမျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် ရှေ့သို့ချီတက်နေသော တပ်မတော်(ရေ)ကို ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်၏။
သခင်အောင်ဆန်း(ဗိုလ်တေဇ) ဦးဆောင်သော ရဲဘော်သုံးကျိပ်တို့က ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ လက်မောင်းသွေးဖောက် သစ္စာရေသောက်ပြီး မြန်မာ့တပ်မတော်၏အမြုတေဗမာ့လွတ်လပ်ရေးတပ်မတော် (Burma Independence Army - BIA) ကို မဖွဲ့စည်းမီကပင် မြန်မာ့တပ်မတော်(ရေ)သည် ဖွဲ့စည်းပေါ်ပေါက်ခဲ့၏။ မြန်မာနိုင်ငံ နယ်ချဲ့ဗြိတိသျှတို့ လက်အောက်ကျရောက်ပြီးနောက် မြန်မာ့ကမ်းရိုးတန်းကာကွယ်ရေးကို ဗြိတိသျှတို့၏အရှေ့အိန္ဒိယရေတပ်က တာဝန်ယူခဲ့ပြီး ၁၉၃၄ ခုနှစ် အောက်တိုဘာလတွင် အိန္ဒိယရေတပ်ကလွှဲပြောင်းတာဝန်ယူခဲ့၏။ ၁၉၃၉ ခုနှစ်တွင် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံမှခွဲထွက်ပြီးနောက် ဗမာ့အပျော်တမ်းအရန်ရေတပ် (Burma Royal Naval Volunteer Reserve – BRNVR) ကို ၁၉၄၀ ပြည့်နှစ် ဇွန်လတွင် ဖွဲ့စည်းခဲ့၏။ ၁၉၄၂ ခုနှစ် ဖက်ဆစ်ဂျပန်တို့လက်အောက်သို့ မြန်မာနိုင်ငံကျရောက်ချိန်တွင် ဗမာ့အပျော်တမ်းအရန်ရေတပ်သည်လည်း နယ်ချဲ့ဗြိတိသျှတို့နှင့်အတူ အိန္ဒိယသို့ ဆုတ်ခွာခဲ့၏။ ဂျပန်တို့က ၁၉၄၂ ခုနှစ် ဇွန်လတွင် ဗမာ့လွတ်လပ်ရေး ရေတပ်မတော် (Burma Independence Navy – BIN) ကိုဖွဲ့စည်းခဲ့၏။ ထို့ကြောင့် BRNVR နှင့် BIN တို့သည် ယနေ့တပ်မတော်(ရေ)၏အမြုတေရေတပ်များအဖြစ် သမိုင်းအစဉ်အလာကောင်းများကို ပိုင်ဆိုင်ခဲ့ပြီးဖြစ်၏။
အထက်ပါ သမိုင်းအစဉ်အလာကောင်းခဲ့သော တပ်မတော်(ရေ)သည် ရှေးမြန်မာမင်းများ လက်ထက်ကတည်းက ဖွဲ့စည်းပေါ်ပေါက်ခဲ့၏။ မြန်မာ့ကြည်းတပ်မတော်နှင့်အတူ ထင်ရှားခဲ့၏။ သမိုင်းအထောက်အထားများအရ ဘာသာရေး၊ ယဉ်ကျေးမှု၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုတို့ကို အခြေခံသော ပင်လယ်ရေကြောင်းသွားလာမှုနှင့် ရှေးမြန်မာတို့ ရင်းနှီးကျွမ်းဝင်မှုရှိကြောင်း လေ့လာတွေ့ရှိရ၏။ ၁၂ ရာစုအစပိုင်းကပင် မြန်မာ့ရေကြောင်းသွားလာမှုအစပြုခဲ့ကြောင်း၊ ၁၅ ရာစု အလယ်ပိုင်းတွင် မုတ္တမမှထုတ်လုပ်ခဲ့သော မုတ္တမစဉ့်အိုး (Martaban Jar) သည် အရှေ့တောင်အာရှနိုင်ငံများနှင့် အာရပ်နိုင်ငံများအထိ ပျံ့နှံ့ရောက်ရှိခဲ့ကြောင်း လေ့လာသိရှိရ၏။ ပုဂံခေတ်တွင် အလောင်းစည်သူမင်းသည် ပုသိမ်သင်္ဘောဆိပ်မှတစ်ဆင့် သီဟိုဠ်ကျွန်းနှင့် မလေးကျွန်းဆွယ်များသို့ တိုင်းခန်းလှည့်လည်ခဲ့ကြောင်း၊ နရပတိစည်သူမင်းလက်ထက်တွင် သံဃာတော်များ သီဟိုဠ်ကျွန်းနှင့် အဆက်အဆံမပြတ်သွားလာခဲ့ကြောင်း အထင်အရှားတွေ့ရ၏။ ၁၈ ရာစု ကုန်းဘောင်မင်းဆက် ရတနာပုံခေတ်တွင် ရေတပ်ကိုရာထူးဌာနန္တရ၊ ဂုဏ်ထူးအဆောင်အယောင်များဖြင့် စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့၏။
သာယာဝတီမင်း၏ သာယာ၀တီ-ဒဂုံရေကြောင်းချီ စစ်သည် မြန်မာ့ရေတပ်၏ အရည်အသွေးကိုထုတ်ဖော်ပြသနိုင်ခဲ့၏။ အေဒီ ၁၈၇၁ ခုနှစ်တွင် မြန်မာ့ရေယာဉ်တည်ဆောက်ရေး ဗိသုကာပညာရှင် “ဆရာရှမ်း” တည်ဆောက်ခဲ့သော အမြောက် ၁၄ လက်ပါ ရေနွေးငွေ့စက်တပ်တိုက်သင်္ဘော ရေချနိုင်ခဲ့ခြင်းသည်လည်း မြန်မာတို့၏ ရေယာဉ်တည်ဆောက်မှု သမိုင်းမှာခေတ်နောက်မကျခဲ့ကြောင်း လေ့လာသိရှိရ၏။
စစ်နှင့်သက်ဆိုင်သော စာပေများလေ့လာရာတွင် စစ်အင်္ဂါလေးပါးကို အခြေခံကြောင်း တွေ့ရှိရ၏။ ၎င်းတို့မှာ ဆင်လည်းတစ်ပါး၊ မြင်းလည်းတစ်ပါး၊ ရထားလည်းတစ်ပါး၊ ခြေသည်လည်းတစ်ပါးဖြစ်ကြောင်း၊ အဆိုပါစစ်အင်္ဂါလေးပါးကိုပင် သေနင်္ဂဟုလည်းခေါ်ကြောင်း လေ့လာသိရှိရ၏။ စစ်အင်္ဂါ လေးပါးမှာ ပါဠိကျမ်း၊ သက္ကတကျမ်းများကိုမှီကြောင်း လေ့လာသိရှိရ၏။
