ခြေသလုံးကြွက်တက်ခြင်းကို ဖြေရှင်းခြင်း
Posted_Date
Image
Body
အထိုင်အထတွင် ရုတ်တရက်ခြေသလုံးကြွက်တက်ခြင်းက အလွန် နာကျင်စွာခံစားရစေသည်။ ခပ်မြန်မြန်လမ်းလျှောက်လျှင်လည်း ကြွက် တက်ခြင်းဖြစ်တတ်သည်။ ရုတ်တရက် ခြေသလုံးကြွက်တက်ပါက ကြွက်သားကိုဆန့်ပြီး နှိပ်နယ်ပေးခြင်းဖြင့် သက်သာစေနိုင်သည်။
ကြွက်သားကိုပြေလျော့စေရန် ရေနွေးနွေးဖြင့်လောင်းခြင်း သို့မဟုတ် ရေနွေးဝတ်ကပ်ခြင်း ပြုလုပ်နိုင်သည်။ ရေခဲတုံး သို့မဟုတ် ရေအေးဝတ် ကပ်ပေးနိုင်သည်။ ထိုသို့ရေခဲကပ်ရာတွင် အရေပြားနှင့်ရေခဲကြား၌ အဝတ်တစ်ခုခုခံထားရန်လိုသည်။ အရည်များများသောက်သင့်သည်။ ဓာတ်ဆားနှင့် အရည်များကလည်း ခြေထောက်ကြွက်တက်ခြင်းကို သက်သာစေနိုင်သည်။ ကြွက်တက်ချင်သကဲ့သို့ဖြစ်လာပါက အောက်ပါအချက်များကို လုပ်ဆောင်နိုင်သည်။
- ခြေသလုံးကြွက်သားများကို ဆန့်နေသင့်သည်။ ထိုင်နေရင်းဖြစ်စေ၊ မတ်တတ်ရပ်ရင်းဖြစ်စေ ပြုလုပ်နိုင်သည်။
- နံရံနှင့် ၂ ပေအကွာတွင်ရပ်ပြီး နံရံဘက်ကို လက်နှစ်ဖက်ဖြင့်ထောက် ကာ ရှေ့ကိုညွှတ်ချချိန်တွင် ကြွက်တက်ချင်နေသည့်ဘက်က ခြေထောက်ကို ဆန့်ထားပြီး ဖနောင့်ကို ကြမ်းနှင့်ထိထားသင့်သည်။ ထိုသို့လုပ်ဆောင်ချိန်တွင် နောက်တစ်ဖက်ကိုကွေးထားသင့်သည်။
- ကြွက်မတက်စေရန် ရေနှင့်အရည်များများ သောက်သင့်သည်။ ဆီးအရောင်က အဝါရောင်ဖျော့ပြီး ရေကဲ့သို့ ကြည်လင်လာသည်အထိ ရေသောက်သင့်သည်။ နေ့စဉ် ရေသန့် ၃-၄ လီတာသောက်သင့်သည်။ အရက်၊ ဘီယာ၊ အချိုရည်များရှောင်ကြဉ်သင့်သည်။
- ကယ်လ်စီယမ်၊ ပိုတက်ဆီယမ်နှင့်မဂ္ဂနီဆီယမ်ကြွယ်ဝပြီး ကျန်းမာရေးအတွက် ကောင်းသော အစားအစာများစားသင့်သည်။ ကိုယ်ဝန် ဆောင်ဖြစ်ပါက ပိုမိုစားသုံးသင့်သည်။
- ကြွက်သားအနေအထားပြန်လည်ကောင်းမွန်စေရန် စက်ဘီးစီးသင့်သည်။ သို့မဟုတ် စက်ဘီးစက်ဖြင့် စီးနိုင်သည်။
- နေ့စဉ် လေ့ကျင့်ခန်း နာရီဝက်မှ တစ်နာရီကြာ အပြေး၊ ရွရွပြေး၊လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးပြုလုပ်သင့်သည်။
- လေ့ကျင့်ခန်းမပြုလုပ်မီနှင့် အိပ်ရာမဝင်မီ နေ့စဉ် အကြောလျှော့လေ့ကျင့်ခန်း၊ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်သင့်သည်။ ဗီတာမင်နှင့်သတ္တုဓာတ် ပါဝင်သောအားဆေးများ သောက်သင့်သည်။ ချွေးထွက်လွန်ပါက ဓာတ်ဆားရည်သောက်သင့်သည်။ ဓာတ်ဆားရည်ကို တစ်နေ့နှစ်ထုပ်ခန့်သာ သောက်သင့်သည်။ ဓာတ်ဆားဓာတ်များလျှင် လည်း ကြွက်တက်နိုင်သည်ကို သတိပြုသင့်သည်။
ခြေသလုံးကြွက်တက်ခြင်းသည် မည်သည့်နေရာတွင်ဖြစ်ပေါ်လာပြီး မည်သည့်နေရာများအား နာကျင်စေသည်ကို ဆန်းစစ်သင့်သည်။
