နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့

Posted_Date

Image

နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့

Body

   ကျွန်ုပ်တို့နေထိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည်  တိုင်းဒေသကြီးနှင့်ပြည်နယ်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားကာ ထိုတိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် နယ်မြေဒေသအသီးသီးတွင်လည်း ရေခံမြေခံကောင်းမွန်ကာ  ပြည်တွင်းသယံဇာတများပေါကြွယ်ဝသည့်  နိုင်ငံတစ်နိုင်ငံဖြစ်သည်။   အိမ်နီးချင်းပြည်ပနိုင်ငံများမှလည်း မိမိတို့နိုင်ငံအတွင်းရှိ ကုန်ကြမ်းသယံဇာတများကို ဈေးနှုန်းသက်သာစွာ လာရောက်ဝယ်ယူကာ ခေတ်မီနည်းပညာနှင့် စက်ကိရိယာများဖြင့်  ပေါင်းစပ်ပြီး အခြားနိုင်ငံအသီးသီးနှင့်    မိမိတို့နိုင်ငံအတွင်းသို့ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်  ပြန်လည်တင်သွင်း ထုတ်လုပ်ရောင်းချလျက်ရှိသည်။ မိမိတို့နိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများမှ ပြန်လည်တင်သွင်းလာသော ထုတ်ကုန်ပစ္စည်းများကို ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူစားသောက်နေရသည့် အနေအထားတွင် ရှိနေသည်ကိုတွေ့ရှိရသည်။   ထို့ကြောင့် မိမိတို့နိုင်ငံအတွင်းရှိ သယံဇာတကုန်ကြမ်းများကို   နိုင်ငံအတွင်းနေ တတ်ကျွမ်းအသိပညာရှင်၊ အတတ်ပညာရှင်များ၏ အကူအညီဖြင့်  ခေတ်မီနည်းပညာများအား အသုံးပြုပြီး  တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ပါမှသာလျှင် နိုင်ငံအတွင်းနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာကာ  စီးပွားဖြစ်ထွန်းလျက် ကျေးလက်နှင့်မြို့ပြကွာဟမှုများ ပပျောက်ပြီး နိုင်ငံ့စီးပွားလည်း  တိုးတက်မြင့်မားလာမည်ဖြစ်သည်။

ယခုအခါ ကမ္ဘာ့လူဦးရေသည် သန်းပေါင်း ၈၀၀၀ သို့ရောက်ရှိလာခြင်းနှင့်အတူ  မျက်မှောက်ကာလ ကမ္ဘာ့အခြေအနေများက စားနပ်ရိက္ခာများ ဖြည့်ဆည်းပေးရန်   တောင်းဆိုလျက်ရှိသည်။ 

လယ်ယာသားငါးစားနပ်ရိက္ခာများ ထုတ်လုပ်နိုင်ရန် အခြေခံကောင်းများရှိနေသည့် မိမိတို့နိုင်ငံအနေဖြင့်   ပိုင်ဆိုင်ထားသည့် သယံဇာတအရင်းအမြစ်များကို အကျိုးဖြစ်ထွန်းအောင်   ခေတ်မီနည်းပညာများ အသုံးချကာ   တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြည်တွင်းပြည်ပနိုင်ငံများသို့ တင်ပို့ထုတ်လုပ်နိုင်သည့်အဆင့်အထိ  ထုတ်လုပ်နိုင်ရန် လွန်စွာလိုအပ်လာပေသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်အနက်  ဒုတိယအချက်တွင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့်အခြေခံအုတ်မြစ်ဖြစ်သည့်   စိုက်ပျိုးရေးကဏ္ဍစဉ်ဆက်မပြတ် တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ (Agrobased Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို  စဉ်ဆက်မပြတ်မြှင့်တင်ရေးဆိုသည့် ဦးတည်ချက်များနှင့်အညီ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများမှထွက်ရှိလာသည့် ထုတ်ကုန်များကို   ကုန်ကြမ်းများအဖြစ် အသုံးပြုပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် နိုင်ငံအတွင်းနေ သက်ဆိုင်ရာနယ်ပယ်အသီးသီး၊ ဒေသအသီးသီးမှ နိုင်ငံသားတိုင်းကြိုးပမ်း ဆောင်ရွက်ကြရန် လွန်စွာအရေးပါလှသည်။ ထိုသို့မွေးမြူရေးထွက်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် နိုင်ငံအတွင်းရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသော   မွေးမြူရေးသမားများဆီသို့   တိုးတက်ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ မွေးမြူရေးနည်းစနစ်ကောင်းများကို မွေးမြူရေးအသိပညာရှင်၊ အတတ်ပညာရှင်များမှတစ်ဆင့် ဖြန့်ဝေပညာပေးခြင်း၊ လက်တွေ့လမ်းညွှန်ပြသခြင်း၊ ဆင့်ပွားသင်တန်းများပို့ချပေးခြင်း စသည့်နည်းလမ်းများစွာကို အသုံးပြုပြီး ဆောင်ရွက်ပေးနိုင်ရန်လည်း  လိုအပ်လာပေသည်။ 

နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သော အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၏    ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် ကျေးလက်နေပြည်သူတစ်ရပ်လုံး၏  လူမှုစီးပွားဘဝမြင့်မားရေးပင်ဖြစ်သည်။ နိုင်ငံ့စီးပွားမြှင့်တင်ရန် မွေးမြူရေးထုတ်ကုန်များကို အခြေခံပြီး တန်ဖိုးမြှင့်ကုန်ချောများအဖြစ် ထုတ်လုပ်ရာတွင် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မွေးမြူသူများ၊ လုပ်ငန်းရှင်များ စသည့်ဆက်စပ် အဖွဲ့အစည်းများမှ   လုပ်အားညီညီ တစ်စိတ်တစ်ဝမ်းတည်းပေါင်းစည်းကာ   ပူးပေါင်းဆောင်ရွက်မှသာလျှင် ရည်ရွယ်ရာရည်မှန်းချက် ပန်းတိုင်ဆီသို့ အရောက်လှမ်းနိုင်မည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့ရှိမြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား ဇန်နဝါရီလ ၉ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံ၍‌“မွေးမြူရေးနှင့်ပတ်သက်၍  ဒေသအတွင်း အသား၊ ငါးနှင့်ဥများလုံလောက်စွာ ရရှိရေး    မွေးမြူရေးလုပ်ငန်းများကို   ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ရန်အတွက်  စိုက်ပျိုးရေးနှင့်မွေးမြူရေးအတတ်ပညာရှင်  ပညာတတ်လူသားအရင်းအမြစ်များ လိုအပ်သဖြင့်  ကျေးလက်ပညာရည် မြင့်မားစေရေးကို  ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊    ဒေသအတွင်း ပညာတတ်လူသားအရင်းအမြစ်များ ပေါများကြွယ်ဝလာမှသာ  ဒေသဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စီးပွားဖြစ်စနစ်တကျမွေးမြူခြင်း၊ တိုးချဲ့မွေးမြူခြင်းတို့ကို  အားထည့်လုပ်ကိုင်ကြရန် လိုအပ်သည်။ 

စိုက်ပျိုးရေးနှင့်   မွေးမြူရေးလုပ်ငန်းများသည် တစ်ဆက်တစ်စပ်တည်း လုပ်ကိုင်နိုင်ပြီး  အပြန်အလှန်အမှီ သဟဲပြုနေသည့်   လုပ်ငန်းများဖြစ်ရာ ပေါင်းစပ်လုပ်ကိုင် ဆောင်ရွက်ခြင်းဖြင့်   အောင်မြင်မှုရရှိနိုင်သည်။   အထူးသဖြင့်   နိုင်ငံတကာတွင် အသုံးပြုနေသည့် ခေတ်မီနည်းစနစ်များကို   ရယူအသုံးပြုကာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ခေတ်မီဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ 