ရှေးမြန်မာမင်းများလက်ထက်၌ အမြဲတမ်းတပ်မတော်အဖြစ် ဖွဲ့စည်းခန့်အပ်ထားခြင်းမရှိဘဲ နိုင်ငံအတွက် လိုအပ်ချိန်မှသာ ဆင့်ခေါ်စစ်မှုထမ်းစေ၏။ ထိုသို့ဆင့်ခေါ်နိုင်ရန် ထောင်ပြုမြို့၊ ရာပြုမြို့၊ ဆယ်ပြုမြို့စသည်ဖြင့်သတ်မှတ်ပေးထား၏။ ဖွဲ့စည်းပေါ်ပေါက်လာသော တပ်မတော်ကို ရာထူးခန့်အပ်ရာ၌လည်း လုပ်ရည်ကြံရည်၊ အရည်အသွေးပေါ်မူတည်ပြီးခန့်အပ်ကြောင်း လေ့လာသိရှိရ၏။ “ခြေလျင် ၁၀ ပွဲရမှ မြင်းတင်၏၊ မြင်း ၁၀ ပွဲရမှ ဆင်သို့တင်၏၊ ဆင် ၁၀ ပွဲရမှ လှေသို့တင်၏၊ လှေ ၁၀ ပွဲရမှ မြို့ပြကံကျွေးပေးပြီး သူကောင်းပြု၏” ဟု လေ့လာသိရှိရ၏။ ထို့ကြောင့် ရှေးအခါက လှေတပ်(ရေတပ်)အားအရည်အသွေးအပြည့်၀ဆုံး စစ်သည်ရဲမက်များဖြင့် ဖွဲ့စည်းထားကြောင်း လေ့လာသိရှိရ၏။
သို့သော်လည်း ရှေးမြန်မာဘုရင်များလက်ထက် ဖွဲ့စည်းပေါ်ပေါက်ခဲ့သော မြန်မာ့ရေတပ်သည် တိုင်းတစ်ပါးသို့ ကျူးကျော်လိုသော ရည်ရွယ်ချက်ဖြင့် အခိုင်အမာဖွဲ့စည်းခဲ့ခြင်းမရှိခဲ့ပေ။ ပဒေသရာဇ်အချင်းချင်းအားပြိုင်ရာတွင်သာ အသုံးပြုခဲ့ကြ၏။ မြစ်၊ ချောင်းပေါများသော မိမိတို့နိုင်ငံတွင် မြစ်၊ ချောင်းများကိုအခြေခံသော ရေကြောင်းတိုက်ပွဲများပေါ်ပေါက်ခဲ့၏။ မြန်မာသက္ကရာဇ် ၉၀၂ ခုနှစ်တွင် တပင်ရွှေထီးနှင့် မုတ္တမစား စောဗညားတို့တိုက်ခိုက်ခဲ့သော မုတ္တမတိုက်ပွဲသည် ထင်ရှားခဲ့၏။ ထို့ပြင် ရာဇဝင်တွင်ထင်ရှားခဲ့သော “စစ်တို့၏သဘောသည် အင်အားနည်းသည်၊ များသည်ဟူ၍ မဆိုရာ၊ လုပ်ရည်ကိုင်ရည်နှင့် အရဲအစွမ်းသာ အရင်းဖြစ်သည်” ဟု ဆိုရိုးပြုခဲ့သော ဘုရင့်နောင်ကျော်ထင်နော်ရထာ၏ နောင်ရိုးတိုက်ပွဲသည် ရေကြောင်းတိုက်ပွဲမဟုတ်သော်လည်း မြစ်၊ ချောင်းကိုအခြေခံ၍ စိတ်ဓာတ်ခိုင်မာပြတ်သားမှုကိုအရင်းခံသော တိုက်ပွဲတစ်ခုဖြစ်၏။ အလားတူ ကုန်းဘောင်ခေတ်အတွင်း ဆင်နွှဲခဲ့သော အင်းဝတိုက်ပွဲ၊ သန်လျင်တိုက်ပွဲ၊ ဒေါပုံတိုက်ပွဲ စသည်တို့သည်လည်း ထင်ရှားသော ရေကြောင်းတိုက်ပွဲများဖြစ်ခဲ့၏။
ထိုသို့သမိုင်းအစဉ်အလာကောင်းခဲ့သော မြန်မာ့ရေတပ်သည် နယ်ချဲ့ဗြိတိသျှတို့၏ မတရားကျူးကျော်စစ်သုံးကြိမ်တိုက်ခိုက်ခံရပြီး လွတ်လပ်ရေးဆုံးရှုံးမှုနှင့်အတူ ပျောက်ကွယ်ခဲ့ရ၏။ ကိုလိုနီခေတ် မြန်မာ့ကမ်းရိုးတန်းရေပြင်ကာကွယ်ရေးကို ဗြိတိသျှတို့၏ အရှေ့အိန္ဒိယရေတပ်က တာဝန်ယူခဲ့ပြီး ၁၉၃၄ ခုနှစ် အောက်တိုဘာလတွင် အိန္ဒိယရေတပ်က လွှဲပြောင်းတာဝန်ယူခဲ့၏။ ၁၉၄၀ ပြည့်နှစ်တွင် BRNVR ကိုဖွဲ့စည်းခဲ့ရာ ဗြိတိသျှတော်ဝင်ရေတပ်မှ ဗိုလ်မှူးကြီး ကေအက်စ်လိုင်းက တပ်မှူးကြီး၊ ဘုရင်ခံ ဆာဒေါ်မန်စမစ်က စစ်ဦးစီးဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ယူခဲ့ကြ၏။
ဒုတိယကမ္ဘာစစ်ဖြစ်ပွားပြီး ၁၉၄၂ ခုနှစ်တွင် ဂျပန်တို့ မြန်မာနိုင်ငံကို ကျူးကျော်တိုက်ခိုက်လာသောအခါဗြိတိသျှတို့ အိန္ဒိယသို့ဆုတ်ခွာရာ၌ BRNVR တို့လည်း လိုက်ပါသွားခဲ့၏။ ဂျပန်တို့က ဗြိတိသျှရေတပ်ဖွဲ့ဝင်ဟောင်းများကို စည်းရုံးပြီး ဗမာ့လွတ်လပ်ရေး ရေတပ်မတော် (BIN) ကို ၁၉၄၂ ခုနှစ် ဇွန်လ ၂၀ ရက်တွင် ဖွဲ့စည်းပေးခဲ့၏။ ၁၉၄၅ ခုနှစ် နှစ်ဦးပိုင်းတွင် ဗြိတိသျှမဟာမိတ်တို့ မြန်မာ့မြေပေါ်ရှိ ဂျပန်တို့ကို တန်ပြန်တိုက်စစ်ဆင်နွှဲခဲ့ရာ BRNVR လည်းပါဝင်တိုက်ခိုက်ခဲ့၏။ ရခိုင်ပြည်နယ် မေယုမြစ်တစ်လျှောက် တပ်စွဲထားသော ဂျပန်တို့ကို ဗြိတိသျှရေတပ်နှင့်အတူ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့၏။ ၁၉၄၅ ခုနှစ် မေလ ၁၀ ရက်တွင် ဆိပ်ကမ်းကာကွယ်ရေးရေယာဉ် (Harbour Defence Motor Launch – HDML) ၉ စင်းနှင့်အတူ ရန်ကုန်မြို့သို့ရောက်ရှိခဲ့ရာ ဆုတ်ခွာနေသည့်ဂျပန်တို့၏ ရန်ကုန်မြို့ကိုဖျက်ဆီးမည့် အန္တရာယ်မှ ကာကွယ်နိုင်ခဲ့၏။
ဗြိတိသျှတို့မြန်မာနိုင်ငံကို ပြန်လည်ချုပ်ကိုင်နိုင်သောအခါ ဗမာ့အပျော်တမ်း အရန်ရေတပ်ကို အရာရှိ ၇၄ ဦး၊ အခြားအဆင့် ၇၆၃ ဦး၊ ဖရီဂိတ်စစ်ရေယာဉ်တစ်စင်း၊ HDML ၁၃ စင်းတို့ဖြင့် အမြဲတမ်းရေတပ်မတော်ဖွဲ့စည်းရန်ကြိုးပမ်း ဆောင်ရွက်ခဲ့၏။ ထို့ကြောင့် ၁၉၄၇ ခုနှစ် မေလ ၂၅ ရက်တွင် ရန်ကုန်မြစ်လယ်၌ ဖရီဂိတ်စစ်ရေယာဉ် HMS Fal အား ဗြိတိသျှရေတပ်မတော်မှ ဗမာ့အပျော်တမ်းအရန်ရေတပ်သို့ လွှဲပြောင်းပေးအပ်ခဲ့ရာ ထိုစဉ်က စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်တက်ရောက်လက်ခံခဲ့၏။ HMS Fal မှာစစ်ကြီးအတွင်းက အမှုထမ်းဆောင်ခဲ့သည့်အပြင် ရခိုင်ပြည်နယ် မေယုမြစ်တစ်လျှောက် ဗမာ့တပ်မတော်သားများက ဂျပန်တို့ကိုနှိမ်နင်းအောင်မြင်ခဲ့သည်ကို မမေ့နိုင်သည့်အတွက် အမည်ထင်ရှားစေရန် “စစ်ရေယာဉ်(မေယု)”ဟု အမည်ပြောင်းလဲလိုက်ကြောင်း၊ ထို့အတွက် မြန်မာလူမျိုးအနေဖြင့် မိမိဂုဏ်ယူကြောင်း ဗိုလ်ချုပ်အောင်ဆန်းက ထည့်သွင်းမိန့်ခွန်းပြောကြားခဲ့၏။