အောက်ဆီဂျင်လုံလောက်စွာမရရှိခြင်းနှင့် ခန္ဓာကိုယ်ရေဓာတ်ခန်းခြောက် နေခြင်းကြောင့် ကြွက်သားများကျုံ့သွားတတ်သည်။ ခန္ဓာကိုယ်၌ တခြားတစ်နေရာတွင် ကြွက်တက်တတ်သော်လည်း မည်သည့်အတွက် ကြောင့် ခြေသလုံးကြွက်သားများ ကြွက်တက်သည်ကို အတိအကျမဆို နိုင်ပေ။
ကြွက်သားများကျုံ့ရန် ပိုတက်ဆီယမ်ဓာတ်က အဓိကအခန်းကဏ္ဍ တွင်ပါဝင်နေသည်။ ပိုတက်ဆီယမ်ဓာတ် လျော့နည်းနေခြင်းကခြေသလုံးကြွက်တက်ခြင်းပိုမိုဖြစ်စေသည်။ ထိုသို့မဖြစ်စေရန်အတွက် ငှက်ပျောသီး၊ အာလူးကဲ့သို့ ပိုတက်ဆီယမ်ကြွယ်ဝသောအစားအစာ များ စားသုံးသင့်သည်။
ရေနွေးပူပူတစ်ခွက်ထဲတွင် ပန်းသီးရှလကာရည်နှင့်ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကိုရောပြီး သောက်သုံးပေးခြင်းက အလွန် အသုံးဝင်သည်။
အချိန်ကြာကြာ ပုံစံတစ်မျိုးတည်းနေခြင်းက ကြွက်သားများကိုတင်းမာစေပြီး ကျုံ့သွားစေနိုင်သည်။ ထိုသို့မဖြစ်ရန် သိသာထင်ရှားသည့်ဖြေရှင်းနည်းက လှုပ်ရှားမှုပြုလုပ်ပေးခြင်းဖြစ်သည်။ အကောင်းဆုံး နည်းလမ်းက ကြွက်တက်နေသည့်နေရာကို မိနစ်အနည်းငယ်ကြာ ဆန့်တန်းပေးခြင်း သို့မဟုတ် ဖိပေးခြင်းပြုလုပ်နိုင်သည်။
အထက်တွင်ဖော်ပြခဲ့သောနည်းလမ်းများဖြင့် မသက်သာလျှင် အစားအသောက် နည်းလမ်းကိုသုံးသင့်သည်။ ကြွက်သားများကို လှုံ့ဆော်ပေးနိုင်သော အက်ဆီတိုင်ကိုလင်(Acetylcholine) ဟူသည့် ဒြပ်ပေါင်းတစ်မျိုးရှိသည်။ ယင်းကို မုန်ညင်းနှင့်ချဉ်ဖတ်တွင်ပါဝင်သည့် အက်စစ်ဓာတ်မှ ထုတ်လုပ်ပေးသည်။ လူတိုင်း ချဉ်ဖတ်ကို မကြိုက်ကြသော်လည်း ခြေသလုံးကြွက်တက်ခြင်းမဖြစ်စေရန် ချဉ်ဖတ်နှင့် မုန်ညင်းချဉ်ကို ရွေးချယ်စားသောက်သင့်သည်။
ညဘက်ခြေထောက်ကြွက်တက်ခြင်းက လူကြီးများကို ထိခိုက်စေသည်။ ညဘက်ခြေထောက်ကြွက်တက်ခြင်းက ဆယ်ကျော်သက်များထက် သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများတွင် ပို၍အဖြစ်များတတ်သည်။ သို့သော် ညဘက်ခြေထောက်ကြွက်တက်ခြင်း အများစုသည် မပြင်းထန်ဘဲ ကုသနိုင်သည်။
ညဘက်ခြေထောက်ကြွက်တက်ခြင်းသည် မိမိခြေထောက်တွင် မလိုလားအပ်သောကြွက်တက်ခြင်း သို့မဟုတ် ကျုံ့သွားခြင်းဖြစ်သည်။ အများအားဖြင့် ကြွက်တက်ခြင်းသည် Gastrocnemius ကြွက်သားဟုခေါ်သည့် ခြေသလုံးကြွက်သားများကိုထိခိုက်စေသည်။ သို့သော် တချို့ကိစ္စများတွင် ကွာဒရီဆပ်(Quadriceps) ကြွက်သားများ သို့မဟုတ် ဟမ်းစတင်(Hamstring)ကြွက်သားများဟု သိကြသော နောက်ကြော များတွင်လည်း ထိခိုက်နိုင်သည်။