ထို့ပြင်   ပြည်တွင်းစားသုံးမှု လုံလောက်စေရန်သာမက ပိုလျှံစေရန်အတွက် မွေးမြူရေးထုတ်ကုန်များကို ထုတ်လုပ်ရာတွင် စံချိန်စံညွှန်းပြည့်မီစွာ ထုတ်လုပ်နိုင်ပါမှ ပြည်ပနိုင်ငံများဆီသို့ ဈေးကွက်ဝင် မွေးမြူရေး ထုတ်ကုန်ပစ္စည်းများ တင်ပို့ရောင်းချနိုင်မည်ဖြစ်သည်။ ထိုသို့ အရည်အသွေးပြည့်ဝသော မွေးမြူရေးထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်တင်ပို့နိုင်စေရန် အခြေခံအကျဆုံးအချက်မှာ ကုန်ပစ္စည်းထုပ်ပိုးမှု၊    ပစ္စည်းအရည်အသွေးကောင်းမွန်မှု၊ အနံ့အရသာပြည့်စုံမှု၊    တီထွင်ဆန်းသစ်နိုင်မှု၊ သန့်ရှင်းသပ်ရပ်မှု၊    ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်ကာ စံချိန်စံညွှန်းပြည့်မီသော ကုန်ပစ္စည်းများဖြစ်မှသာလျှင်  ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသော  စားသောက်ကုန်အမယ်များနှင့် ယှဉ်ပြိုင်နိုင်ပြီး ပိုလျှံသည်များကို ပြည်ပနိုင်ငံများသို့  တင်ပို့နိုင်ခြင်းဖြင့်   နိုင်ငံခြားဝင်ငွေများရရှိကာ   နိုင်ငံ့စီးပွားကိုမြှင့်တင် လာနိုင်မည်ဖြစ်သည်။

သို့သော် မိမိတို့နိုင်ငံအနေဖြင့် တန်ဖိုးမြှင့်မွေးမြူရေးထုတ်ကုန်များ ထုတ်လုပ်ရာတွင်   သွင်းအားစု၊ ဈေးကွက်ရရှိရေးတို့သည် မွေးမြူသူများအတွက် အဓိကစိန်ခေါ်မှုတစ်ခုအနေဖြင့် တည်ရှိနေသည်။ 

မွေးမြူသူများဝင်ငွေတိုးပွားရေးသည်  တစ်နည်းအားဖြင့်   မွေးမြူရေးထုတ်ကုန်များ ဈေးကောင်းရရှိရေး၊ ဈေးကွက်သေချာစေရေးနှင့် အကျိုးအမြတ်ရရှိစေရေးပင်ဖြစ်သည်။ နေ့စဉ်ပြည်တွင်းစားသုံးမှုအများဆုံးဖြစ်သော ပြည်တွင်းပြည်ပဈေးကွက်ရှိသည့် မိမိတို့ဒေသနှင့်ကိုက်ညီမှုရှိသော  အသား၊ ငါးများကိုမွေးမြူကြရပြီး မွေးမြူရေးကုန်ကျစရိတ်နှင့် ပြန်လည်ရောင်းချရမှုမှာ တွက်ခြေကိုက်ရန်လိုအပ်ပေသည်။  ထိုသို့တွက်ခြေကိုက်စေရန်မှာ ဈေးကွက်ခိုင်မာ အားကောင်းမှုရှိရန်နှင့် ဈေးကွက်ချိတ်ဆက်နိုင်မှုသည် အဓိကကျသောအခန်းကဏ္ဍမှပါဝင်သည်။ 

ထို့ပြင် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေး ဆောင်ရွက်ရာတွင် မွေးမြူရေးအတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ ချေးငွေ၊  နည်းပညာရရှိရေး၊ ကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သည့် ကုန်ကြမ်း၊ ဘဏ်ချေးငွေ၊ စွမ်းအင်နှင့်လောင်စာ စသည်တို့ကို   ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ပါက မွေးမြူသူများအနေဖြင့်   ကုန်ပစ္စည်းများတိုးချဲ့ ထုတ်လုပ်လာနိုင်မည်ဖြစ်သည်။ ထိုသို့ကုန်ထုတ်တိုးမှ နိုင်ငံ့ဝင်ငွေတိုးမည်၊ နိုင်ငံ့ဝင်ငွေတိုးမှ နိုင်ငံအတွက်လိုအပ်သည့်   ပညာရေး၊  ကျန်းမာရေး၊ တည်ဆောက်ရေး လုပ်ငန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တည်ငြိမ်အေးချမ်းရေးစသည့် လုပ်ငန်းများကို ပြည့်ပြည့်ဝဝ  ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း  နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့ ဆောင်ပုဒ်နှင့်အညီ နိုင်ငံအတွင်းနေနိုင်ငံသားတိုင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြစေလိုပါကြောင်း ရေးသားလိုက်ရပါသည်။    ။

MWD