စစ်ရေယာဉ်(မေယု)လွှဲပြောင်းလက်ခံသည့် အခမ်းအနားတွင် ရေတပ်ထုံးတမ်းစဉ်လာအရ စစ်ရေယာဉ်ပိုင်ဆိုင်သောနိုင်ငံ၏ရေတပ်အလံကို လွှင့်ထူရသည်ဖြစ်ရာ စစ်ရေယာဉ်ဦးပိုင်းအလံတိုင်မှ ဗြိတိသျှရေတပ်အလံအားလျှော့ချပြီး ဗမာ့အပျော်တမ်းအရန်ရေတပ်အလံကို လွှင့်ထူခဲ့၏။ မြန်မာ့လွတ်လပ်ရေးအကြိုရောင်နီဦးသည် မြန်မာ့တပ်မတော်(ရေ) စစ်ရေယာဉ်(မေယု)၌ စတင်ကွန့်မြူးခဲ့ပြီး မကြာမီလွတ်လပ်ရေးရရှိမည့် အတိတ်ကောင်း၊ နိမိတ်ကောင်းအဖြစ် မြန်မာတစ်မျိုးသားလုံး၊ မြန်မာတစ်နိုင်ငံလုံးက ဝမ်းမြောက်ဝမ်းသာမှတ်ယူကြိုဆိုခဲ့ကြ၏။
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန် ရက်ပိုင်းအလို ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် ဖွဲ့စည်းမိန့်အမှတ် (၄၂၄) (Burma Gazette, No. 424) ဖြင့် ဗမာ့အပျော်တမ်း အရန်ရေတပ်အား “ဗမာ့ရေတပ်မတော်” အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့၏။ စစ်ရေယာဉ်(မေယု)၏ ပထမဦးဆုံးသော မြန်မာနိုင်ငံသား စစ်ရေယာဉ်မှူး ဒုတိယဗိုလ်မှူးကြီးခင်မောင်ဘိုက ဗြိတိသျှဗိုလ်မှူးကြီး ကေအက်စ်လိုင်းထံမှ တာဝန်များ လွှဲပြောင်းလက်ခံခဲ့၏။ လွတ်လပ်ရေးရရှိပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နိုင်မှုနှင့်အတူ အရာရှိ၊ စစ်သည်အင်အား၊ စစ်ရေယာဉ်အင်အား၊ လက်နက်ခဲယမ်းအင်အားစသည်တို့ဖြင့် ကိုယ်ပိုင်ရပ်တည်နိုင်စွမ်းရှိသော တပ်မတော်(ရေ)သည် အခိုင်အမာဖြစ်တည်ပေါ်ပေါက်လာခဲ့၏။
သို့သော်လည်း လွတ်လပ်ရေးနှင့်အပြိုင်ပေါ်ပေါက်လာသော ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းမှုများကြောင့် တပ်မတော်(ရေ)သည် တပ်မတော်(ကြည်း၊ လေ)တို့နှင့်အတူ နိုင်ငံလုံခြုံရေး၊ ပြည်သူလူထုကာကွယ်ရေးတို့ အတွက် လက်တွဲညီညီ ရှေ့တိုးချီခဲ့၏။ မြစ်ဝကျွန်းပေါ်တိုက်ပွဲများ၊ ရခိုင်ကမ်းရိုးတန်း တိုက်ပွဲများနှင့် တနင်္သာရီကမ်းရိုးတန်း တိုက်ပွဲများ၌ မကြောက်မရွံ့ နောက်မတွန့်စတမ်း ရွပ်ရွပ်ချွံချွံဆင်နွှဲခဲ့၏။ တစ်တိုင်းပြည်လုံး ပြည်တွင်းသောင်းကျန်းမှုများ ကြီးစိုးခဲ့သည့်အတွက် “ရန်ကုန်အစိုးရ” ဟု နိုင်ငံတကာက နှိမ့်ချဆက်ဆံခံခဲ့ရချိန်တွင် ရန်ကုန်မြို့ကိုသိမ်းပိုက်ရန် ဦးတည်ချီတက်လာသော သောင်းကျန်းသူများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များအပြင် ဘီးတပ် ၄၀ မမ အမြောက်များက စွမ်းစွမ်းတမံခုခံကာကွယ်ခဲ့ကြ၏။ တပ်မတော်(ရေ)၏ တံမြက်စည်း၊ ရေဘီလူး၊ ရေသူရဲ၊ ရေသဘက်အမည်တွင်သော ဘီးတပ်အမြောက်များသည် အကြမ်းဖက်သောင်းကျန်းသူတို့၏ ထိုးစစ်မှန်သမျှကို ရိုက်ချိုးချေမှုန်းနိုင်ခဲ့၏။ စစ်ရေယာဉ်(မေယု)မှ လေးလက်မအမြောက်ကြီး၏ တိကျထိရောက်သော ပစ်ကူပေးမှုသည် နာမည်ကျော်ခဲ့ပြီး အင်းစိန်၊ သန်လျင်ကျိုက်ခေါက်၊ ပုသိမ်၊ ကျောက်ဖြူနှင့် မော်လမြိုင်တိုက်ပွဲတို့တွင် သောင်းကျန်းသူများအား ကြောက်ရွံ့တုန်လှုပ်စေခဲ့၏။
တပ်မတော်(ရေ)သည် စတင်တည်ထောင်ကတည်းကပင် အရာရှိ၊ စစ်သည်များ၏ ရဲစွမ်းသတ္တိရှိစွာဖြင့် သက်စွန့်ကြိုးပမ်း တာဝန်ထမ်းဆောင်ခဲ့မှုကြောင့် နိုင်ငံတော်မှ စွမ်းရည်ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်ခြင်း ခံခဲ့ရသည်မှာ ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာပင်ဖြစ်၏။ တပ်မတော်(ရေ)စတင် ဖွဲ့စည်းချိန်မှသည် ယနေ့ထိ သီဟသူရဘွဲ့ ၁ ဦး၊ သူရဘွဲ့ ၁၇ ဦး၊ သီဟဗလတံဆိပ် ၂ ဦး၊ သူရဲကောင်းမှတ်တမ်းဝင် ၆၈ ဦး၊ ပြည်သူ့သားကောင်းတံဆိပ် ၁ ဦး၊ စစ်သေနာပတိ၏ သူရဲကောင်းလက်မှတ် ၁၉ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ၄၂ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ် ၁၆၆ ဦး ချီးမြှင့်ခံခဲ့ရသည်မှာ တပ်မတော်(ရေ)အတွက် ဂုဏ်ယူဖွယ် သမိုင်းမော်ကွန်းပင်ဖြစ်၏။