ညဘက်တွင် ခြေထောက်ကြွက်တက်သည့်အခါ အိပ်မပျော်ဘဲ နိုးလာနိုင်သည်။ အများအားဖြင့် ကြွက်တက်ခြင်းသည် ၁၀ မိနစ် ခန့်အတွင်း အလိုလိုပြေလျော့သွားသော်လည်း အိပ်စက်မှုကိုအနှောင့် အယှက်ပေးနိုင်သည်။ ခြေထောက်ကြွက်တက်ခြင်း ပြေလျော့သွားပြီး နောက် တစ်နေကုန်နီးပါး ခြေထောက်နူးညံ့ခြင်း သို့မဟုတ် နာကျင်ခြင်း ခံစားရနိုင်သည်။
တချို့က အကြောင်းရင်းမသိရဘဲ ခြေသလုံးကြွက်တက်ခြင်းဖြစ် တတ်သည်။ သို့သော် တချို့သောခြေထောက်ကြွက်တက်ခြင်းသည် ရောဂါလက္ခဏာ သို့မဟုတ် အခြေခံကျန်းမာရေးအခြေအနေ နောက် ဆက်တွဲဖြစ်နိုင်သည်။ ထိုသို့ခြေထောက်ကြွက်တက်ခြင်းကို ဒုတိယ ကြွက်တက်ခြင်း(Secondary Cramps)ဟုခေါ်သည်။
မည်သည်ကြောင့်မသိရသော Idiopathic ကြွက်တက်ခြင်း၏ အကြောင်းရင်းအတိအကျကို မသိရသေးပေ။ သို့သော် တချို့သော အချက်များသည် ညဘက်တွင် ခြေထောက်ကြွက်တက်ခြင်းဖြစ်နိုင်ခြေရှိသည်။
အိပ်နေစဉ်ခြေထောက်အနေအထား
မိမိ၏ခြေဖဝါး၊ ခြေချောင်းများနှင့် မိမိခန္ဓာကိုယ်၏ အစိတ်အပိုင်းများကို ဖြန့်ကားအိပ်သင့်သည်။ ကျန်အနေအထားကို Planter Hexing ဟုခေါ်သည်။ ယင်းသည် မိမိ၏ခြေသလုံးကြွက်သားများကို တိုးစေပြီးကြွက်သားများတွင် ကြွက်တက်နိုင်ခြေကိုတိုးစေသည်။
ကြွက်သားများလွန်ကဲစွာအလုပ်လုပ်ခြင်း
လေ့ကျင့်ခန်း အလွန်အကျွံပြုလုပ်ခြင်းသည် ခြေသလုံးကြွက်သားများကို အလုပ်ပိုစေနိုင်ပြီး ကြွက်တက်ခြင်းဖြစ်နိုင်ခြေကိုတိုးစေသည်။
အထိုင်များသောလူနေမှုပုံစံ
မှန်ကန်စွာလုပ်ဆောင်နိုင်ရန်အတွက် မိမိကြွက်သားများကို လုံလောက်စွာ ဆွဲဆန့်ရန်လိုအပ်သည်။ အနေအထားတစ်ခုဖြင့် ကြာရှည်ထိုင်ခြင်းသည် ကြွက်တက်ခြင်းကို ခံနိုင်ရည်ရှိစေသည်။
ကြာရှည်မတ်တတ်ရပ်ခြင်း
လေ့လာမှုအရ အချိန်ကြာမြင့်စွာ မတ်တတ်ရပ်ခြင်းသည် ညဘက်တွင် ခြေထောက်ကြွက်တက်ခြင်းဖြစ်နိုင်ခြေကိုတိုးမြင့်စေသည်။
အရွတ်တိုခြင်း
အရွတ်များသည် မိမိ၏အရိုးများနှင့်ကြွက်သားများကို ချိတ်ဆက်ပေးသည်။ အချိန်ကြာလာသည်နှင့်အမျှ အရွတ်များသည် အလျားတိုသွား တတ်သောကြောင့် ကြွက်တက်ခြင်းဖြစ်နိုင်ခြေများသည်။ ညဘက် ခြေထောက်ကြွက်တက်ခြင်းက အများအားဖြင့် မပြင်းထန်သော်လည်း ယင်းတို့သည် အောက်ပါဆေးဘက်ဆိုင်ရာအခြေအနေများနှင့် ဆက်စပ် နေသည်။
ခြေဖဝါးဖောခြင်း သို့မဟုတ် ကျောရိုးခုံးခြင်း၊ ကိုယ်ဝန်ရှိခြင်း၊ အာရုံကြောဆိုင်ရာအခြေအနေ၊ ကြွက်သားအကြောဆိုင်ရာ အခြေအနေများ၊ ပါကင်ဆန်ရောဂါ၊ ဇီဝဖြစ်ပျက်မှုအခြေအနေ၊ ဆီးဆေး သို့မဟုတ် စတေတင်ကဲ့သို့ဆေးဝါးများ၊ တချို့သောသိုင်းရွိုက် သို့မဟုတ် အသည်း၊ ကျောက်ကပ်ရောဂါကုသဆေးများကြောင့် ကြွက်တက်ခြင်း ဖြစ်တတ်ကြောင်း ကျန်းမာရေး သုတအနေဖြင့် ရေးသားလိုက်ရပါသည်။