အောင်မြင်စွာဖြတ်ကျော်လာခဲ့သော (၇၈)နှစ်တာကာလ သက်တမ်းတစ်လျှောက်ရရှိခဲ့သည့် အတွေ့အကြုံ၊ အသိအမြင်များဖြင့် တပ်မတော်(ရေ)သည် ရေမြင့်၍ကြာတင့်ခဲ့ပြီဖြစ်၏၊ ရင့်ကျက်တည်ငြိမ်သော၊ ခေတ်မီဆန်းသစ်သော၊ တိုးတက်ခိုင်မာသောအခြေအနေသို့ရောက်ရှိလာပြီး နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်သော၊ ဒေသတွင်းရေတပ်များက ခံ့ညားလေးစားရသော တပ်မတော်(ရေ)အဖြစ် တက်လှမ်းနိုင်ခဲ့ပြီဖြစ်၏။
ရေမိုင်ပေါင်း ၁၂၆၀ ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းနှင့် စတုရန်းရေမိုင်ပေါင်း ၁၄၀၀၀၀ ကျော်ကျယ်ဝန်းသော မြန်မာ့ပင်လယ်ပြင်၏ အဖိုးတန်သယံဇာတများကား ပေါကြွယ်၀သည်ထက်ပိုလေ၏။ ထို့ပြင်မျက်မှောက်ခေတ် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးတွင် အဓိကကျသော အိန္ဒိယသမုဒ္ဒရာ၏အစိတ်အပိုင်းဖြစ်သည့် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့၏ ထိန်းချုပ်မှတ် (Choke Point) နေရာတွင်လည်း တည်ရှိနေပြန်၏။ ထို့ကြောင့် မြန်မာ့ပင်လယ်ပြင်သည် “ရွှေနိုင်ငံ၏ရွှေပင်လယ်” ဟု သတ်မှတ်မည်ဆိုပါက မည်သူငြင်းပယ်နိုင်ပါမည်နည်း။
ရွှေပင်လယ်၏တန်ဖိုးကြီးမားပုံကို အလေးထားသော တပ်မတော်အကြီးအကဲက တပ်မတော်(ရေ)၏ တိုက်စွမ်းအားများဖြစ်သည့် စစ်ရေယာဉ်များကို ကိုယ်တိုင်တည်ဆောက်ရန် လမ်းညွှန်မှုပြုခဲ့၏။
“ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဟူသောဆောင်ပုဒ်နှင့်အညီ တပ်မတော်(ရေ)၊ ရေတပ်သင်္ဘောကျင်းဌာနချုပ်တွင် နိုင်ငံတကာစံချိန်စံညွှန်းမီ စစ်ရေယာဉ်များကို ကိုယ်တိုင်ဒီဇိုင်းရေးဆွဲတည်ဆောက်စေခဲ့၏။ တပ်မတော်အကြီးအကဲ၏ လမ်းညွှန်ပံ့ပိုးဖြည့်ဆည်းပေးမှု၊ တပ်မတော် (ရေ) အရာရှိ၊
စစ်သည်များ၏ အားထုတ်ကြိုးပမ်းမှုတို့ကြောင့် အဆင့်အတန်းမီ စစ်ရေယာဉ်များကို စဉ်ဆက်မပြတ် တည်ဆောက်၊ ရေချ၊ တပ်တော်ဝင်နိုင်ခဲ့ကြ၏။ “ဝယ်ယူအသုံးပြုသူမှ ကိုယ်တိုင်တည်ဆောက်သူ (Buyerto Builder)” အဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး နိုင်ငံတော်၏ဘဏ္ဍာငွေကို များစွာခြိုးခြံချွေတာနိုင်ခဲ့၏။
တပ်မတော်(ရေ)ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်၏ သီလဝါသင်္ဘောကျင်း(ပထမအဆင့်)ကို ၂၀၀၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ တပ်မတော်(ရေ)၏ ရေယာဉ်တည်ဆောက်ရေးအခန်းကဏ္ဍမှာ ပိုမိုအရေးကြီးပေ၏။ ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ တပ်မတော်(ရေ)မှ ကိုယ်တိုင်တည်ဆောက် တပ်တော်ဝင်ပြီးသော စစ်ရေယာဉ်ပေါင်းမှာ ၇၈ စင်းဖြစ်၏။ ထို့ပြင် တပ်မတော်(ရေ)၏ အကြီးဆုံးဖရီဂိတ်စစ်ရေယာဉ်ကြီးကိုလည်း ပြီးခဲ့သည့် (၇၇)နှစ်မြောက်တပ်မတော်(ရေ) နှစ်ပတ်လည်နေ့တွင် အမည်ပေးခြင်းနှင့် ရေချခြင်းမင်္ဂလာအခမ်းအနားများ ကျင်းပခဲ့ပြီး တပ်မတော်အကြီးအကဲ ကိုယ်တိုင်တက်ရောက်ချီးမြှင့်ခဲ့၏။
တပ်မတော်အကြီးအကဲက “ယခု ၁၃၅ မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီးအား နိုင်ငံ၏ပြည်တွင်းရန်ကို နှိမ်နင်းခြင်း၊ ပြည်ပရန်ကို ကာကွယ်ခြင်းနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် စံနှုန်းစနစ်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့် သာလွန်မင်းတရားကြီးကို ဂုဏ်ပြုသောအားဖြင့် “ဖရီဂိတ်စစ်ရေယာဉ်(သာလွန်မင်း)” ဟု ကျွန်ုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်ပေးလိုက်သည်။ ဤစစ်ရေယာဉ်ကြီးနှင့်တကွ စစ်ရေယာဉ်ကြီးနှင့်အတူ လိုက်ပါတာဝန် ထမ်းဆောင်သူအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ရေယာဉ်သက်တမ်းပြည့် တာဝန်ထမ်းဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်” ဟု မြွက်ကြားကာ အမည်ပေးမင်္ဂလာအခမ်းအနားကျင်းပခဲ့၏။ ထို့နောက် ဖရီဂိတ်စစ်ရေယာဉ်ကြီး၏ ဦးပိုင်းတွင်ချိတ်ဆွဲထားသော ရှန်ပိန်ပုလင်းကို ချည်နှောင်ထားသည့် မင်္ဂလာပိုးကြိုးအား မင်္ဂလာအချိန်တွင် ရွှေပုဆိန်ဖြင့်ခုတ်ဖြတ်၍ ရေတပ်ထုံးတမ်း အစဉ်အလာနှင့်အညီ ရှန်ပိန်ပုလင်းခွဲကာရေချပွဲမင်္ဂလာ အခမ်းအနားကို တစ်ဆက်တည်း ကျင်းပခဲ့ခြင်းဖြစ်၏။ တစ်ချိန်တည်းတွင် နီ၊ စိမ်း၊ ဝါ မီးရှူးမီးပန်းများပစ်ဖောက်ခြင်း၊ တပ်မတော်(ရေ)စစ်တီးဝိုင်းက စိတ်ဓာတ်တက်ကြွဖွယ် စစ်ချီသီချင်းတီးမှုတ်ဂုဏ်ပြုခြင်းများကို ခမ်းနားထည်ဝါစွာဖြင့် ဆောင်ရွက်ခဲ့၏။
ဤသို့ တပ်မတော်(ရေ)၏ အကြီးဆုံးဖရီဂိတ်စစ်ရေယာဉ်ကြီးကို ကိုယ်တိုင်ဒီဇိုင်းရေးဆွဲ တည်ဆောက်နိုင်ခဲ့ခြင်းမှာ ရေတပ်သားတို့၏ ကြီးစွာသော ကြိုးပမ်းအားထုတ်မှုအပြင် တပ်မတော်အကြီးအကဲ၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုနှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးမှုများကြောင့်ပင်ဖြစ်၏။
စစ်ရေယာဉ်ကြီး၏ ခုတ်မောင်းသွားလာမှုစနစ်၊ လက်နက်နှင့်လက်နက်စနစ်၊ ဆက်သွယ်ရေးနှင့် ရေကြောင်းသွားလာမှုစနစ်၊ ရေယာဉ်ကိုယ်ထည်ပိုင်းနှင့် ရေလုံမှုစနစ်စသည့် စနစ်ပေါင်းများစွာကို ပေါင်းစပ်တည်ဆောက်နိုင်ခဲ့ခြင်းမှာ ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်ညှိနှိုင်းမှု၊ နားလည်စာနာမှုတို့ဖြင့် တွေ့ကြုံခဲ့ရသောစိန်ခေါ်မှုနှင့် အခက်အခဲပေါင်းများစွာကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့၏။ တပ်မတော်(ရေ)၏ သမိုင်းမှတ်တိုင်သစ်တစ်ရပ်သာမကပဲ နိုင်ငံတော်နှင့် တပ်မတော်၏ အောင်မြင်မှုအဖြစ်လည်း မှတ်ကျောက်တင်ထိုက်၏။
တပ်မတော်(ရေ)၏ ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော်ရန်မှာ တိုက်စွမ်းအားမြင့်မားသော စစ်ရေယာဉ်များအပေါ် များစွာမှီတည်နေ၏။ ရေပြင်ရန်စစ်ဆင်ရေး၊ ဝေဟင်ရန်စစ်ဆင်ရေး၊ ရေအောက်ရန် စစ်ဆင်ရေးနှင့် အီလက်ထရောနစ်စစ်ဆင်ရေးဟူသော စစ်ဆင်ရေး နယ်ပယ်လေးရပ်လုံး ထိရောက်စွာစစ်ဆင်နိုင်ရန် မလွဲမသွေလိုအပ်၏။
ထို့ပြင် ရေတပ်စွမ်းအားသည် ပင်လယ်ပြင်မှ ကုန်းမြေအပေါ် အကျိုးသက်ရောက်မှုပေးနိုင်ရေးနှင့် နိုင်ငံတစ်နိုင်ငံ၏ ရေကြောင်းဆိုင်ရာအရင်းအမြစ်(Maritime Resource) များကို ကာကွယ်မှုပေးနိုင်ရေးဟူသည့် စွမ်းအားနှစ်ရပ်ပြည့်စုံကာ Naval Power ကို Fighting Power အဖြစ် အသုံးချနိုင်ရန်အတွက် စစ်ရေယာဉ်အသင့်ဖြစ်မှု၊ လက်နက်နှင့် လက်နက်စနစ်အသင့်ဖြစ်မှု၊ ရေတပ်သားအသင့်ဖြစ်မှုဟူသော အသင့်ဖြစ်မှုသုံးရပ်ဖြင့် ပြည့်စုံရန်လည်း ကြိုးပမ်းဖြည့်ဆည်း တည်ဆောက်လျက်ရှိ၏။
မည်မျှပင် ခေတ်မီတန်ဖိုးကြီးမားသော စစ်ရေယာဉ်နှင့် စစ်လက်နက်ပစ္စည်းများ တပ်ဆင်အသုံးပြုစေကာမူ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးမပြုနိုင်ပါက အချည်းနှီးပင်ဖြစ်၏။ တစ်နည်းအားဖြင့် “တိုက်စွမ်းအား” ပြည့်စုံရုံနှင့်မလုံလောက်ဘဲ “တိုက်စွမ်းရည်” နှင့်လည်း ပြည့်စုံနေရန်လိုအပ်၏။ ထို့ကြောင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်လည်း အလေးအနက်ထား ဆောင်ရွက်လျက်ရှိ၏။ ခေတ်မီသင်ထောက်ကူပစ္စည်းများ၊ အရာရှိဗဟုသုတတိုးပွားရေးဟောပြောပွဲများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများဖြင့် ဘက်စုံထောင့်စုံ အရှိန်အဟုန်ဖြင့် မြှင့်တင်လျက်ရှိ၏။ ထို့ပြင် ပြည်ပအလုပ်ရုံ ဆွေးနွေးပွဲများ၊ ညီလာခံများ၊ နှီးနှောဖလှယ်ပွဲများ၊ သင်တန်းများသို့လည်း စဉ်ဆက်မပြတ်စေလွှတ် ပါဝင်တက်ရောက်စေလျက်ရှိ၏။ နိုင်ငံတကာရေတပ်များ၊ ဒေသတွင်းရေတပ်များ၊ အိမ်နီးချင်းရေတပ်
များနှင့် ပူးတွဲစစ်ရေးလေ့ကျင့်ခြင်း၊ ပူးတွဲကင်းလှည့်ခြင်း၊ ပူးတွဲရေကြောင်းတိုင်းတာခြင်းများဖြင့်လည်းပါဝင်ဆောင်ရွက်လျက်ရှိ၏။ တပ်မတော်အကြီးအကဲ၏ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ”ဆိုသည့်လမ်းညွှန်ချက်အတိုင်း တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များအနေဖြင့် လေ့လာမှတ်သားမှုများ၊ ကျွမ်းကျင်ရန်လေ့ကျင့်မှုများ၊ လုပ်ငန်းခွင်တွင် လက်တွေ့လိုက်နာကျင့်သုံးမှုများဖြင့် အောင်မြင်မှုအသီးအပွင့်များ ဖွံ့ဖြိုးဝေစည်စေခဲ့ပြီး အမျိုးသား၊ အမျိုးသမီးအရာရှိ၊ စစ်သည်များအားလုံး လူ့စွမ်းအားအရင်းအမြစ် ဟန်ချက်ညီတိုးတက်စေရေးကို မြှင့်တင်ဆောင်ရွက်လျက်ရှိ၏။
ထို့ပြင် တပ်မတော်(ရေ)တွင် တာဝန်ထမ်းဆောင်ရန် တာဝန်ပေးအပ်ခြင်းခံရသော နိုင်ငံ့သားကောင်း ရတနာပြည်သူ့စစ်မှုထမ်းများကိုလည်း ၎င်းတို့တာဝန်ထမ်းဆောင်မည့် အချိန်ကာလအတွင်း တပ်မတော်(ရေ)အတွက်၊ ၎င်းတို့ကိုယ်တိုင်အတွက် အကျိုးရှိထိရောက်စေမည့် Professional ဘာသာရပ်၊ ပညာရပ်ပိုင်းဆိုင်ရာဘာသာရပ်များကို သင်ကြားပို့ချခြင်း၊ လက်တွေ့လိုက်နာဆောင်ရွက်ခြင်းတို့ဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိ၏။ အရာရှိ၊ စစ်သည်များ၏ပညာရည်တိုးတက်အောင်မြင်စေရန် အားပေးကူညီလျက်ရှိ၏။ ပညာအရည်အချင်းတိုးတက်မှုနှင့်အညီ သင့်လျော်သော ရာထူးအဆင့်အတန်း တိုးမြှင့်ပေးမှုများ ဆောင်ရွက်ပေးလျက်ရှိ၏။
တာဝန်ထမ်းဆောင်လျက်ရှိသော အမျိုးသား၊ အမျိုးသမီးအရာရှိများကိုလည်း ၎င်းတို့စစ်မှုထမ်းသက်အလျောက် ဖြတ်သန်းရမည့်အနာဂတ် လမ်းပြမြေပုံ (Carrier Road Map) ကို ရေးဆွဲချမှတ်ထားပြီး အရာရှိတစ်ဦးချင်းစီ၏ အနာဂတ်ရည်မှန်းချက်ကို ပုံဖော်ပေးထား၏။
တပ်မတော်(ရေ)၏ လုပ်ငန်းတာဝန်ကဏ္ဍကြီးလေးရပ်ဖြစ်သည့် စစ်ရေးကဏ္ဍ (Military Role)၊ တရားဥပဒေစိုးမိုးရေးကဏ္ဍ (Constabulary Role)၊ စာနာအကူအညီပေးရေးကဏ္ဍ (Benign Role)နှင့် သံတမန်ရေးရာကဏ္ဍ (Diplomatic Role) တို့ကိုလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်စွမ်းဆောင်နိုင်ရေး ရည်မှန်း အကောင်အထည်ဖော်လျက်ရှိ၏။
ကဏ္ဍကြီးလေးရပ်အနက် စစ်ရေးကဏ္ဍသည် တပ်မတော်(ရေ)၏ အဓိကတာဝန်ကြီးဖြစ်ပြီး “အမြဲတမ်းလေ့ကျင့်ရမည်၊ အမြဲတမ်းစစ်ရေးသတိရှိရမည်၊ အမြဲတမ်းတိုက်ပွဲဝင် အသင့်ဖြစ်ရမည်” ဟူသည့် “မြဲသုံးမြဲ”ကို လက်ကိုင်ထားကာ “လေ့ကျင့်၊ ကျွမ်းကျင်၊ အောင်ပွဲဆင်” ဆိုသည့်ဆောင်ပုဒ် အတိုင်း ပင်လယ်ပြင်မှ ကျူးကျော်လာသူများကို ချေမှုန်းနိုင်ရန် အမြဲလေ့ကျင့်လျက်ရှိ၏။ တပ်မတော်(ရေ) စစ်ရေယာဉ်အမျိုးအစား ပေါင်းစုံ စုပေါင်းပါဝင်သော စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်း (Combined Fleet Exercise –Sea Shield) ကို ၂၀၁၄ ခုနှစ်မှ စတင်လေ့ကျင့်ခဲ့ပြီး တပ်မတော်(ရေ)၏ ပထမဦးဆုံး ရေပြင်မှရေပြင်ပစ်ဒုံးပျံကို အောင်မြင်စွာ ပစ်ခတ်လေ့ကျင့်နိုင်ခဲ့၏။
တပ်မတော်(ရေ)၏ အဆိုပါလေ့ကျင့်ခန်းများအား တပ်မတော်အကြီးအကဲ ကိုယ်တိုင်နှစ်စဉ်တက်ရောက်ကြည့်ရှုအားပေးပြီး လိုအပ်ချက်များအား လမ်းညွှန်မှာကြားခြင်းကြောင့် လေ့ကျင့်မှုများသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုထိရောက်အစွမ်းထက်လာခဲ့၏။ ပါဝင်လေ့ကျင့်ကြသော တပ်မတော်(ရေ) အရာရှိ၊ စစ်သည်များအတွက် အဖိုးမဖြတ်နိုင်သော အတွေ့အကြုံ၊ အလေ့အကျင့်ကောင်းများကို ရရှိပိုင်ဆိုင်စေခဲ့၏။
စစ်ရေးကဏ္ဍအတွက် အဓိကတိုက်စွမ်းအားများဖြစ်သော စစ်ရေယာဉ်များကို ကိုယ်တိုင်တည်ဆောက်သည်သာမက ပြင်ပနိုင်ငံများမှလည်း အမျိုးအစားစုံလင်အောင် ဝယ်ယူဖြည့်တင်း အားဖြည့်ပေးလျက်ရှိ၏။ တပ်မတော်(ရေ) တိုက်ခိုက်ရေးရေငုပ်သင်္ဘော စစ်ရေယာဉ် “မင်းရဲသိင်္ခသူ” နှင့် “မင်းရဲကျော်ထင်”
တို့ကို (၇၃)နှစ်မြောက်နှင့် (၇၄)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့များတွင် အသီးသီးတပ်တော်ဝင်နိုင်ခဲ့၏။ ရေအောက်ရန်စစ်ဆင်ရေးစွမ်းရည်ကို တိုးချဲ့နိုင်ခဲ့သည့်အပြင် Submarine Arm ပိုင်ဆိုင်ခြင်းဖြင့် ဒေသတွင်းရေတပ်များနှင့် ရင်ပေါင်တန်းနိုင်ခဲ့၏။ သုံးဖက်မြင်စစ်ဆင်နိုင်စွမ်းရှိသောရေတပ် (Three Dimensional Navy) အဆင့်သို့တက်လှမ်းကာ စစ်ရေးကဏ္ဍကို တောင့်တင်းခိုင်မာစေမည်ဖြစ်၏။
မိမိတို့နိုင်ငံနှင့် ပြည်သူတို့အတွက် တရားဥပဒေစိုးမိုးရေးကဏ္ဍသည်လည်း အရေးကြီး၏။ ရေကြောင်းသွားလာမှု တိုးတက်များပြားလာမှုနှင့်အတူ ပင်လယ်ပြင်အခြေပြုဖြစ်ပေါ်လာသော အကြမ်းဖက်မှုများ၊ ရာဇဝတ်မှုများ၊ တရားမဝင်ရွှေ့ပြောင်းသွားလာမှုများ၊ လက်နက်နှင့်မူးယစ်ဆေးဝါး တရားမဝင်သယ်ဆောင်ရောင်းဝယ်မှုများ၊ လူမှောင်ခိုကုန်ကူးမှုများ ပိုမိုဖြစ်ပေါ်လျက်ရှိရာ ၎င်းတို့ကိုထိရောက်စွာ တားဆီးကာကွယ်ရန် လိုအပ်လာ၏။ ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေးအတွက် တပ်မတော်(ရေ)နှင့် လက်တွဲဆောင်ရွက်မည့် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၆ ရက်ကစတင်ဖွင့်လှစ်တပ်တော်ဝင်ခဲ့၏။ ထို့ကြောင့် တပ်မတော်(ရေ)နှင့်အတူ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့၊ ရေကြောင်းဆိုင်ရာရဲတပ်ဖွဲ့နှင့် အခြားရေကြောင်းဆိုင်ရာအဖွဲ့ အစည်းများပူးပေါင်း၍ မြန်မာ့ပင်လယ်ပြင်အဝန်း တရားဥပဒေစိုးမိုးရေးကို လက်တွဲညီညီထိရောက်စွာအကောင်အထည်ဖော်ရမည်ဖြစ်၏။ ထို့ပြင်အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၏ ရေတပ်၊ ကမ်းခြေစောင့်တပ်ဖွဲ့နှင့် အခြားအဖွဲ့အစည်းများဖြင့်လည်း ဆက်သွယ်ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်၏။
တပ်မတော်(ရေ)အနေဖြင့် စာနာအကူအညီပေးရေးကဏ္ဍတွင်လည်း ပိုမိုထိရောက်စွာ ဆောင်ရွက်လျက်ရှိ၏။ မျက်မှောက်ကာလတွင် ပိုမိုဖြစ်ပွားလာသည့် သဘာဝဘေးအန္တရာယ်များကြောင့် အတိဒုက္ခရောက်ကြရသောပြည်သူလူထုကို ကူညီစောင့်ရှောက်လျက်ရှိ၏။ အထူးသဖြင့် ကမ်းရိုးတန်းနေပြည်သူများပိုမိုခံစားလာရသော မုန်တိုင်းဘေး၊ ရေကြီးရေလျှံဘေး၊ မြေပြိုမှုဘေး၊ ဆူနာမီရေလှိုင်းဘေးတို့မှ သက်သာလွတ်ကင်းရန် ဘက်စုံထောင့်စုံနည်းလမ်းစုံဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိ၏။ တပ်မတော်အကြီးအကဲကလည်း သဘာ၀ဘေးအန္တရာယ် ကျရောက်ပြီး ဒုက္ခရောက်နေသော ပြည်သူကို စာနာကူညီပေးရန်အတွက် အထက်ဌာနများ၏ အမိန့်ကိုစောင့်နေစရာမလို၊ အမြန်ဆုံးသွားရောက် အကူအညီပေးရန် လမ်းညွှန်မှာကြားထားပြီးဖြစ်၏။
ထို့ပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီသော ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများကို ခေတ်မီရောဂါရှာဖွေရေး ပစ္စည်းကိရိယာများ တပ်ဆင်ထားသည့် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)နှင့် မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)တို့မှ ကျွမ်းကျင်ပါရဂူများ၊ ဆရာဝန်၊ သူနာပြုများဖြင့် အိမ်တိုင်ရာရောက် ကျန်းမာရေး စောင့်ရှောက်မှုများပေးလျက်ရှိ၏။ ၂၀၁၃ ခုနှစ်မှ ယနေ့အထိဆေးရုံရေယာဉ်များ၏ ဆေးကုသပေးမှုခရီးစဉ် ၃၉ ကြိမ်အတွင်း စုစုပေါင်းအမျိုးသား၊ အမျိုးသမီးလူနာ ၃၆၈၆၂၈ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့၏။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီးကြောင့် နိုင်ငံတော်နှင့် ပြည်သူလူထုတို့ အပြင်းအထန် ထိခိုက်ခံစားခဲ့ကြရ၏။ အဆိုပါထိခိုက်ခံစားရသော ဒေသများသို့ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များသည် တပ်မတော်(ကြည်း၊ လေ)တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊NGO၊ INGO အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုကူညီ
ရေးအသင်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်လက်တွဲ၍ အမြန်ဆုံးသွားရောက်ကာ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့၏။ ဖေးမကူညီခဲ့၏။ နှစ်သိမ့်အားပေးခဲ့၏။
သံတမန်ရေးရာကဏ္ဍသည်လည်း ကမ္ဘာ့နိုင်ငံအသီးသီးရှိ ရေတပ်များအတွက် အဓိကကျ၏။ နိုင်ငံအချင်းချင်းဖြစ်ပွားနေသော ပဋိပက္ခအငြင်းပွားမှုများတွင် စစ်ဆင်တိုက်ခိုက်စရာမလိုဘဲ ရေတပ်အင်အားပြသခြင်းဖြင့် အသာစီးရရှိရန် စွမ်းဆောင်နိုင်၏။
ကမ္ဘာ့သမိုင်းတစ်လျှောက် အသုံးပြုခဲ့သော အလွန်ထိရောက်အကျိုးရှိသည့် အင်အားပြသမှုလည်းဖြစ်၏။
ယနေ့တပ်မတော်(ရေ)သည် မိမိကမ်းရိုးတန်းကိုသာ ကာကွယ်နိုင်စွမ်းရှိသော Coastal Navy အဆင့်မဟုတ်တော့ဘဲ မိမိတို့၏သီးသန့်စီးပွားရေးဇုန်အထိ ကာကွယ်စောင့်ရှောက်နိုင်သော ရေတပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။ နိုင်ငံတကာရေတပ်အခမ်းအနားများသို့ မိမိတို့၏စစ်ရေယာဉ်များ စေလွှတ်တက်ရောက်စေခြင်း၊ အပြန်အလှန်လည်ပတ်စေခြင်း၊ အိမ်နီးချင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာရေတပ်များဖြင့် နီးကပ်စွာပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းတို့ဖြင့် သံတမန်ရေးရာကဏ္ဍကို ပိုမိုခိုင်မာအောင်တည်ဆောက်နိုင်ခဲ့၏။
ထို့ပြင် နှစ်စဉ်ကျင်းပမြဲဖြစ်သော အာဆီယံရေတပ်ဦးစီးချုပ်များတွေ့ဆုံဆွေးနွေးပွဲ (ASEAN Navy Chiefs’ Meeting-ANCM) များကိုလည်း နှစ်စဉ်ပါဝင်တက်ရောက်၍ သံတမန်ရေးရာကဏ္ဍတွင် လစ်ဟင်းမှုမရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ၏။ မိမိတို့နိုင်ငံက အလှည့်ကျ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပပေးရမည့် 9th ANCM ကို ၂၀၁၅ ခုနှစ်ကလည်းကောင်း၊ 18th ANCM ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလကလည်းကောင်း နေပြည်တော်၌ အောင်မြင်စွာကျင်းပနိုင်ခဲ့၏။ တပ်မတော်(ရေ)၏ သံတမန်ရေးရာကဏ္ဍကို ပိုမိုအသက်ဝင် ရှင်သန်စေခဲ့ခြင်းပင်ဖြစ်၏။
မြန်မာ့တပ်မတော်(ရေ)အပါအဝင် နိုင်ငံတကာရေတပ်များသည် ယနေ့ခေတ်ကာလတွင် ခြိမ်းခြောက်မှု၊ စိန်ခေါ်မှုများနှင့် ပိုမိုရင်ဆိုင်ရလျက်ရှိ၏။ အကြီးမားဆုံးခြိမ်းခြောက်မှုမှာ သဘာ၀ ဘေးအန္တရာယ်ပင်ဖြစ်၏။ ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲမှုများကြောင့် ပြင်းထန်သည့် မုန်တိုင်းကြီးများ၊ ဆူနာမီရေလှိုင်းများ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုများကို ဖြစ်ပေါ်စေပြီး ပင်လယ်ကမ်းရိုးတန်းနေဘဝများကို ကြီးမားစွာခြိမ်းခြောက်လျက်ရှိ၏။ ထို့ပြင် ပင်လယ်ပြင်ညစ်ညမ်းမှု၊ တရားမဝင်ငါးခိုးဖမ်းမှု၊ သဘာ၀သယံဇာတများ အလွန်အကျွံထုတ်ယူမှု၊ ပင်လယ်ပြင်မှ တရားမဝင်
မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်း သယ်ဆောင်ရောင်းဝယ်မှုများ၊ လူများအစုလိုက် အပြုံလိုက် ရွှေ့ပြောင်းဝင်ရောက်မှု၊ ပင်လယ်ပြင်အခြေပြု အကြမ်းဖက်တိုက်ခိုက်မှု စသည့်အခြားခြိမ်းခြောက်မှုများကိုလည်း ရင်ဆိုင်ကျော်လွှားနိုင်ရန် ကြိုးပမ်းရမည်ဖြစ်၏။ ဖြတ်သန်းကျော်လွှားပြီးခဲ့သည့် စိန်ခေါ်မှုများ၊ ခြိမ်းခြောက်မှုများကို အတွေ့အကြုံကောင်းများ၊ အောင်မြင်မှုအတွက် လှေကားထစ်များအဖြစ် ခံယူလျက်ဆက်လက် ကျော်ဖြတ်သွားရမည်သာဖြစ်၏။
ယနေ့တပ်မတော်(ရေ)သည် အထက်ပါခြိမ်းခြောက်မှုများ၊ စိန်ခေါ်မှုများအပြင် ပြည်တွင်းအကြမ်းဖက်ဆူပူသောင်းကျန်းမှုများကိုလည်း ရင်ဆိုင်နှိမ်နင်းလျက်ရှိ၏။ အဆိုပါအခက်အခဲ၊ အကျပ်အတည်းများအကြားမှ ရနိုင်သမျှသောအရင်းအမြစ် (Resource)များကို အပြည့်အ၀စုစည်းအသုံးချ၍ဉာဏ်ရည်တု (Artificial Intelligence-AI) ကဲ့သို့သော အဆင့်မြင့်နည်းပညာများ ပေါင်းစပ်အသုံးချကာ သုတေသနပြုတီထွင်ထုတ်လုပ်ကြိုးစားမှုများကြောင့် အောင်မြင်မှုအသီးအပွင့်များ ရရှိခံစားနေရပြီဖြစ်၏။ အဆိုပါအောင်မြင်မှုများက တပ်မတော်(ရေ)ရှိ “တိုက်စွမ်းရည်နှင့် တိုက်စွမ်းအား” ကို ဆပွားတိုးတက်စေမည်ဖြစ်၏။
သို့ဖြစ်၍ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်နိုင်သော၊ရည်မှန်းချက်တာဝန်သုံးရပ်နှင့်စစ်ဆင်မှုနယ်ပယ်လေးရပ်ကို အပြည့်အ၀ အကောင် အထည်ဖော်နိုင်သော၊ သမိုင်းအစဉ်အလာကောင်းများကို ပိုမိုမြှင့်တင်ထိန်းသိမ်းနိုင်သော၊ နိုင်ငံတော်နှင့်ပြည်သူတစ်ရပ်လုံးကအားထားရသော တပ်မတော်
(ရေ)အဖြစ် အရည်အချင်းပြည့် အရာရှိ၊ စစ်သည်များနှင့်အတူ “တွဲလက်ညီညီ ရှေ့သို့ချီ၊ အောင်လံလွှင့်ဝေ တပ်မတော်(ရေ)”ဖြစ်ပါစေကြောင်း (၇၈)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုရေးသားတင်ပြအပ်ပါသည်။ ။
